ဆူနာမီနှင့် မြန်မာပြည်
ယခုရက်ပိုင်းအတွင်း Blogspot မြို့တော်၏ တစ်ခုသော နာမည်ကျော် ဘလော့မီဒီယာ တိုက်တစ်ခုမှ ထုတ်ပြန်ကြေငြာလိုက်သော သု တေသန စာတမ်းကြီးတစ်စောင်ကြောင့် ဘလော့မြို့တော်သူမြို့တော်သားများအကြား ပြောမဆုံးပေါင် တောသုံးတောင်၊ အံ့ချီးကုန်နိုင် ဘွယ် သဲသဲလှုပ်မျှ ဝေဖန်လေကန်လျက်ရှိကြပေ၏။
ပြောရလောက်အောင်ပင် အဆိုပါသုတေသနစာတမ်း (သို့) အများပြည်သူတို့ကို တင်ပြသည့် ဆောင်းပါးကြီးမှာ အလွန်တရာမှ စေ့စပ် သေချာပြီး ကာလအတန်ကြာကပင် ဘက်စုံထောင့်စေ့အောင် ပြုစုခဲ့ရဟန်တူ၏။ သေဆုံးပြီးဖြစ်သော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများ ဖြစ်သည့် မစ္စတာအိုင်းစတိုင်းနှင့် မစ္စတာနယူတန် နှစ်ဦး၏ ဦးနှောက်နှစ်ခုရောသမမွှေ၍ ပေါင်းစပ်ကာ အနှစ်တရာခန့် အဖြေရှာသော်လည်း အရိုးဆွေးသွားနိုင်လောက်သည့် အဆိုပါ မြန်မာလိုရေးသားထားသည့် သုတေသနတွေ့ရှိချက်ကြီးအား အနောက်တိုင်း ဘာသာ ရပ်အသီးသီးသို့ပြန်ဆိုပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် ခေတ်သစ် သိပ္ပံပညာရှင်များကို ပေးဖတ်စေသော်၊ အဆိုပါပုဂ္ဂိုလ်ကြီးများကား အိမ်ပစ်၊ ယာပစ် သားမယားပါ စွန့်ခွါပစ်ပြီးသကာလ လူရောစိတ်ပါ သွက်သွက်ခါ ရူးသွားနိုင်၏။
ဆိုရချိမ့်သော်၊ အထက်ပါ သုတေသနဆောင်းပါးကြီးကား ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခုက လောကဓါတ်သိပ္ပံပညာကို အလွဲသုံးစားပြုကာ ကမ္ဘာ့ရာသီဥတုနှင့် ဘူမိဗေဒသဘာဝဖြစ်စဉ်တရားအား ပြုပြင်ပြောင်းလဲ၍ လိုသလိုအသုံးချပြီး လူသားအသက်ပေါင်း သန်းဝက်ခန့် ပမာဏကို အသက်ဇီဝိန်ခြွေပစ်ခဲ့သည့် စင်္ကြာဝဠာလုံးဆိုင်ရာ မဟာ့မဟာ ရာဇ၀တ်မှုကြီးတစ်ခုအကြောင်း ခရေစေ့တွင်းကျ ထုတ် ဖေါ်ပြသခြင်းဖြစ်ပေတော့၏။
ဤကဲ့သို့ ဖေါ်ပြပါ ဘလော့မီဒီယာတိုက်မှ မီဒီယာသမား သုတေသနပညာရှင်ကြီးမှာ ခါးအညောင်းခံ၊ လေးလံလှသော မျက်ခွံအစုံကို ရရာ တုတ်ချောင်း၊ သို့မဟုတ် မီးခြစ်ဆံအချောင်းဖြင့် ဖြစ်သလိုထောက်ခံ၊ မိမိအလုပ်အတွက် ကွန်ပြူတာ၊ မီးအလင်းစသည်တို့အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အားကို အဘယ်မည်သို့ရသည်မသိသော ဒေါ်လာငွေတို့ဖြင့် ၀ယ်ယူအသုံးချကာ ခါနာ မန်းနီးအပြတ်ခံ၊ စသည့် ဖြစ် အခံပေါင်းများစွာဖြင့်ခံကာ ကမ္ဘာ့လူထုသန်းပေါင်းခြောက်ထောင်ကျော်အတွက်၊ အထူးသဖြင့် မြန်မာ့လူထု သန်းပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ခန့်ကို န-အ-ဖ လူသတ်တာ ဘာမှမဟုတ်ပါဘူးဟု မောင်သန်းရွှေနှင့် အဖွဲ့ဝင်တို့အပေါ် မဟာဂရုဏာများ ဆူနာမီအလား အင်အားကြီးစွာ စိမ့်ဝင် ယုံကြည်ထင်မှတ်လာစေရန် အပတ်တကုပ် ကြိုးပမ်းအားထုတ်လျက်ရှိပေတော့၏။
အဆိုပါသုတေသနတွေ့ရှိချက်ကား တရုတ်နွယ်ဖွား မြေနဂါးမင်းနှင့် ဤကမ္ဘာကြီးအားစောင့်ကြပ်လျက်ရှိသည့် ဆိုင်ရာပိုင်ရာ နတ်မင်းအ ပေါင်း မျက်စိများပင် လည်တော်မူသွားရရှာသည့် ဆူနာမီဗုံးပင်တည်း။ ယခုနောက်ဆုံးရရှိသော စက်ရပ်သတင်းအရဆိုလျှင်၊ အဆိုပါ သည်ဂရိတ်အော့(ဖ်) နတ်မင်းအပေါင်းတို့မှာ ဆူနာမီဗုံးဘယ်သူထွင်သလဲဟု အပြင်းအထန်ဆွေးနွေးအဖြေရှာကာ တွေ့သိလျှင်ချက်ချင်း ကမ္ဘာမြေတည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေအရ အဆောတ လျင်အရေးယူနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြကုန်၏။
သို့ပေမင့် အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြင့် ဒေါသနှင့် နှမြောနောင်တ ရှယ်ယာတူ ပူးတွဲခံစားရလျက်ရှိသောသူမှာ ငရဲပြည် ရောက် မစ္စတာအဒေါ့(ဖ်)ဟစ်တလာပင် ဖြစ်တော့သည်တမုံ့။ အကြောင်းကား ဒုတိယကမ္ဘာစစ်အတွင်း ၎င်းသတ်ခဲ့သောဂျူးခြောက်သန်း အတွက် ဓါတ်ငွေ့ဖိုး၊ ကျည်ဆန်ဖိုး၊ ဟိုဖိုးဒီဖိုး စသည်တို့ကို နှမြောလွန်း၍ဖြစ်တော့၏။ ထို့ပြင်တ၀ သူစဉ်းစားမိသည်မှာ ဂျူးခြောက်သန်း ကိုနှစ်နှင့်ချီသတ်ရ၏။ ဂျူးတို့သေကြသလို စင်္ကြာအဖွဲ့ဝင် အရာရှိကြီးငယ်အပေါင်းလည်း၊ သွေးချွေး၊ အသက်ပေါင်းများစွာရင်းရသည်။ ဆူနာမီဗုံးနည်းပညာသာ အနှစ် ငါးဆယ်ခန့်စော၍ ဂျာမန်သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့သော် ကောင်းလေစွဟူလို။ ဂျူးခြောက်သန်းနှင့် တကွ၊ မိမိမတွေ့လိုသော သူအပေါင်းတို့အား နေ့ဝက်စာ ထမင်းကျွေး အအေးတိုက်၍ ကမ်းခြေသို့ နေပူစာလှုံခေါ်၊ ဗုံးခွဲသတ်သော် တစ် လပင်မကြာ မဟုတ်တုံလော။
ထားချေတော့။ 2004 ဒီဇင်ဘာတွင်ပေါ်ပေါက်ခဲ့သော ဆူနာမီစစ်စစ်၊ (သို့) မီဒီယာသုတေသနသမားကြီး ဖေါ်ထုတ်သလို ဆူနာမီဗုံးကြောင့် အရှိန်ပြင်းထန်လှသော ဧရာမလှိုင်းလုံးကြီးတို့ကား အိန္ဒိယသမုဒ္ဒရာကို ခြေကန်၊ မေးတင်လျက်ရှိကြသော နိုင်ငံအပေါင်းတို့အား အချိန်တိုအတွင်း ပြေးဆောင့် ၀င်ရောက် နှုတ်ဆက်ကြကုန်၏။ ဆူနာမီကား ခေသူမဟုတ်ချေ။ အသေအပျောက် အပျက်အစီးတို့သည်၊ မိနစ်ပိုင်းအတွင်း အတက်ကြမ်းလှ၏။ ယင်းအပျက်အစီး အဆုံးအရှုံးတို့၏ ကြီးမားမြင့်တက်လာမှု စာရင်းဇယားကို ဂရပ်(ဖ်)ဆွဲသော်၊ မြန် မာပြည်၏ ကုန်ဈေးနှုန်း ဂရပ်(ဖ်) နှင့် နင်လား ငါလားဟု ပြောရမတတ်ဖြစ်ချေတော့သည်တမုံ့။
သို့ရာတွင်ကား အံ့သြကုန်နိုင်ဘွယ်၊ ဆူနာမီငလျင်လှိုင်းကြောင့် မြန်မာတွေဘာမှမဖြစ်။ အကြောင်းရင်းအခံကို လေ့လာစောင့်ကြည့်သူ ပ ညာ့ပညာရှင်များစွာတို့ကား အမြင်တွေ၊ ကောက်ချက်တွေ၊ ကုန်းချက်တွေ ပြောကြ၊ ဆွေးနွေးကြ၊ ချကြကုန်၏။ တဖန် ဘာသာရေးဘက် မှကြည့်သော် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားသော၊ မင်းကျင့်တရား ဆယ်ပါးမက၊ အပါးတစ်ရာခန့်နှင့် ညီညွတ်စွာ အုပ်ချုပ်မင်းလုပ်ခြင်း ခံယူရပေသော ရွှေမြန်မာနိုင်ငံတော်ပေမို့၊ နတ်ကောင်းနတ်မြတ်၊ တရားကောင်းတရားမြတ်တို့က စောင့်ရှောက်ကြသည်ဟူ၏။ ဤကား န-အ-ဖ အလိုသာဖြစ်ချေသည်။ ကျွန်ုပ်ကား ပိုင်းခြားဝေဖန်ခြင်းငှာ မစွမ်းသာ။
သို့ရာတွင် ဘလော့မီဒီယာတိုက်မှ ထုတ်ဖေါ်ဖွင့်ချသော ဆူနာမီဗုံးလား၊ ဆူနာမီခွက်လားမသိ။ အနှီသကောင့်သားကြောင့် ဖြစ်ပေါ်လာသော ဆူနာမီငရဲလှိုင်းသည်ကား ၂၀၀၄ ခုအကုန်က မြန်မာပြည်အ၀သို့ မုချရောက်လာခဲ့ပေ၏။ မြန်မာပြည်သူများ သတိထားမိစေရန် ကမ္ဘာကျော်သတင်းမီဒီယာဌာနကြီးတစ်ခုမှ ၂၀၀၅ နှစ်ဦးတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ကြော်ငြာခဲ့ပေ၏။ ဆူနာမီလှိုင်းမရောက်လို့ မြန်မာပြည်မပျက်စီး၊ မထိခိုက်ဟု မင်းအစိုးရ၊ ပညာရှင် စသည်ဖြင့် မည်သူက မည်သို့ပင် မြွက်ကြား မှတ်ချက် ပေးသော်ငြားလည်း၊ အ ဆိုပါ သတင်းဌာနမှ လွှင့်ထုတ်ခဲ့သည့်အချက်ကိုတော့ မှန်လောက်ပေသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပေ၏။ စာဖတ်သူများ ယုံ/မယုံကား ကျွန်ုပ် အနေဖြင့် မတတ်နိုင်ချေဟု၊ ဤစာမျက်နှာကပင် တောင်းပန်အောက်ကျို့ စကားဆိုရချိမ့်မည်။ ကျွန်ုပ်ကား ဤစာ၏ အစဦးပိုင်းတွင် ဖေါ်ပြခဲ့သော ဘလော့ဂါ မီဒီယာ သုတေသန သမားကျော်ကဲ့သို့ ပညာဝမ်းစာ မပြည့်ရှာ။ ဇော်ဂျီလက်ကွက်အနည်းငယ်သိပြီး၊ ဆရာ မဒေါ်မေငြိမ်းကျေးဇူးကြောင့် မြန်မာစာလုံး မည်ကဲ့သို့မှန်အောင်ပေါင်းရမည်ကို ကျွန်ုပ်တစ်ဦးတည်းအနေဖြင့် နှမ်းစေ့မျှသာ သိသည်ဖြစ်၍ ဘလော့ရေးနေခြင်းသာ။ အကြောင်းကား ရှည်လွန်းချေပြီ။ ပြန်ဆက်ရသည်ရှိသော် .....
မှန်ပေစွ၊ ၂၀၀၄ ဆူနာမီ လှိုင်းလုံးကြီးတို့ကား တစ်နာရီ ကီလိုမီတာ (၁၆၀) ခန့်ဖြင့် ဘင်္ဂလားပင်လယ်အတွင်း မြောက်ယွန်းယွန်းသို့ ချီ လာ၏။ စစ်ထွက်ခရာသံကား တဝေါဝေါ။ ကျည်သယ်ရန် ပေါ်တာ ပါမပါကား ကျွန်ုပ်မသိ။ အဆိုပါဆူနာမီလှိုင်းတပ်ကား နံနက်ကိုးနာရီ အချိန်ခန့်တွင် ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာတော့၏။ ၂၀၀၄၏ ခရစ်စမတ်ရက်အလွန်ခန့်ဟု ကျွန်ုပ်ရေးတေးတေးမျှသာ မှတ်မိတော့၏။ အတိအကျသိလိုသော် ဆူနာမီဗုံး သုတေသနဖေါ်ထုတ်ရေးသားသူထံ ဆက်သွယ်မေးမြန်းကြပါလေ။ သို့သော်၊ ၎င်းတို့ကိုဆက်သွယ်ရန် လိပ်စာမည်ကဲ့သို့ ရှာရမည်ကို ကျွန်ုပ်မသိ။ စာတမ်းကိုတာဝန်ယူ ထုတ်ဝေဖေါ်ပြသူ ဘလော့မီဒီယာတိုက်၏ ပရ၀ုဏ်တွင်လည်း စိုးစဉ်းမျှ မတွေ့မိ။ ကျွန်ုပ်အထင် တိုက်တည်ရာ ကနေဒါသို့ လူကိုယ်တိုင် သွားရောက်မေးမြန်းမှ ရနိုင်ပေလိမ့်မည်။ ဤကားစကားချပ်။
သီးခံတော်မူကြပါ။ ပြန်ဆက်အံ့။ ရန်ကုန်မြစ်ဝမှ မြောက်ဘက်သို့ဦးတည်၍ အတွင်းပိုင်းသို့ ချေမွဖျက်ဆီးရန် ရောက်လာကြကုန်သော ဧ ရာမ လှိုင်းလုံးတို့သည်ကား မမျှော်လင့်ပဲ ခုခံမှုနှင့်တွေ့ရလေတော့သည်။ တခြားမဟုတ်။ မြစ်ဝတွင် စောင့်နေသော ဧရာမ ငါးကြီးနှစ် ကောင်ဦးဆောင်သာ ငါးတပ်ကြီးပင်။ ဦးဆောင်ငါးကြီးနှစ်ကောင်ကား ဆူဖြိုးလှပေတော့၏။ စိတ်ဆိုးဒေါသထွက်နေသော ဆူနာမီကား ဦး ဆောင်ငါးကြီးနှစ်ကောင်အား စတင်မေးမြန်းတော့၏။
“ အသင်တို့ကား ရာရာ စစ၊ ငါဆူနာမီကို အဘယ်သို့မှတ်နေသနည်း။ ဖယ်လော့၊ ရှားလော့၊ အချိန်နှောင်းပါက အသင်တို့ ခေါင်းနဲ့ အမြီး အိုးစားကွဲလတ္တံ့..။ ”
ကြောက်ပင်ကြောက်သော်ငြား အကြောင်းအရင်းကို သိလိုသော ဦးဆောင်ငါးကြီးက ဤသို့ပြန်လှန်မေးခွန်းထုတ်၏။
“ အဘယ်အကြောင်းကြောင့် အသင်တို့ ဤမြန်မာပြည်ကို ရောက်လာရသနည်း။ သင်တို့ အကျိုးတစ်စုံတရာရရန် ငါမမြင်၊ သိခွင့်ရှိက သိ လိုလှပေသည် အသင်ဆူနာမီ.. ”
သို့ဖြင့် ဆူနာမီကဖြန်ဖြေသည်။
“ အသင်တို့ တကယ်ပင် မသိလေသလော၊ ငါဆူနာမီရောက်ရာအရပ်ကား မည်သည့်အရာမှ ကျန်ရိုးထုံးစံမရှိ၊ ယခုပင် ဖူးခက် မွမွကြေပြီ၊ သင်တို့အလှည့်ကား တမဟုတ်ချင်းရောက်တော့အံ့..၊ အသင်သာဖယ်ရှားပေတော့ .. သင်တို့တိုင်းပြည်ကား ငါ့အစွမ်းကြောင့် မုချပျက်စီး ပေတော့မည် ... ”
“ အို .. အသင်ဆူနာမီ..၊ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီကော၊ အသင်နောက်ကျခဲ့သည်မှာ အနှစ်လေးဆယ်ကျော်၊ ငါးဆယ်ရှိပြီ။ ဤတိုင်းပြည်ကား သင်ဖျက်ဆီးရန်ဘာမှမကျန်၊ ငါ့နောင်တော် လက်ထက်မှစပြီး ယခုအချိန်ထိ ငါတို့ကိုယ်တိုင်ပဲ ဖျက်ဆီး၍ ရစရာမကျန်၊ အို..အသင်ဆူနာမီ..၊ သင့်စွမ်းအားကို အကျိုးမဲ့မဖြစ်စေလင့်..၊ သင်ကြားဖူးပြီးဖြစ်ပေလိမ့်မည်..၊ ယခုသင့်ရှေ့တွင်တွေ့နေရသည့် ကျွန်ုပ် တို့ ခေါင်းဆောင်ငါးနှစ်ဦးကား ငရွှေနှင့် ငမန်းသာဖြစ်တော့၏။ အသင်လှည့်ပြန်သွားခြင်းသာ အကောင်းဆုံးဖြစ်ပေအံ့..။ ”
မှန်ပေစွ၊ ကျွန်ုပ်ဆိုခဲ့ပြီးပါပြီ။ အဘယ်သို့သော ပညာရှင်တို့က မည်သို့ပင်ဆိုစေကာမူ ၂၀၀၄ ဆူနာမီကား သူ့ထက်ဆိုးလှသော ငါးရွှေနှင့် ငါးမန်းကို ကြောက်ရွံ့လေးစားလှသဖြင့် ရန်ကုန်မြစ်ဝကပင် လှည့်ပြန်သွားတော့၏။ မြန်မာပြည်သားများသိစေရန် တစ်ချိန်ကထုတ်ပြန် ကြေငြာခဲ့ဖူးသော ဆူနာမီနှင့် မြန်မာပြည် သုတေသနစာတမ်းကြီးအား ကျွန်ုပ်မှ တဖန်ပြန်၍ စက်တင်ပုံနှိပ် (အဲဗျာ.. ယောင်လို့..) ကီးဘုတ် လက်တင် ဘလော့ဂင် လုပ်ခြင်းသာဖြစ်ပေတော့သတည်း။ ။

Read more...