Wednesday, November 7, 2007

ပြောချင်လွန်းလို့ (၉)

ပြောချင်သေးတဲ့အကြောင်းတွေ လျှာထပ်ရှည်ပါမယ်။ မော်စကိုမှာစာသင်ရတဲ့အကြောင်း၊ ဟောင်းလောင်းအိုးပင်းသဘောပေါ့။ တစ် ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုမော်စကိုမှာလည်းပုံစံကွဲလေးတွေရှိတယ်ခင်ဗျ။ ဘယ်လိုကွဲကြတာလဲဆိုတာ ခုချိန်ကစ လို့လက်အညောင်းခံပါတော့မယ်။ သီးခံတော်မူကြပါ။

မော်စကိုရောက် ဗြောက်သောက်ပညာရေးကို တရေးနိုးလို့ယောင်ပြီးထပြောတာတော့မဟုတ်ဘူး။ ဆွေးနွေးတာလည်းမဟုတ်ဘူး။ ယ ပက်လက်တို့၊ စလုံးတို့၊ စိန့်တိုင်းတို့ မဇ္ဈိမတို့၊ ပြီးတော့အနောက်တို့မှာတစ်ခါမှပညာသွားသင်ဖူးတာမဟုတ်တော့၊ နှိုင်းပြ၊ ထောက်ပြပြီး ဝေဖန် လေကန်နိုင်တဲ့အားအင်လည်းမရှိဘူး။ ဂျီတော့နဲ့ဖိုရမ်တွေမှာ အပျိုအသံရှာလို့ ပါးစပ်ဆော့ကြွားတဲ့၊ တောသားပညာသင်ရပုံလေး တွေကို မခြွင်းမချန်၊ အရင်းခံလေးနဲ့ပြောတာပါ။

ပညာတော်သင်လာတဲ့နိုင်ငံတော်သားကောင်းများရဲ့ အတိတ်ရာဇ၀င်တော်ကို လှန်တော်မူလိုက်ကြမယ်ဆိုရင်ဒီလိုရှိပါတယ်။ အစိုးရက တော့တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး၊ သွေးထိုးနဘမ်အုပ်ပြီးလွှတ်ထည့်လိုက်တာပဲ။ (နို့မို့ ရှေ့တန်းကြွလို့ ပြန်လမ်းမလှဖြစ်ချင်ဖြစ်မဲ့အ တူတူ) လာခဲ့ကြတာပေါ့။ နဲနဲနောနောအုပ်စုမဟုတ်၊ လေယာဉ်တစ်စီးစာ၊ (အဲယားပုဂံကလေယာဉ်မဟုတ်)။ ရုရှားသွားကြတာပြောတာ နော်။ အဲ .. မလာခင်ကျောင်းသားတစ်ဦးချင်းက သူရခဲ့တဲ့ဘွဲ့နဲ့ဆိုင်မဲ့၊ ဒါမှမဟုတ်၊သူစိတ်ဝင်စားတဲ့ဘာသာရပ်ကို သူကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ခွင့်မရှိပဲ၊ ကျောင်းတော်ကြီးကို ရောက်ခဲ့ရတယ်ဆိုတဲ့တလွဲကိစ္စနဲ့ စရမှာပဲ။ ထုံးစံအတိုင်းအားလုံးမဟုတ်ဆိုတာကိုတော့ ပြောချင် ပါတယ်ခင်ဗျ။ လွဲတာကအများကြီး၊ တည့်တာတော့နည်းနည်းလေးရယ်။

ဆိုလိုချင်တာက ကျောင်းသားတစ်ဦးဟာ Chemistry အထူးပြုနဲ့ဘွဲ့ရခဲ့တယ်ဆိုပါတော့။ ဖြစ်သင့်တာပြောရရင်နောက်ဆက်မဲ့ သူ့ပညာ ရေးဟာ Chemistry နယ်ပယ်မှာပဲမဟုတ်လား။ ခြွင်းချက်တော့အများကြီးရှိမှာပေါ့လေ။ ဒီခေတ်ကြီးကလည်း Pure Chemistry , Pure Physics လို့ပြောရခက်တာကိုး။ ဒါပေမယ့် Chemistry ဘွဲ့ရတဲ့ကျောင်သားက Rocket Design အထူးပြုနဲ့ မဟာသင်တန်းဆက်တက် ရမယ်ဆိုတော့ ဘယ်နှယ့်လုပ်မတုန်း။ ညံ့တယ်ပဲပြောပြော၊ နုံတယ်ပဲဆိုဆို၊ ကြားရတာနဲ့ဖျားချင်တယ်။ အဲဒီရော့ကက်ကြီးအတွက် Fuel ကိစ္စဆိုရင်ဟုတ်ဦးမယ်။ Design ဆိုတော့၊ ကျွန်တော်မျိုးတအားညံ့ပါတယ်ခင်ဗျာ။ ပျင်းလဲပျင်းသေး၊ သစ်သားနဲ့သံချောင်း ဂဟေ ပေါင်း ဆက်ဖို့တော့ လောလောဆယ်မကြိုးစားချင်ဘူး။ အချိန်ကအရေးကြီးတယ်။ တိုင်းပြည်ကြီးက နောက်ကျကျန်နေခဲ့တာ၊ နောက်ဘုရား ပွင့်တောင် ထိုင်းကိုမှီပါ့မလားမသေချာလို့ပါ၊ စက်မှုစွမ်းအား၊ ခွကျော်စားနေတာနဲ့တင် နိုင်ငံတော်ရဲ့ဘက်ဂီယာတောင်ကောင်းလွန်လွန်း နေပြီ။ အဲ .. လျှာခလုတ်တိုက်သွားလို့ ..၊ ခုနကဟာပြောတာပါ။ နောက်ထပ်လွဲတယ်လို့ထင်တာလေးတွေပါ။ Chemistry ပဲ။ ဆက်တက် ရမှာက Semi-Conductor Production ။ နဲနဲတော့ဆိုင်မှာပါ။ Law နဲ့ MBA ဆက်မတက်ခိုင်းလို့တော်သေးတယ်။ ဘာပဲပြောပြော၊ ချီး ကျူးရမှာ။ ဘယ်သူမှမလုပ်နိုင်တာကိုလုပ်နေလို့။ ဖြစ်သွားမှာပါ။ အနာဂတ်တစ်ဂတ်မှာပေါ့။ မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိတယ် ဆို လို့လေ။

ဟုတ်ပြီ။ ငြင်းလို့မှမရဘဲ။ အထက်ကလာတဲ့ အမိန့်၊ ဘုရားတောင်အတုလို့ ပြောသင့်ပြောရမှာပေါ့။ အရင်တုန်းကကိုယ့်တိုင်းပြည်မှာ အ ဆင့်မြင့်ပညာရပ်တွေကို နိုင်ငံတကာလယ်ဗယ်အတိုင်း ပယ်ပယ်နယ်နယ်သင်ခဲ့ဖူးတာပဲ။ ကြေပြီးသားပေါ့၊ မိုက်ခရိုကော်ပီတွေပြောတာ။ ဘာဖြစ်လဲ၊ ဘာမှဖြစ်ဘူး။ ဒီရောက်တော့အေးဆေး၊ ဖြစ်နိုင်ရင်ကလေးမွေး၊သူများတောင်အလကားပေးပစ်လို့ရသေး။ နင်လားဟဲ့ရုစကီး၊ နင်လားဟဲ့၊ အိပ်ခ်ဇမ်။ အောင်တာပဲ။ ဗော့ဒ်ကာတောင်ရေရောသောက်ရသေးတယ်။ စာမေးပွဲကတော့အောင်ပြီးသား။ အောင်မှာပေါ့။ ရု ရှားတက္ကသိုလ်တွေက ဒို့ရွှေတွေအတွက် စပယ်ရှယ်သင်ရိုးညွှန်းတမ်း ပြန်ဆွဲထားတာကိုး။ မယုံမရှိနဲ့၊ ရုစကီးဒရု(ဂ်) ကပြောတယ်။ မပူနဲ့ တဲ့။ သူတို့ကပိုသိတယ်။ ဘာလို့လဲ၊ သူတို့မေးလို့လေ၊ သူတို့ဆရာတွေကို သူတို့လျှာရှည်ပြီးမေးတော့၊ သူတို့သိတာပေါ့။ သူနဲ့မြန်မာတစ် ဦး အဆင့်တူပညာသင်တာပဲ။ ဆရာကလည်းအတန်းထဲ အတူတူသင်ပေးတာပဲ၊ စာမေးပွဲဖြေတော့ အမှတ်ပေးတာမတူတော့ဘူး။ မြန်မာ တွကိုလျှော့လျှော့ပေါ့ပေါ့လေးပေါ့။ ရုစကီးအချင်းချင်းကိုတော့ ဘယ်ရမလဲ။ ဘာပဲပြောပြော တို့မြန်မာတွေမျက်နှာကြီးတယ်နော့၊ တစ်ခုတော့တစ်ခုခုပဲ။

နောက်တစ်မျိုးရှိသေးတယ်။ ထုံးတမ်းယဉ်ကျေးမှုတွေ ပျံ့နှံ့အောင်ဆောင်ရွက်နိုင်တဲ့သဘောပါ။ မကြာခင်နှစ်ကူးတော့မယ်။ ရုစကီးတွေ ကရိုးရိုးတစ်ရက်တည်းမကူးဘူး။ တစ်ပါတ်လောက်ကိုကူးပစ်တာ၊ ကျောင်းတွေပိတ်၊ ပွဲတွေလုပ်ပျော်စရာကြီးပေါ့။ ဒါပေမယ့်အရှင်းတော့ လည်းမဟုတ်ပြန်။ ပြီးရင်စာမေးပွဲတွေလာမှာကိုး။ အဲဒီတော့ အချိန်နဲ့အခါကိုအကျိုးရှိရှိ အသုံးချကြတာပေါ့။ စာကျက်တာပြောတာပါ။ စာ လည်းကျက်တယ်။ ဆရာဆရာမတွေ၊ ကျောင်းအာဏာပိုင်တွေ၊ အဆောင်ကော်မတီလူကြီးတွေ၊ ဘာတွေညာတွေကို၊ ဘာဘာညာညာ လေးတွေလက်ဆောင်ပေးကြတာ။ ၀ိုင်ပုလင်းတန်ဝိုင်ပုလင်း၊ ဗော်(ဒ်)ကာတန်ဗော်(ဒ်)ကာ၊ ပန်းတန်ပန်းပေါ့။ ဟိုတုန်းကဆိုဆရာတွေ မျက်လုံးပြူးသတဲ့။ အဲဒီယဉ်ကျေးမှုပြောတာပါ။ ရုရှားတွေကမရိုင်းတတ်ပါဘူး။ ဒါ သူတို့မှာလည်းရှိကြတာပဲ။ မေတ္တာနဲ့လာတာကိုမေတ္တာ နဲ့ပဲတုန့်ပြန်ကြတာပေါ့။ ကောင်းတဲ့အပြုအမူပဲ။ အဖွဲ့လိုက်ပေးကြသလို၊ ကျောင်းသားတစ်ဦးချင်းစီလည်း ကိုယ့်ဆိုင်ရာဆရာတွေ၊ ကြီး ကြပ်သူပရော်ဖက်ဆာတွေကိုပေးကြတာပဲ။ တတ်နိုင်သလောက်ပေါ့။ “ ပေးကမ်းခြင်းသည်အောင်မြင်ရာ၏ ” ဆိုလားမသိဘူး။

အင်း..စာမေးပွဲဖြေတော့မဲ့အဆင့်ရောက်သွားတယ်။ သင်တန်းတွေတက်ရတာမပြောရသေးဘူး။ ဒါကလည်း ကွဲပြားသဗျ။ သိသလောက် ပေါ့။ တက္ကသိုလ်ကြီးတွေမှာ ဌာနလေးတွေအားလုံးပေါင်းစုထားပြီး၊ အဲဒီတူရာဌာနတွေအပေါ်မှာမှမဟာဌာနဆိုတာရှိတယ်မဟုတ်လား။ မဟာဌာနကြီးတွေအားလုံးပေါင်းပြီး တက္ကသိုလ်တစ်ခုဖွဲ့စည်ထားတယ်လို့ယေဘုယျပြောရမှာပေါ့။ ကမ္ဘာတစ်ဝှမ်းအဲလိုပဲနဲ့တူပါတယ်။ မြန်မာလည်းအဲလိုပဲဗျ။ မတူတာလေးကတော့၊ မဟာဌာနတွေပြန့်ကျဲနေလို့ဖြစ်မှာပါ။ ဥပမာ၊ စီးပွားရေးမဟာဌာန(ရန်ကုန်)၊ (မန္တလေး)၊ (မုံရွာ)၊ (ဇီးကုန်း)၊ (ပိန္နဲကုန်း)၊ (ရှောက်ပင်ကုန်း)၊ (ထန်းပင်ကုန်း)၊ အဲ .. အဲသလိုပေါ့ဗျာ။

ပြန်ဆက်မယ်။ အဲဒီတော့ကျောင်းသားတစ်ဦး၊ (ဒါမှမဟုတ်) တစ်ဦးထက်ပိုတဲ့အစုအဖွဲ့တစ်ခုက ဌာနတစ်ခုကိုရောက်သွားတယ်ဆိုပါ တော့။ သူတို့သင်ယူရမဲ့ဘာသာရပ်နဲ့ဆိုင်တာပြောတာပါ။ တကယ်လို့ ကျောင်းသားတစ်ဦးတည်းကဌာနတစ်ခုထဲကိုရောက်သွားတယ်ဆို ရင်၊ များသောအားဖြင့် Professor ကသူ့တစ်ယောက်တည်းကို သပ်သပ်အချိန်မပေးတော့ဘူး။ ဆိုလိုတာအုပ်စုတူတခြားမြန်မာမဟုတ် တဲ့ ကျောင်းသားတွေ၊အုပ်စုတွေနဲ့ရောထည့်ပစ်လိုက်တာ။ ရုရှားဖြစ်ချင်ဖြစ်မယ်။ တခြားနိုင်ငံခြားသားတွေဖြစ်ရင်ဖြစ်မယ်ပေါ့။ ဒါအစော ပိုင်းနှစ်တွေမှာပြောတာ။ သူဘွဲ့ယူမဲ့ခေါင်းစဉ်အရ၊ သင်ရမဲ့ဘာသာရပ်မှန်သမျှကို၊ Class မရွေးပဲလိုက်သင်ရတာ။ သဘာဝတော့ ကျပါ တယ်။ အတန်းမြင့်လာတော့မှ လိုအပ်တာကို ကြီးကြပ်သူဆရာက အချိန်ပေးတော့တာ။ အဲဒီမှာကြုံတွေ့ရတဲ့အခက်အခဲကတော့ ရုရှား ဘာသာစကားပေါ့။ ဘယ်ပရော်ဖက်ဆာကမှ မြန်မာရော၊ တခြားနိုင်ငံခြားသားတွေကိုရော၊ သနားလို့ဆိုပြီး အင်္ဂလိပ်လိုသင်မပေးဘူး။ ဒီနေရာမှာ ထုံးစံအတိုင်းခြွင်းချက်လေးတွေတော့ရှိတာပေါ့။ တက္ကသိုလ်ချင်းဖလှယ်တဲ့ အစီအစဉ်အရ သုတေသနလာလုပ်တဲ့၊ ပါရဂူဘွဲ့ ယူမဲ့ အဖြူကောင်တချို့ကို အင်္ဂလိပ်လိုသင်ပေးတာတွေ၊ ဆွေးနွေးတာတွေတော့တွေ့ဖူး၊ ကြားဖူးတယ်။ များသောအားဖြင့်ရုရှားတွေသူ့ အမျိုးသားဘာသာစကားပဲပြောတယ်။ ပူတင်တောင် ကုလမှာရုစကီးလိုပဲမှုတ်တာ။ သူမှမဟုတ်ပါဘူး။ ဆာကိုဇီတို့လည်းဒီလိုပဲ။ ကိုယ့် စကားပဲကိုယ်ပြောတာပဲ။ ဗိုလ်ဥာဏ်ဝင်းတို့ခင်မျာသာ၊ အနောက်ကို အလကားထိုင်ဆဲနေပေမယ့်၊ မတတ်ကတတ်ကအီးလိုမှုတ်နေရ တာပဲ။ ကြီးမားလိုက်တဲ့ ဂုဏ်သိက္ခာ။

လျှာလည်သွားပြန်ပြီ။ ဆိုတော့ ..မြန်မာကျောင်းသားတွေဟာ ရုရှားဘာသာကိုအချိန်လုံလုံလောက်လောက်မသင်ခဲ့ရတဲ့အပြင် ရုရှားလို သာအားပြုသင်တဲ့ ပရောဖက်ဆာတွေနဲ့တွေ့တဲ့အခါလည်ကုန်ကြတာပဲ။ အတော်အတန်ကောင်းတဲ့ကျောင်းသားတွေရှိကြပါတယ်။ နည်း တယ်ဗျ။ အများစုဖြစ်နေကြတာပြောတာပါ။ ထားလိုက်ပါ။ ကိုယ့်မိခင်စကားမဟုတ်တာကိုး။ တကယ်လုပ်ကြပြီဟေ့၊ စာသင်ကြပြီဟေ့ ဆို ရင်ရာနှုန်းပြည့်နားမလည်နိုင်ကြတော့ဘဲ ဆရာလုပ်တဲ့သူရှေ့ကနေ ဘာပြောလို့ပြောမှန်းမသိကြတော့ဘူး။ ဆရာ့အနေနဲ့ကတော့သူ့တ ပည့်တွေဟာ ရုရှားဘာသာသင်ယူတတ်မြောက်ပြီး၊ ကောင်းကောင်းနားလည်ပြီးလို့ယူဆထားတာကိုး။ ယူဆမယ်ဆိုလည်း ယူဆနိုင်ပါ တယ်။ သူတို့နိုင်ငံခြားသားကျောင်းသားတွေကို သင်ကြားပို့ချတဲ့အတွေ့အကြုံအရ အားလုံးကလည်း အဆင်ပြေချောမွေ့ခဲ့ကြတာပဲလေ။ မြန်မာနဲ့တွေ့တော့မှ ပရော်ဖက်ဆာတွေလည်း မျက်စိလည်ကုန်ကြတာ။ ဒါတောင်မှ အခြေခံသင်ခဲ့ကတည်းက မိမိရှေ့ဆက်ရမဲ့ အထူး ပြုဘာသာရပ်နဲ့ဆိုင်တဲ့ Term တွေအားလုံးနီးပါးသင်ပေးလိုက်ပြီးသား။ ဆိုခဲ့သလို၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုအနည်းအများ၊ အချိန်၊ စတာတွေကြောင့်၊ ထင်သလောက်မပေါက်ပါဗျာ။ မဟုတ်ဘူးငြင်းချင်လည်း (Doyouhaveanyproof.blogspot.com) ဆိုပြီးရေးပေတော့။ ပရိတ်သတ်များလည်းသိကြတာပေါ့။ နို့မို့လျှောက်ရေးနေတယ်ထင်နေဦးမယ်။

ရုရှားဆရာတော်တော်များများကပြောတယ်။ မြန်မာတွေကိုသင်ရတဲ့ Planကသီးသန့်လိုဖြစ်နေသလိုပဲပေါ့။ သနားတယ်သူတို့ကို။အမှန်က ဖြစ်နေသလိုမဟုတ်ဘူး။ ဖြစ်ကိုဖြစ်နေတာ။ ရုစကီးကောင်းကောင်းတတ်ဖို့ ပုံမှန်အနေအထားနဲ့ အနဲဆုံး (၅) နှစ်လောက်ရင်းရတယ်။တစ် နေ့ဘယ်နှစ်နာရီသင်၊ ကျောင်းသားက ကိုယ်ပိုင်စာကြည့်ချိန်ဘယ်လောက်ယူရလို့၊ ဘယ်အချိန်မှာ ဘယ်လိုစာမေးပွဲကို၊ ဘယ်လိုသတ် မှတ်ချက်စည်းမျဉ်းစည်းကမ်းအတိုင်းဖြေမှ၊ အဆင့်မီအောင်မြင်တယ်လို့ သုတေသနလုပ်ထားတာအများကြီး။ တခြားနိုင်ငံကတော့ မသိ ဘူး။ မြန်မာတွေအတွက်ကတော့ ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်သလိုဖြစ်နေတယ်။ ကုန်ပေရော့ပိုက်ပိုက်တွေ။ ရင်းသလောက် တော့ပြန်ရမယ်မထင်ပေါင်။ အင်းလေ.. မစ္စတာပူတင်ကြီးကလည်း မြန်မာတွေအတွက် ဘယ်လိုပေါ်လစီတွေချမှတ်ထားလဲမှမသိတာကိုး။
ပြောရင်းနဲ့ရှုပ်ကုန်ပြီ။ အဲဒီတော့ဘယ်လိုလုပ်ရမလဲ။ နဂိုကမှကိုယ့်ဆီက “၀လုံးတန်းပညာရေး” နဲ့၊ တခါ..ကျွန်တော်တို့ဟာ အင်ဂျင်နီယာ တွေပါလို့ လိမ်ညာစာသင်နေရတဲ့ ခင်မျာတို့ .. ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့။

တကယ်လို့ မြန်မာကျောင်းသားတွေဟာ အုပ်စုလိုက်ဆိုရင်တော့တစ်မျိုး။ မျက်စိလည်မသွားနဲ့ဦး။ ဌာနတစ်ခုတည်းရောက်သွားတာကို ဆိုလိုတာ။ သုံးလေးယောက်ပဲထားပါတော့။ အဲသလိုဆိုရင်ဌာနကနေပြီးတော့ Group လေးတစ်ခုဖွဲ့။ Class တစ်ခုအနေနဲ့သီးသီးသန့် သန့်လေးသင်ပေးနိုင်တာပေါ့လေ။ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအပြင် လိုအပ်မယ်ထင်တဲ့ Subject လေးတွေ၊ ပြီးတော့ကျောင်း သားတွေ အောက်သက်မကြေဘူးထင်ရတဲ့ ဘာသာရပ်တွေကို စီစဉ်ပြီးသင်ပေးတယ်ခင်ဗျ။ အဲလိုမျိုးကျတော့ အကြိုက်ပေါ့ဗျာ။ နဲနဲတည် ငြိမ်တယ်ပေါ့။ တစ်ဦးမသိတာ၊ မလိုက်နိုင်တာကို အချင်းချင်းဖေးမလို့ စုစုစည်းစည်းလေးနဲ့ Professor တွေကိုလက်တို့မေးလို့အဆင်ပြေ တယ်။ မကောင်းတာက တခြားနိုင်ငံခြားသားတွေ၊ ရုရှားကျောင်းသားတွေနဲ့ ထိတွေ့ခွင့်မရတာပဲ။ အဲဒါကလည်း အခြေအနေအရသိပ် တော့လည်း မလိုအပ်ပါဘူး။ ရုရှားဘာသာစကားပိုအားနည်းတာ၊ တခြားကျောင်းသားတွေနဲ့မရောရတော့ အပြောစွမ်းရည်၊ အကြားစွမ်း ရည်အားနဲတာ၊ ဒါတွေတော့ကြုံရတာပေါ့။ ကိုယ့်အုပ်စုနဲ့ကိုယ်ကျတော့ ဆရာက အဆင့်ချပြီးတော့ တပည့်တွေနားလည်အောင်ပြောမယ်၊ သင်မယ်၊ ဒါပါပဲ။ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်မို့ အကယ်ဒမီချိန်စရာမလိုတော့ဘူး။ မေးစရာကတော့ တကယ့်အဆင့်မီမီတတ်သွားရဲ့လား ဆိုတာပဲ။ တစ်ဦးချင်းရော၊ အုပ်စုလိုက်ချင်းရော၊ အားနည်းချက်တွေနဲ့မို့လို့ ကိုယ်တတ်မတတ်ဆိုတာ၊ ခုနေတော့ဟုတ်နေတာပဲ။ တကယ် မောင်းကြပြီဟေ့ဆိုရင်၊ လှေဝမ်းကွဲကြီးဖာဖို့ ပွဲညက်ရှာနေရတာနဲ့တင် ဆိပ်ကမ်းကခွာတော်မမူနိုင်တဲ့နိုင်ငံတော်ပညာရှင်များဘ၀ကို နဲနဲ လေးတော့ အိုးပင်းဟောင်းလောင်း၊ ပြောချင်ကြောင်းပါခင်ဗျာ။ ။

(၁) ရုစကီး (adj) = ရုရှားနှင့်သက်ဆိုင်သော
(၂) ရုစကီး (Noun) = ရုရှားလူမျိုး
(၃) ဒရု(ဂ်) (Noun) = သူငယ်ချင်း
အထက်ပါ နံပါတ် (၁) နှင့် (၂) နှစ်မျိုးမှာ အသံထွက်တူသော်လည်း နောက်ဆက်စာလုံး ကွဲပြားပါသည်။

2 comments:

Anonymous said...

ကိုလျှာရှည်ရေ ခင်ဗျားဆီပို့လို့ရမယ့်မေးလ် မတွေ့လို့ ဒီမှာပဲတင်ပေးလိုက်တယ်..
ကဗျားလေးတစ်ပုပုပါပါ...ရုရှားကအကြောင်းလေးပေါ့....

အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မ လျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…။ ..... လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တနေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။

Anonymous said...

လာလည်ပါတယ်ခမျ ပို့စ် သစ်တတ်တာတောင်မသိလိုက်ဘူး.. ဂွတ်ပ
အထက်က ဆရာအနောနီးမတ်စ်ရဲ့ ကဗျာကလဲ မှတ်သားလောက်ပါပေ့