Monday, August 11, 2008

လူချွန်လူကောင်း

ဂီတဟာ လူ့စိတ်ကို အဖမ်းစားနိုင်ဆုံး၊ အထိမ်းချုပ်နိုင်ဆုံး အနုပညာတရပ်လို့ ကျွန်တော်ပြောရင် တော်တော်များများက လက်ခံနိုင်လိမ့် မယ် ထင်ပါတယ်။ သက်ရှိ သတ္တ၀ါတွေထဲမှာမှ အဆင့်အမြင့်ဆုံးသော လူသားတမျိုးသာလျှင် သိမ်မွေ့ဆန်းကြယ်လွန်းလှတဲ့ ဂီတဆိုသော အနုပညာကို နားလည် ခံစားနိုင်ပါတယ်။ ဒီနေရာမှာ တချို့တရိစ္ဆာန်တွေလည်း တေးဂီတကို နားထောင်တတ်တာပဲလို့တော့ ကပ်ဖဲ့ မပြောကြပါနဲ့ခင်ဗျ။ မြွေဆိုရင် ပုလွေသံကြားတော့ ပါးပျဉ်းထောင်ပြီး ယိမ်းတောင် ကလိုက်သေးတယ်ဆိုတာလိုမျိုးပေါ့။ သူဟာနားရှိလို့ ကြားတာမျိုးမဟုတ်ပဲ၊ အလမ္ပါယ်ဆရာက ရှေ့ကနေ ဦးဆောင်လှုပ်ရှား ခေါ်ယူသွားတာမို့၊ မြွေက ရိုးတိုးရိပ်တိတ်နဲ့ ပလွေသံဖမ်း အီးရှူ၊ (မှားလို့) ယောင်တောင်ကန်း လုပ်နေတာမျိုးသာလို့ ကြားဖူးပါတယ်။ မဟုတ်ရင် ပြင်ပြောပေးကြပါ။ ပုလွေသံကြားလို့ လိုက်နားထောင်တာ၊ ကတာမဟုတ်ပဲ သူမကျေနပ်လို့ သောက်မြင်ကပ်လာရင်တော့ ခွပ်ကနဲတောင် ပေါက်ချတတ်တယ်တဲ့ဗျ။ ဆိုတော့ .. လူမှမဟုတ်ဘူး တခြား သတ္တ၀ါတွေလည်း အဲဒီတေးဂီတဆိုတဲ့ အနုပညာနောက် ကောက်ကောက်ပါအောင် လိုက်တတ်ပါတယ်လို့ ဆင်ခြေကန်ပြီး ပြောမယ် ဆိုလည်း ကျွန်တော်ကတော့ ခုလို ထပ်ကွန့်လိုက်ချင်ပါတယ်။

“နားထောင်တတ်လည်း သူတို့ သီချင်းတော့ စပ်တတ်မယ်မထင်ပါဘူးဗျာ ..” လို့ပါ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ ဒီအကောင်တွေနဲ့ သိပ်မဆိုင်ပါဘူး။ ပထမတစ်ချက်က လူသားတွေဟာ ဒီတေးဂီတ အနုအညာကို ဟိုးရှေးဦးမဆွ တစစ တိုးတက်ပြောင်းလဲလာတဲ့ ယဉ် ကျေးမှု အလိုက် ပုံစံအမျိုးမျိုး ခံစားလာကြတယ်။ ဒုတိယအချက်က တေးဂီတကို ဖန်တီးဖွဲ့စည်းပေးတဲ့ တေးပြုစာဆို အကျော်အမော် တွေဟာ သူတို့ကိုယ်တိုင် ခံစားချက်အရ ရင်ဘတ်ထဲကနေ အလိုလိုပေါ်ပေါက် ထုတ်လုပ်လာကြသည်ဖြစ်စေ၊ သီချင်း ဂီတကို ခံစားသူ လူသားတွေအတွက် ခေတ်ခါ အခြေအနေအရ ဖန်တီးပေးရသည် ဖြစ်စေပေါ့လေ၊ သီချင်း၊ ဂီတဆိုတာ လူသားအားလုံး အပေါ်မှာ အင်မတန်မှ သက်ရောက်မှုအား ကြီးမားတယ်ဆိုချင်တာပါ။ ဟိုတုန်းက နန်းတွင်းမှာ စောင်းလေးနဲ့ (ခေါင်းအုံးပါ ပါရင်ပါမှာပေါ့) ဖျော်ဖြေ ကြရတဲ့ ရှေးခေတ် သီချင်းကြီး သီချင်းခန့်မှသည် အခု လူငယ်တွေအကြိုက် ဟစ်ဟော့အထိ ဂီတ၊ သီချင်းဆိုတာဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အ ကြောင်းအရာနဲ့ အမျိုးအစားစုံလင်စွာပဲ လူသားတွေကို အချိန်ကာလအလျောက် လွှမ်းမိုးခဲ့၊ လွှမ်းမိုးနေကြဆဲ မဟုတ်လား။ သီချင်း နား ထောင်လွန်ပြီးတော့ သွေးတိုးတက် သေသွားတာမျိုး မရှိသလောက်ရှားပေမယ့်၊ သီချင်းကြောင့် စိတ်ဓါတ်နူးညံ့ပျော့ပျောင်းသွားတာ၊ စိတ်ဓါတ်အင်အား တိုးတက်လာစေတာ၊ ကြမ်းတမ်းခက်ထန်လာစေတာ၊ စိတ်ညစ်ညူးမိစေတာ စသည်ဖြင့် စိတ်ဓါတ်၊ ခံစားချက်တို့ကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ သီချင်းဟာ လက်နက်တစ်ခုလိုလည်း စွမ်းဆောင်နိုင်ပါတယ်။ အသိသာဆုံးကတော့ တခြားသွားမကြည့်ပါနဲ့။ မြန်မာ့အသံနဲ့ ရုပ် မြင်သံကြား ချယ်နယ်အားလုံးမှာ ဘယ်အချိန်ကောက်ဖွင့်ဖွင့် ခွေးစစ်စစ်တွေကိုတောင် အလိုလိုနေရင်း မျက်မုန်း ကျိုးချင်နေတဲ့ ကျွန် တော်တို့လို လူမျိုးအတွက် ခွေးသူရဲ အခြောက်ခံရသလိုလို၊ လက်နက်ကြီးနဲ့ အထုခံနေရသလိုလို .. “ နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေကို ဒို့ကကြံနေတာ ” ..၊ “ ဒို့ရဲဘော်များ ပဲဟင်းစားလို့ အိမ်သာမှာ လူစည် .. ” (ဆောရီးဘိုကြီး .. တိပ်ညပ်သွားလို့) စသည်ဖြင့် ကြားဖူးကြမှာ ပါ။ သီချင်းလက်နက်ကို ဒီလိုသီချင်းမျိုးတွေကို ရေးစပ်၊ ပေါ်ပေါက်၊ အသုံးချခဲ့ကြတာ၊ နားထောင်ခဲ့ကြရတာဟာ ဟိုယခင် ဗမာ့တပ်မတော် စစ်စစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဗိုလ်တိုက်ချွန်းတို့၊ ဗိုလ်လှသောင်းတို့လို ခေတ်တုန်းကတော့ အင်မတန် သာယာနာပျော် ဘွယ်ကောင်းမှာပါ။ ရေအရောများတဲ့ နွားနို့လို ဖြစ်နေတဲ့ လက်ရှိ နအဖ စစ်တပ်ခေတ်မှာတော့ ခုနကလို စိတ်ဓါတ်ကို လှုံ့ဆော် တက်ကြွ စေတဲ့ သီချင်းတွေဟာ လက်နက်တော့ လက်နက်ပဲ။ ဒါပေမယ့် အဆံမပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေတာက ခက်ပါတယ်။ မယုံရင် ကြည့်ပါ။ “ တပ်မတော်ကြီးကို ဘီစကစ်ကျွေးဖို့ UN လာပါပြီ၊ ရဲဘော်အပေါင်းကို ဝေစားကြဖို့ ညွှန်ကြားအပ်ပါသည် .. ” ဆိုတာမျိုးက သက်သေခံနေပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းသူပြည်သားများအတွက် ရည်ရွယ်ပြီး စိတ်ဓါတ်အင်အားကို တိုးတက်ကောင်းမွန်စေဖို့၊ ပြီးတော့ကာ မိခင် တိုင်းပြည်ရဲ့ ရေ၊ မြေ၊ လေ သဘာဝ သစ်ပင် ပန်းမန်၊ တောတောင် စတဲ့ အလှတရား အမွေတွေကို မြင်သာတတ်ကြအောင် ဖွဲ့နွဲ့ထားမှု၊ ကိုယ်နေထိုင်ကြီးပြင်းတဲ့ တိုင်းပြည်ဟာ စီးပွားရေး၊ လူမှုရေး၊ လမ်းပမ်းဆက်သွယ်၊ အခြေခံ အဆောက်အအုံ စသည်မျိုး ဘက်ပေါင်းစုံက နေ ဒီလိုဒီလို တိုးတက် ကောင်းမွန်နေပါပြီလို့ (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ညွှန်းဆိုပြချင်တဲ့ သရုပ်ဖေါ် သီချင်းမျိုးပါ။

သီချင်းအမျိုးအစား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထိရောက်အောင် မပြောပြတတ်လို့၊ ကျွန်တော် အချိန်အတန်ကြာက နားထောင်ဖူးခဲ့ပြီး ခု လက်ရှိ အခြေအနေမှာ ခေတ်နဲ့ ဘယ်လိုမျိုးမှ ဆွဲယူစပ်ဟပ် နားထောင်လို့ မရနိုင်တော့ပဲ နဲနဲ ကမောက်ကမနိုင်လှတဲ့ သီချင်းတစ်ပုဒ်ကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။ သီချင်းနာမည်က “ လူချွန်လူကောင်း” ဖြစ်ပါတယ်။ သီချင်းရေးသားသူဟာ ဆရာကြီး မြို့မငြိမ်းဖြစ်ပြီး မြန်မာကျော် (သူ့ခေတ်နဲ့ဆို ကမ္ဘာတောင်ကျော်နိုင်ဖူးမယ် ထင်ရတဲ့) ဂီတစာဆိုကြီးဖြစ်တာမို့ ဒီပို့စ်နဲ့ နောက်ပြောင်တာ၊ ရွဲ့တာ၊ စောင်း တာ၊ ကဲ့ရဲ့စော်ကားတာမျိုး တစ်ခုမှမလုပ်ပါဘူး။ အဲဒီလိုမျိုးဘဲ ဒီသီချင်းကို သီဆိုသူ မည်သည့်အဆိုရှင်ကိုမှလည်း နောက်ပြောင် သရော် လိုစိတ် လုံးဝမရှိပါဘူး။ လူချွန်လူကောင်းရဲ့ မူရင်း စသီဆိုသူကိုလည်း ကျွန်တော်မသိပါဘူး။ ပြန်ဆိုတေးတွေ ပေါလွန်းတဲ့ ကျွန်တော့်တို့ မြန်မာ့ ဂီတလောကကြီးမှာ လူချွန်လူကောင်းကို ဘယ်နှစ်ဦးက ဘယ်နှစ်ကြိမ်မြောက် ပြန်ဆိုပြီးဆိုတာကိုလည်း မသိပြန်ပါဘူးခင်ဗျာ။ အခုသိတဲ့ အဆိုတော်က စာရေးဆရာ၊ ရုပ်ရှင်မင်းသား အဆိုတော် သုမောင် ဖြစ်ပြီးတော့ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းကတော့ သီချင်းတစ်ပုဒ်လုံးလိုလိုဟာ နအဖခေတ်အတွက် တမင်များ ပြောင်းပြန်လှန်ပြီး ရွဲ့ရေးထားခဲ့သလား ထင်ရအောင် စာသားတွေမှာပါဝင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းတွေဟာ စိတ်ကို အတော့်ကို ဖမ်းစားနိုင်လွန်းလှပါတယ်။ စကားမစပ်ပြောရရင် အဆိုတော် ထူးအိမ်သင် ရဲ့ “နဲနဲလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် ”… ကို ကိုယ်အသုံးမကျလို့ ကပြောင်းတိ ကပြောင်းဆန်ဖြစ်တဲ့ အချိန်မှာ ရသေ့စိတ်ဖြေ ညည်းတတ်ပြီး၊ ကိုယ်က သောက်ညင်ကပ်သူများရှေ့ ရောက်ရင်တော့ လေးဖြူရဲ့ “ရူးချင်ယောင်ဆောင်မနေနဲ့” ဆိုတာကို ကြားမိတတ်ပါတယ်။ ဒီစကား မိတ်ဆွေအတွက် မှားတယ်ဆိုရင် မျက်စိအညောင်းခံပြီး ရှေ့ဆက်မဖတ်တော့ဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်။

ကျွန်တော် နားထောင်ဖူးတဲ့ လူချွန်လူကောင်း ပထမအပိုဒ်ကို မြန်မာ့ စန္ဒရားလေးနဲ့ စထားပါတယ်။ အတီးကို နားမလည်လို့ သေချာ မပြောတတ်ပါခင်ဗျာ။ ဂစ်တာ အနဲငယ် ခေါက်တတ်ပေမယ့် ကိုယ်တိုင်တီးပြီး ဆိုလို့ရှိရင်တော့ မာရဇ္ဇရဲ့“ စည်းများက ခြားထားပြီအချစ် ” ဆိုတဲ့ စာသားလေးကို “ ချီးများကစားထားပြီအချစ်” အော်မိလို့ နောက်ဘယ်တော့မှဆိုတီး မလုပ်ရဲတော့ပါဘူးခင်ဗျာ။ ဒီလို အဖြစ်ဆိုး တွေကြောင့်အာဇာနည်ရဲ့ “ စည်းတစ်ဘက်ခြား” အခွေကို ဆိုင်မှာဝယ်တုန်းကတောင် “ ချီးတစ်ဖတ်စား” မဖြစ်အောင် မနဲ ထိမ်းပြောခဲ့ရ ဖူးတယ်လေ။ သီချင်းစာသားတွေ အောက်မှာ ရေးထားပါတယ်။ ကြုံကြိုက်ရင် mp3 ပြောင်းပြီး ဒီပိုစ် အောက်ခြေမှာ တင်ဖို့စိတ်ကူးထားပါ တယ်။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်
မြန်မာ့သားကောင်းများကို အဆိုအတီးအမှုနဲ့ပင်
ရိုသေခင်မင် .. အားတက်အလေးပြုလျက်ပဲအစဉ် ..

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားလျှင်
လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံအဥာဏ်ဝေဖန်မြော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင်
လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

သီချင်းစာသားကတော့ဒီလောက်ပါပဲ။ ကျော့ကျော့ပြီးထပ်ဆိုတာတွေနဲ့ အချိန်ကရှစ်မိနစ်လောက် ကြာသွားပါတယ်။ မန္တလေး မြို့မတီးဝိုင်း ကြီးက တူရိယာအစုံအလင်နဲ့ မြိုင်လှသလို အဆိုကျော်ကြီးကလည်း မုဒ်အပြည့်နဲ့ပါ။ သီချင်းရဲ့ရည်ရွယ်ချက်ကတော့ တကယ့်ကို မွန် မြတ်လှပါတယ်။ တေးပြုစာဆိုကြီးဟာ ခေတ်ကာလအလျောက် စေတနာအပြည့်နဲ့ စပ်ဆိုထားခဲ့ပုံပါဘဲ။ ခက်တာက ခေတ်ကာလ ဆိုတာမှာ ကျွန်တော်လည်း ဒီသီချင်းကို ဘယ်အချိန်ကတည်းက ရေးစပ်ခဲ့တယ် မသိပါဘူး။ မြို့မအဖွဲ့ကိုတော့ ၁၉၂၅ ခုနှစ်က တည်ထောင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် သီချင်းဟာ အဲဒီ ခေတ်ကာလ၀န်းကျင်လောက်ကပဲလို့ ထင်ရပါတယ်။ ကျွန်တော့် ထင်မြင်ချက်ဟာ အများကြီး လွဲမှားနိုင်တာပေါ့။ တကယ်လို့သာ ဗိုလ်ချုပ်နေ၀င်းစစ်တပ် အာဏာမသိမ်းခင်အချိန်တုန်းက ပေါ်ပေါက်ခဲ့တာမျိုးဆိုရင် ဘယ်လိုဘဲ ပြောပြော သီချင်းနဲ့ အချိန်ကာလကတော့ ကာရန်ညီမျှခဲ့မှာပါဘဲ။ ဘာလို့ဆိုတော့ လူကြီးတွေက ဟိုတစ်ခေတ်က ကောင်းကွက်လေးတွေ ပြောလေ့ရှိခဲ့တာကို ကြားဖူးထားတာကိုး။ အဲသလိုမျိုးပဲ ဟိုခေတ်က ကောင်းမကောင်း ကိုယ်တိုင်မသိပေမယ့် ခုခေတ်ကတော့ မကောင်းတာ သေချာတယ်ဆိုတာလည်း မျက်မြင်ကိုယ်တွေ့မဟုတ်ပါလား။ ဆိုတော့ကာ လူချွန်လူကောင်းသီချင်းကို ခံစားမိတဲ့အခါ စာသားပါ အချက်အလက်တွေဟာ ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထက်တောင်မှ ဆန်းကြယ်နေပါတော့တယ်။ သေချာဖတ်ပြီး တွေးကြည့်ပါဦး။

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင် .....

ဒါပေမယ့် ဒီသီချင်းကို လက်နက်ကောင်းတစ်ခုအနေနဲ့ ရေဒီယိုမှာ ၂၄ နာရီ မထုတ်လွှင့်သေးတာ အတွက်တော့ ဘဘကြီးတို့ကို ကျေးဇူး တင်ရမဲ့အပေါက်ပါ။ နို့မို့ ၈၈ နောက်ပိုင်းလူဖြစ်တဲ့ပုဂ္ဂိုလ်များ ကမ္ဘာ့ရေကြောင်းမှာ မြန်မာတွေ တစ်လ လခ ဒေါ်လာ ၂၀၀ ယူပြီး သင်္ဘော တက်မောင်းနေရတဲ့ အဖြစ်မျိုးတွေ မသိပဲနေတော့မှာပေါ့။ သီချင်းထဲပါတဲ့အတိုင်း လျှပ်စစ်အားကလည်း အသုံးများပါပေတယ်။ မိတ္တူ ကူးဆိုင် အားလုံးလိုလိုမှာ “ မီးပျက်လျှင် မီးစက်ဖြင့်ကူးသည်” လို့ရေးထားတာ တွေ့ဖူးကြမှာပါ။ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်အား အသုံး များပုံများ မီးစက်နဲ့တောင် ရှယ်ကူးပေးကြတာခင်ဗျ။

တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင် ..

အထက်က စာသားလေးတွေလည်း ဧကန်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။ ဟိုတုန်းကဖြစ်ပါလိမ့်မယ်။ ခုတော့ ဖော်ယူနိုင်စွမ်း ကောင်း လွန်းလို့ အနာဂတ်မှာ မြေအောက် ရထားလိုင်းတွေဖေါက်ဖို့အတွက် အပင်ပန်းခံ မြေတူးစရာမလိုတော့ဘူး ထင်ပါတယ်။ ခုကတည်းက တူးထားတာ ကြွက်တွင်းလားမှတ်ရမယ်။ အပင်တွေမနေနိုင်တော့ဘူး။ တရုတ်ပြည် ပြောင်းကုန်တယ်။ မြေတွင်းဓါတ် တော်တော်များ များကတော့ အာရှတိုက်တင်မကဘဲ ရုရှားပြည်ကိုပါ ပြေးကုန်ပါပြီ။

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားပင်..

ဒီအပိုဒ်ကတော့ တကယ်ပဲ လန်ထွက်နေတယ်လေ။ လက်ရှိအိုလံပစ်မှာတောင် ရွှေဘယ်နှစ်ခု ယူလာမလဲဆိုတာကို နိုင်ငံတော် အစိုးရက စိတ်ကူးယဉ်နေတာမျိုး။ ကစားလိုက်ကြတာ။ နှစ်လုံး သုံးလုံး ဆိုတာလေးပါ ထည့်ပြောမှ ပြည့်စုံမယ်ထင်တယ်ဗျ။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

အပေါ်ကသီချင်းအစ အပိုဒ်လေးအတွက်တော့ နာဂစ်သာပြေးမြင်မိတော့တယ်။ မြန်မာ့ဆန်အိုးကြီး ဧရာဝတီက ရွှေစင်လို အိနေပါလိမ့်မယ်။ လယ်ကွင်းတွေ သွားကြည့်လိုက်ပါ။ လာမဲ့ ၂၀၀၉ အတွက် စပါးအနှံတွေ အသီးတွေများ ပြွတ်ခဲနေတာပါဘဲ။ အဲဒီပြွတ်ခဲသမျှတွေကလည်း ကြပ်ပြေးကိုပဲ အပြေးလေး ခရီးဆက်ရမှာ ကျိန်းသေပါတယ်။ ကျန်တဲ့လူငတ်ကြပေါ့။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်


စက်ရုံကြီးငယ် အသွယ်သွယ်ကလည်း ကုန်ထုတ်စွမ်းအား အရမ်းတိုးတက် ခေတ်မှီလာတာပါဘဲ။

စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုတဲ့ ခေါင်းစဉ်အောက်မှာ စက်ရုံတွေက အလျှံအပယ် ထုတ်ပေးနေတဲ့ ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်တွေက တော့ ..

ဖယောင်းတိုင်၊ (ရိုးရာမပျက်နတ်ပွဲဆက်ဖို့ ထင်ပါတယ်)

ရေသန့်ဗူး (မုန်တိုင်းမွှေပြီးမှ ၀ယ်လိုအားအရ တိုးပြီးထုတ်နေတာပါ)

ချိုချဉ် (ကျောင်းသားတွေအတွက်)

ဒန်အိုးဒန်ခွက် (အဖုံးကဲ့သို့သော စပယ်ယာပတ်စ်များအပါအ၀င်)

ယောက်မ (ထမင်းဖြစ်စေ၊ ဟင်းဖြစ်စေ၊ လိုရာကို လွယ်ကူစွာမွှေသုံးနိုင်ရန် စီမံထား၏)

တွယ်ချိတ် (အထူးအရောင်းရဆုံးပစ္စည်း၊ အ၀တ်အစားအသစ်တွေ ၀ယ်မ၀တ်ကြဘူး။ အဟောင်းကို အဲဒါတွေအားကိုးနဲ့ ဖာထေးသုံးတာ)

အပ်ချည်လုံး (အပေါ်ကနဲ့ သဘောတရားအတူတူ)

ကြွပ်ကြွပ်အိတ် (နိုင်ငံတော် လူကြီးမင်းများ၏ လမ်းညွှန်ချက်အရ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ခေတ်မှီနည်းသုံးပြီး ထုတ်လုပ်နေ)

သားရေကွင်း (မုန့်ဟင်းခါး၊ ငပိ၊ ငရုတ်မှုန့်များနှင့် အသုပ်စုံများ ပက်ကင်ထုပ်ရာတွင် မလေလွင့်စေဘဲ စနစ်တကျရှိစေရန်)

အိမ်သာသုံးစက္ကူ (လျှပ်စစ်အား အသုံးများလွန်း၍၊ ရေမတင်နိုင်သော မြို့တော်နေ ပြည်သူလူထုအတွက် သီးသန့်ထုတ်လုပ်ပေးလျက်ရှိ)
နှင့် .. အခြားသော အဆင့်မြင့် လူသုံးကုန်ပစ္စည်းများ ဆိုပါတော့။

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင် ..

သမားတော်ကြီးဇီဝကလို ပုဂ္ဂိလ်တွေ ပေါများပါတယ်။ ဆေးရုံမှာ တစ်ခုခုခွဲစိပ်ဖို့အတွက် (ကန်တော့ပါ) အမွှေးလေးရိတ်ဖို့တောင် ကွမ်း ယာဆိုင်က ဘရိတ်ဓါး ပြေးဝယ်ရပါတယ်။ (A ပိုး B ပိုး ကူးကုန်မှာစိုးလို့ နေမှာပေါ့နော်၊ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့ ဘေးကင်းတာပေါ့)။ ကလေးလေးတွေ မနက်စောစော မထလို့ မိဘကဆူပူကြိမ်းမောင်းနေပါတယ်။ ကျောင်းမတက်ခင် ကျူရှင်အမှီ ရောက်အောင်ပါ။

သီချင်းကိုသာ Open Source လုပ်ခွင့်ရရင် ထပ်ဖြည့်ချင်တာတွေ အများကြီးဘဲ။ တံတားဖေါက်တာတွေ ဆည်ဆောက်တာတွေပေါ့။ တံတားတစ်ခုပြီးလို့ ဖွင့်ပြီးလို့ လပိုင်းလေးမှာတင် အသွားအလာများလို့ တံတားကြီးခမြာ ခါးညောင်းသွားတဲ့အတွက် အနှိပ်သည် ခေါ်နှိပ် ရလောက်အောင် ကျန်းမာရေး ချူချာတာတွေ။ (လမ်းပမ်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်တယ်။ လူတိုင်း ကားဝယ်စီးနိုင်ပြီး အားအားနေ ခရီးထွက်နိုင်ကြလွန်းတော့လည်း လမ်းတွေ၊ တံတားတွေက အပျက်အစီးရှိကုန်ကြတာပါ။)

ဌာနဆိုင်ရာတွေမှာ တခမ်းတနား ဆိုင်းဘုတ်ကြီးတွေနဲ့ “ ငွေပေးရန်မလိုပါ ” လို့ ရေးထားတာတွေ။ အဲဒါဟာ ဥပဒေအတိုင်းပါဘဲ။ ငွေပေးရင် ဘယ်တော့မှ ရန်မလိုတတ်တဲ့ ဦးနှောက်ရှိလူသားတွေအကြောင်းပေါ့။

အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ ရှည်သွားပါတယ်။ ဒါကြောင့် တော်ပါပြီ။ လူချွန်လူကောင်းတွေ တိုင်းပြည်က ထွက်မပြေးချင်ပဲ ကုပ်ကပ်ပြီး တော့ ကိုယ့်အမျိုးသားအတွက် အမှန်အကန် အလုပ်လုပ်နိုင်မဲ့အချိန်ကို တကယ်မြင်တွေ့လိုလှပါပြီ။

ဗမာလူချွန်လူကောင်းတွေ ပေါများလှပါဘိ (ကမ္ဘာအရပ်ရပ်မှာပေါ့)

ဗမာလူချွန်လူကောင်းတွေ တဖြေးဖြေးနဲ့ရှားပါးသွားပြီထင့်။ ( ဒို့တိုင်းပြည်မှာလေ …..)



Connection လေးလည်းကောင်း အချိန်လည်းရတော့ သီချင်းကိုတစ်ခါတည်းပဲ တင်ထားလိုက်ပါတယ်။

ဒီနေရာကိုနှိပ်ပြီးရယူနားထောင်ကြည့်ပါ။ နားမထောင်ဖူးသေးဘူးဆိုရင်ပေါ့။


Read more...

Saturday, August 9, 2008

One World His Dream

“ တောက် .. ” ဟု မချိတင်ကဲ အသံကြီးဖြင့် ကျယ်လောင်စွာ ရေရွတ်လိုက်သူကား နိုင်ငံကျော် အခုဘ၀ရှင် မင်းတရားကြီး ဘိုချုပ်မှူးကြီး သန်းရွှေဖြစ်၏။ နောက်ဘ၀၌ မည်သည့်ဘုံဘ၀တွင် ရှင်သန်ရမည်လဲတော့ မသိ၊ ခုဘ၀တော့ မသေနိုင်လွန်းသေးသူကြီးလေ။
(သြော် .. အကုသိုလ် များရပြန်ပြီ)

အထက်ပါ “ တောက် ” ဟူသော အာမေဋိတ်သံ ထွက်ပေါ်ရခြင်း အကြောင်းကား TV Screen ပေါ်မှ မြင်ကွင်းများကို ကြည့်ရင်း၊ အား ကျစိတ်၊ မနာလိုစိတ်၊ အားမလိုအားမရစိတ်၊ ပြီးတော့ သိမ်ငယ်စိတ်၊ နောက်ဆုံး လူရာမ၀င်သလို ဖြစ်ပေါ်လာရသော ခံစားမှုအစုစုတို့ ပေါင်းဆုံ ဆက်စပ်သွားရာမှ ပါးစပ်ကပါ ထွက်တော်မူသွားရခြင်းဖြစ်၏။

အမှန်တော့ ဤလိုပွဲသဘင်အခမ်းအနားမျိုးတွင် သူသည်လည်း ပရိတ်သတ် ဗိုလ်ပုံအလယ်တင့်တယ်စွာ ရှိနေသင့်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်က ပြည့်ရှင်မင်းအပေါင်းကဲ့သို့ ကြောင်လျှာသီး လည်စီး၍ဖြစ်စေ၊ တောင်ရှည်ပုဆိုး တရွှမ်းရွှမ်းနှင့် ကတ္တီပါ တိုက်ပုံအနက် တောက်တောက်ဝတ်ကာ မောင့်ကျက်သရေ ခေါင်းပေါင်းအစလေး ညာချပြီး ပရိတ်သတ်အလယ် ခန့်ထည်စွာ ရှိနေချင် စမ်းပါဘိ။ မိမိ တိုင်းပြည်ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားအကျော်အမော်တို့ ကွင်းထဲ ၀င်ရောက်လာစဉ် ၀င့်ထည် မော်ကြွားစွာဖြင့် ကင်မရာမင်းအပေါင်းတို့၏ ရိုက်ချက်က မလွတ်ရအောင် မတ်တပ်ရပ်ကာ ဟန်ချီ မာန်ဝင့် လက်ပြနှုတ်ဆက်ချင်၏။

ဤခံစားမှုအတွေးတို့ကား ယခုပီကင်းမှ တိုက်ရိုက်လွှင့်ထုတ်နေသော 2008 အိုလံပစ် ဖွင့်ပွဲအခမ်းအနားကြည့်နေရင်း ပေါ်ပေါက်လာရ ခြင်းဖြစ်ပေသည်။ ဟိုက one world one dream၊ သူကား one world my dream ဖြစ်ကာ ကုလားကားတစ်ကားစာမက ရှည်လျား ထွေ ပြားလှသော ထိုအခမ်းအနားကြီးနှင့်အတူ၊ ခံစားမှု အစုံစုံ ရင်ခုန်ခြင်း ပြင်းစွာဖြင့် ဒုတိယမ္ပိ “ တောက်” တစ်ချက် ထပ်ခေါက်မိပြန်တော့ သည်။

ထိုပွဲကြီးက ခမ်းနားကြီးကျယ်လှပါသည်။ အဆင့်မြင့်နည်းပညာများဖြင့် ဖန်တီး တည်ဆောက်ထားပါသည်ဆိုသော စာဗူးတောင်း အသိုက် ပုံစံ Olympic Stadium ကြီးကို မြင်တွေ့ရသည်မှာ ကျေနပ်အားရစရာကောင်းလှ၏။ နေနှင့်ဦး .. သူ့အလှည့်ကျမှ သပွတ်အူပုံစံ အတုယူ ကာ Naypyidaw Olympic Stadium ကြီးတည်ဆောက်ဖို့ ဗိသုကာ၊ အင်ဂျင်နီယာ အကျော်အမော်များကို ညွှန်ကြားရဦးမည်ဟု တေး မှတ်ထားလိုက်မိသေးသည်။ တရုတ်တွေ သုံးသည့် မီးရှူးမီးပမ်း အလှဖေါက်ခြင်းမှာလည်း အံ့ဘနန်း ရှိလှပေသည်။ နောက်နှစ် တပ်မတော်နေ့ အခမ်းအနား ဒင်နာလုပ်လျှင် ယခုတရုတ်တို့ဆီက နည်းနာတောင်းရမည်။ နေဦး .. နည်းနာတင်မဟုတ်၊ လူတွေပါငှားမှ..၊ ငါ့ ကောင်တွေက ပစ်ရ၊ ခတ်ရ၊ ဖေါက်ရ၊ ခွဲရမည်ဆိုလျှင် ဘယ်တော့မှ မိုးပေါ်ထောင်ပစ်တတ်သူများမဟုတ်။ စစ်တပ်ဆိုတာ ပစ်ရင် တည့် တည့်ပဲ ပစ်သည်မဟုတ်လား။ မတော် .. ညစာစားနေတုန်း မီးကျည်တစ်တောင့်လောက် သူ့ရင်ဝလာမှန်လျှင် လားပင်စင် ရသွား နိုင်သည်လေ။ မဖြစ်ချေ.. တော် .. တော် ..။ အတွေးများကို ရုပ်သိမ်းတော် မူလိုက်ပါသည်။

သူဆက်ရှုစားတော်မူသည်။ ကိုယ့်နိုင်ငံက ရှစ်လေးလုံး နှစ်ပတ်လည်အချိန်မတော်ကြီးတွင် ဘာများ ထဖြစ်လေမလဲဟု နောက်ကြောင်း မအေးရသည်ကလည်းရှိသေး။ တစ်နေကုန် ဆိုးဆိုးဝါးဝါးကြီး မဖြစ်ခဲ့၍သာ ယခုလို TV ရှေ့ ဖင်ကျောက်ချတော် မူနိုင်ခြင်းဖြစ်၏။ ကြည့် စမ်းပါတော့။ တရုတ်ကို ဒက်ဒီခေါ်ထားတာမမှား။ ဓနအင်အား၊ နည်းပညာပိုင်ဆိုင်မှု၊ လူသားအရင်းအမြစ် ပေါကြွယ်ဝခြင်း၊ အစရှိသည် တို့ကို အသုံးချပြီး တရုတ်ဆိုတာ အဲသလိုမျိုးဟု ကမ္ဘာကြီးအား ၀ံ့ဝံ့ကြွားကြွား ကော့ပြလိုက်ချေပြီ (ရင်ဘတ်)။ ယခု မြင်နေရသည်များက အံ့မခန်းတွေချည်း။ ကိုယ်တော်တိုင် အမြင့်စံဧကရာဇ် ဖြစ်တော်မူနေပေမယ့် တသက်နှင့်တကိုယ် အိပ်မက်ထဲတောင် ထည့်မမက်ဖူးသော ပြကွင်းပြကွက်တွေကား အင်မတန်မှ ရင်သပ်ရှုမော ဖြစ်ရချေတော့သည်။

ကွင်းအလယ် လူငယ်တွေ ထောင်နှင့်ချီပြီး စည်များကို စည်းချက်ညီညီ ကိုယ်စီရိုက်ခတ်ကာ ကပြသီဆိုသွားခြင်းကို သူနှစ်သက်တော်မူ လှ၏။ နောက်နှစ် တပ်မတော်နေ့ အခမ်းအနားတွင် ငါ့ရဲဘော်တွေကို ဘာဂျာမှုတ်၍ ဗုံတီးပြီး ချီတက်အလေးပြုခိုင်းရမည်။ ဟူဂျင်တောင် နေရာတွင် စိတ်ကူးဖြင့် အခန့်သားထိုင်ကာ တွေးနေမိ၏။ ဧရာမစာရွက်လိပ်သဏ္ဍန် မည့်သည့်အရာကြီးမှန်း မသိသည့် အောက်ခံ အပြား ကြီးပေါ်တွင် နောက်ခံ ဂီတနှင့်အတူ ပန်းချီရေးပြသွားကြသည်များတော့ သူသိပ်နားလည်တော် မမူချေ။ တောင်တန်းလိုလို၊ တောလိုလို၊ နေမင်းကြီးတောင်ပါလိုက်သေး။ ဤနည်းပညာကား သူ့အတွက် သိပ်အသုံးမ၀င်ဟု အထင်ရောက်မိ၏။ နောက်လာသော ထိပ်ပိုင်းကုဗပုံ ရှည်မျောမျောထိပ်တွင် တရုတ်စာထွင်းထားသည်များပါရှိသည့် ထောင်လိုက်သေတ္တာများဖြင့် ရေလှိုင်းပုံဖေါ်ခြင်း၊ အက္ခရာစာလုံးသဏ္ဍန် ထုဆစ်ခြင်းများကား ကြည့်၍ကောင်းလှချေ၏။ မည်သည်အား ရည်ရွယ် သရုပ်ဖေါ်သည်ကို မရှင်းလင်းသော်လည်း နောက်ဆုံးတွင် အဆိုပါ တုံးကြီးများ အောက်မှ လူများထွက်ပေါ်လာသည်ကို မြင်ရမှ တရုတ်တို့ နည်းပညာကို အထူးနှစ်ခြိုက်သွားရ၏။ လေးဘက်စလုံး အလုံ ပိတ်ထားသော ထိုသေတ္တာ ထောင်ထောင်ကြီးများအတွင်းရှိ သရုပ်ဆောင်သူတို့ကား အပြင်ဘက်ကို မြင်ရ၏လော၊ မမြင်ရဘူးလော ဟူ ကား သူမသိချေ။ မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် ရွှေဝါရောင်တော်လှန်ရေးလို ထပ်ဖြစ်လာသော် သူ့စစ်သားတွေအတွက် ထို သေတ္တာမျိုးအများကြီး မှာယူထားရမည်။ သို့မှသာ အရပ်ရှစ်မျက်နှာမှ မဖိတ်ခေါ်ဘဲ ရောက်လာနိုင်မည့် အုတ်ခဲကျိုးများ၊ ဂျင်ဂလိများနှင့် ဓါတ်ဆီပုလင်းများဒဏ်မှ ခံသာမည်မဟုတ်လော။ (ပိုင်လိုက်သည့် အကြံ၊ သူကျေနပ်နေမိ၏)

နောက်ထပ်တင်ဆက်သွားသည်များကို မျက်စိကသာ ကြည့်တော်မူနေ၏၊ အတွေးတွေကား လူကိုယ်တိုင် မတက်ရောက်ဝံ့သည့် ဤလိုပွဲ မျိုးကို နှမြောတသဖြစ်မိနေခြင်းသာ။ နောက်ဆုံးပြကွက်ကိုတော့ သူသဘောအကျဆုံးဖြစ်သည်။ စက်လုံးကြီးတစ်ခု ကွင်းအောက်ခြေမှ ဖြေးညင်းစွာ တက်လာပြီးလျှင် အထက်ဝန်းကျင်တစ်ခွင်ကို အာကာသအသွင် ဖန်တီးထားပြီး တရုတ်အာကာသ သူရဲကောင်းများကား လေဟာနယ်ထဲ လမ်းသလားနေကြတော့၏။ မီးဆလိုက်အမျိုးမျိုး၏ လှည့်စားဖန်ဆင်းချက်များအောက်တွင် စက်လုံးကြီးမှာ ကမ္ဘာလုံးကြီး ဖြစ်သွားပြီး၊ အမျိုးမျိုးသော ရုပ်ရှင်ပြကွက်များကို တဖန်မြင်ရပြန်၏။ ဤလို တယ်လီဗေးရှင်း အလုံးကြီးတွေကို သူ့နန်းတော်မှာ တပ်ဆင် ရန်လည်း မမေ့မလျော့ တခါတည်း မှတ်သားလိုက်ပါသည်။ ကြည့်ရင်းပင် ကမ္ဘာလုံးကြီးထိပ်တည့်တည့်၌ တရုတ်အမျိုးသား အဆိုတော်နှင့် ဥရောပသူ အမျိုးသမီး အဆိုတော်တို့ကား တရုတ်သီချင်း တစ်ပုဒ်ကို အဆွဲအငင် အရှိုက်အပင့်များဖြင့် ဟန်ပါပါ ဟဲနေတော့၏။ အလုံးကြီး အောက်ဘက် သေချာစွာ စေငုကြည့်မိတော့ သူလန့်သွားသည်။ လူတွေ .. လူတွေ ..၊ ကမ္ဘာလုံးကြီးကို ပတ်ပြီး ဇောက်ထိုး မိုးမျှော် ပြေးနေ ကြပါလား။ ငါကိုယ်တော် အလှည့်ကျရင်ကော၊ ဤကဲ့သို့ ပြေးနိုင်လွှားနိုင်ပါ့မလားဟု ပေါက်ပေါက်ရှာရှာ တွေးနေမိပြန်ပါသေးသည်။

မကြာခင်ပဲ ကနဦးအစီအစဉ်များ ပြီးဆုံးပါသည်။ သူကား ဒက်ဒီတို့ကို အထင်ကြီး အားကျစိတ်များ ဆထက်တံပိုး ဖြစ်ပေါ်မိတော့၏။ အဖေတော်ထားတာ ငါမမှားချေဘူးဟု ဒုတိယမ္ပိတွေးမိပြန်သေးသည်။

မရှေးမနှောင်းမှာပဲ နိုင်ငံတကာ အားကစားအဖွဲ့များ ကွင်းအတွင်း ချီတက်လမ်းလျှောက် ၀င်လာကြပါသည်။ အစီအစဉ်အစတုန်းကလို မဟုတ်တော့။ လွတ်လပ်ပွင့်လင်းမှုတို့ဖြင့် နွေးထွေးလျက်ရှိနေပါသည်။ ထိန်ထိန်ညီး လင်းလက်တောက်ပနေသော မီးရောင်အောက်တွင် နိုင်ငံတစ်နိုင်ငံမှ အားကစားတစ်ဖွဲ့ ၀င်လာတိုင်း အခမ်းအနားတက်ရောက်လာသည့် သက်ဆိုင်ရာ နိုင်ငံအကြီးအကဲက ထ၍ လက်ပြနှုတ်ဆက်၏။ တချို့က အားပါးတရ၊ တချို့ကား မှင်နှင့် မောင်းနှင့်။ အကယ်၍ မိမိသာတက်ရောက်ခဲ့လျှင်ကော…။

သူ့စိတ်ကား ဤမှစပြီး တမျိုးတမည်ဖြစ်လာပါသည်။ နိုင်ငံအမည် ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် အနီရောင်တရုတ်မလေး၏ နောက်မှ ကပ်ပါလာသော အလံတွေကို ကြည့်ရသည်မှာလည်း မင်းတြားကြီး ချွေးပင်ထွက်တော်မူ၏။ နိုင်ငံပေါင်း တစ်ရာခုနှစ်ဆယ်ခန့်ဆိုတော့ လည်း မူးနောက်နောက်ဖြစ်လာသည်။ အတော်များများကတော့ သူကြည့်မရသည့်နိုင်ငံများဖြစ်ချေ၏။ အဆိုးဆုံးကတော့ အမေရိကန်တွေ။ သောက်ချိုးတစက်မှ မပြေဟု တိုးတိုးရေရွတ်မိသည်။ အားကစားသမား အင်အားကလည်း မနဲချေ။ တရုတ်ပြီးလျှင် သင်းတို့က အ များဆုံးဖြစ်နိုင်လောက်၏။ သူမတွေ့ချင် မမြင်ချင်သော်ငြား အရဲစွန့် ကြည့်မိသည်။ အမုန်းဆုံးကား ဟိုကောင်မလောက်လေးမလောက် စားဘုရှ်တို့ လင်မယားပေါ့။ ဤပွဲမတက်ခင်ကလည်း ထိုင်းမှာ သူ့ကို ကြပ်သွားသေးသည်။ မနေ့ကဒေါသတို့ အရှိန်မသေခင် အဲဒီလင် မယား သူတို့ အားကစားသမားတွေကို မတ်တပ်ရပ်ပြီး နှုတ်ဆက်နေကြသည်မှာ TV screen ထဲမှနေ၍ သူ့ကိုပြောင်ပြ ရန်စနေသည့် နှယ်။ “ တောက်” ဟု တတိယအကြိမ် ရေရွတ်မိပါတော့၏။

ပြီးတော့လည်း သူကောက်ချက်ချမိသည်မှာ တချို့တိုင်းပြည်တို့ အားကစားသမား စေလွှတ်သည်မှာ သူ့တိုင်းပြည်လိုပင် အရေအတွက် နည်းလှ၏။ တော်တော်များများကလည်း ၀င်ရောက်လာသည့် ပုံစံများကအစ စည်းကမ်းမကျလိုက်လေခြင်းပေါ့။ ပရိတ်သတ်ဘက်လှည့်ပြီး မထီမဲ့မြင် ရီပြ၊ပြုံးပြနေတာများ ငါဆိုလျှင် အကြည်ညိုပျက်မှုနဲ့ သေနတ်စာကျွေးပစ်မိမှာဘဲ ဟူသတတ်။ ငါကိုယ်တော်မြတ်က တိုင်းပြည်ကို စည်းနဲ့ကမ်းနဲ့ သေ၀ပ်ပိပြားအောင် အုပ်ချုပ်လာတာလေ။ အနှစ်နှစ်ဆယ်လုံးလုံးတောင်ရှိပြီပေါ့။

နိုင်ငံပေါင်း သုံးပုံနှစ်ပုံကျော်ပြီးတော့မှ ဘ၀ရှင်မင်းတြားကြီး စေလွှတ်တော်မူသော ရွှေမြန်မာအားကစားသမားတို့ ၀င်ရောက်လာကြပါ သည်။ ကွင်းတစ်ခုလုံး ဟိန်းထွက်လာသည့် အင်္ဂလိပ်-တရုတ်နှစ်ဘာသာဖြင့် ကြေငြာလိုက်သည်မှာလည်း သူတောင် လန့်ဖြန့်သွားမ တတ်ပင်။ “ မြန်မာ .. ” ဆိုဘဲ။ အဖွဲ့ဝင် စုစုပေါင်းရှစ်ဦးတိတိ။ ဒက်ဒီအိမ်သို့ သူ့မျက်နှာထောက်ထားပြီး စေလွှတ်ရခြင်းဖြစ်သော်လည်း အ သွားအပြန် လေယာဉ်စရိတ်နှင့် အစုစုပေါင်းသော် ကုန်ကျမှုများက ဒေါ်လာသောင်းသိန်း ဘယ်လောက်များရှိပြီလဲမသိ။ ကွင်းထဲ သူတို့ဝင် ရောက်လာပြီးတိုတောင်းလှသောစက္ကန့်ပိုင်းလေးမှာပင် ကင်မရာပြကွက်များ နောက်ဘက်သို့အလျှင်အမြန်ရွှေ့ပြောင်းသွားပါသည်။ ဟိုဝန် လေး မောင်ဥာဏ်ဝင်း တစ်ယောက် သူများတွေလို ထပြီးနှုတ်ဆက်သလား၊ မလားဘူးဆိုတာတောင် မမြင်လိုက်ရချေ။

ဘ၀ရှင်မင်းတြားကြီးကား ဤအခိုက်အတန့်လေးတွင် အတော်ပင်တင်းတော် မူသွားရသည်။ (ရွှေစိတ်တော်ဆိုလိုခြင်းပါ)။ မီဒီယာသမားတို့ ဘယ်အချိုးချိုးလေသနည်း၊ စစ်ချီဟန်ဖြင့် ဘယ်ညာဘယ်ညာ အော်ရုံမတတ် အားနှင့်မာန်နှင့် ချီတက်ဝင်ရောက်လာကြသော မိမိအဖွဲ့ဝင် များ၏မျက်ခွက်တွေတောင် သေချာမတွေ့လိုက်ရသေး။ နောက်မှ ကပ်လိုက်လာသော ဆွစ်ဇာလန် အသင်းဆီသို့ ကင်မရာမြင်ကွင်း ချက် ချင်း ပြောင်းသွားလေတော့သည်။ နောက်မတော့ ကမ္ဘာကျော် တင်းနစ်သမားဖယ်ဒရာဆိုသူကို အနီးကပ် ထပ်ကာထပ်ကာ ပြနေချေတော့ ၏။ သူကား တီဗွီရှေ့ထိုင်ကာ နာလိုခံခက်အမျက်ကြီးစွာထွက်နေချေတော့သည်။

ဘ၀ရှင်မင်းတြားကြီးကား တနုံ့နုံ့ဖြင့် ဒေါမနဿပွားလိုက်၊ ကျွဲမြီးတိုလိုက်ဖြင့် တညစ်တည်းညစ်နေပါသည်။ ကမ္ဘာ့အလယ်မှာ မရှိတဲ့ အရှက် ကွဲပေါင်းများလှပြီဖြစ်သလို၊ ကမ္ဘာမှာ မြန်မာဆိုတာ ဤသို့ပင်ရှိချေတော့သည် ဟု မိမိတိုင်းသူပြည်သားများ အမှန်အတိုင်း သိမြင် ကုန်ကြမည်ကို စိုးရွံ့လျက်ရှိနေ၏။

နောက်ဆုံးပိတ် အိမ်ရှင်တရုတ်အဖွဲ့ကွင်းလယ်မှာ နေရာယူပြီးမှသည်၊ ပွဲတော်ကျင်းပရေး လူကြီးလူကောင်းများမှ မိန့်ခွန်းပြောကြားခြင်း၊ အိုလံပစ်အလံလွှင့်တင်ခြင်း စသည်တို့ကို စိတ်မသက်သာစွာဖြင့် ထိုင်ကြည့်နေမိသည်။ တပါးသူတို့အား နှုတ်မှဖွင့်ပြောရန် အင်မတန် ခက်ခဲလှသော မိမိစိတ်အတွင်းမှ အခြေအနေခံစားမှုပေါင်းစုံတို့ကိုလည်း ကိုယ်တော်တိုင် ပြန်လည်သုံးသပ်နေမိ၏။ မိမိတို့ အုပ်ချုပ်သည်မှ စ၍ ငါးပါးမှောက်ခဲ့ပြီးဖြစ်သော တိုင်းပြည်မှာ ယခုအခါသံဃာစင်ရော မယ်သီလရှင် ဘီဒိုတွေပါမကျန် ကျွမ်းထိုးမှောက်ခုံ ဖြစ်လျက်ရှိနေ သည်။ မသိမဟုတ်၊ သိသိကြီးနှင့် ခက်နေသည်ကား အစားဘရိတ်ကို မအုပ်နိုင်ခြင်းပင်။ မိမိတို့ နအဖတဖွဲ့လုံး စားပုံမျိုးကား “ မြန်မာ့အစား ကမ္ဘာကိုလွှမ်းရမည်” ဟူ၍ ယခင်ဆောင်ပုဒ်အဟောင်းကို ပြောင်းပစ်ရမတတ် ဖြစ်နေပေသည်။ လိမ်နည်း၊ ခိုးနည်း၊ ၀ှက်နည်း၊ သတ်နည်း၊ တိုက်နည်း၊ လုနည်းတို့သာ ယခုအိုလံပစ်တွင် ထည့်သွင်းယှဉ်ပြိုင်ခွင့်ရပါမူ မိမိတို့ ဘိုချုပ်များ ၀င်ရောက် ယှဉ်ပြိုင်ပါက ရွှေတံဆိပ်ချိတ်ရန် မြေကြီးလက်ခပ်မလွဲတည်း။ တကိုယ်တည်း ထပ်မံရေရွတ်မိ၏။

“ ဒီအိုလံပစ်က ငါတို့ဂုဏ်ပျက်တယ် .. ”

အချိန်လည်းနှောင်းပြီ။ ဖင်လည်းညောင်းပြီ။ အရေးအကြီးဆုံးအစီအစဉ်ကား ယခုမှစတင်ချေပြီ။ အိုလံပစ်မီးရှူးတိုင် ထွန်းညှိခြင်းဆိုပါလား။ သူဆက်ကြည့်၏။ အထူးအဆန်းတော့ မရှိပါ။ ယခင်တွေကကဲ့သို့ အားကစားသမားများ တစ်ဦးချင်းစီမှ မီးရှူးတိုင်အား ဆင့်ကဲ ဆင့်ကဲ သယ်ဆောင်သွားခြင်းပင်။ နောက်ဆုံး လက်ခံရယူသူက အသက်ခပ်ကြီးကြီး အားကစားသမားတစ်ဦး။ အားကစားပွဲစဉ် တလျှောက် အမြဲထွန်းညှိထားမည့် အဓိကမီးရှူးတိုင်ကြီးဆီသို့ သူကလက်ဆင့်ကမ်း မီးကူးပေးရန်တာဝန်ကျသူ။ အမြင်ထူးသည့်အချက်မှာ အဆိုပါ ပုဂ္ဂိုလ်၏ ကျောဘက်တွင် ကောင်းကင်စက်သီးကြိုးနှစ်ချောင်း တန်းလန်းကြီး..။ တရုတ်တွေက လေထဲပျံတာ တော်တော် ၀ါသနာပါသည် ထင့်။ ရှေးခေတ်သိုင်းအကျော်အမော်တို့လို သူလည်းလေထဲပျံဦးမယ့်သဘော။

ကြည့်နေရင်းပင် ထိုသူလေထဲ ခပ်ဖြေးဖြေး မြောက်တက်သွား၏။ ပြီးတော့ ငှက်သိုက်အားကစားရုံ အမိုး၏ အတွင်းဘက်နံရံကို ခြေကန် ထားသည့်ဟန်ဖြင့် တောက်လျှောက်ပြေးပါတော့သည်။ သိုင်းဇာတ်ကားထဲ သိုင်းချသလိုမဟုတ်သည်ကတော့ စလိုးမိုးရှင်းဖြင့် ပြေးနေ ခြင်းပင်။ လက်တစ်ဘက်က မီးတိုင်ကိုင်၍ ကျန်တစ်ဘက်က ရှေ့နောက်အားယူလွှဲကာ ဟန်ပါပါပြေးနေပုံကြည့်ပြီး တရုတ်တွေတော့မသိ၊ သူကား ပါးစပ်အဟောင်းသားပင်ဖြစ်နေမိသည်။ လေထဲ၌ သူ့ခန္ဓာကိုယ်ကို အမိုးစောင်းအလိုက် ခြေကန် ကိုယ်ဖေါ့ပြေးနေပုံကား ကြည့်၍ ကောင်းလှပါတော့သည်။

ကွင်းတစ်ပတ်ပြည့်အောင် ပြေးသည်ဟုသူထင်ပါသည်။ ဧရာမမီးရှူးတိုင်ကြီးဆီသို့အရောက်တွင် လေထဲတန်းလန်းချိတ်ထားသော သတ္တု ပိုက်လုံးတစ်လုံး အနီးတွင် သူပါတန်းလန်းကြီး ရပ်သွား၏။ ခဏမျှငြိမ်သက်နေပြီး အဆိုပါပိုက်လုံးကို လက်ထဲမှ မီးတိုင်ငယ်ဖြင့် တို့ထိမီး ကူးပေးလိုက်သည်နှင့် တပြိုင်နက် မီးတောက်ကြီးမှာ ပိုက်တစ်လျှောက် အရှိန်ကောင်းစွာဖြင့် ခရုပတ်ခွေပုံသဏ္ဍန်အတိုင်း အထက်သို့ လောင်တက်သွားလေသည်။ နောက်ဆုံးမတော့ အိုလံပစ်မီးတိုင်ကြီးမှာ မီးထွန်းညှိပြီးသားဖြစ်သွားပြီး ကောင်းကင်သို့တိုင် အရှိန်ပြင်းစွာဖြင့် တောက်လောင်လျှက်ရှိနေတော့သည်။

ထိုအချိန်မှာပင် အတွင်းဆောင်ထဲမှ မိဘုရားခေါင်ကြီးထွက်လာကာ ကြင်ယာတော် မင်းတြားကြီးအား တစ်ချက်မျှ ငဲ့ကြည့်လိုက်ပြီး တဖန် TV ဖန်သားပြင်ပေါ်သို့ အကြည့်ရောက်သွားလေ၏။ စူးစိုက်ကြည့်နေရင်း ခဏမျှအကြာတွင် ..

“ ဟယ် ..၊ လှလိုက်တဲ့ မီးတောက်ကြီး၊ ဟို .. နမတော် (အဲလေ ..) နှမတော်တို့ တီဗွီကပြတဲ့ ရဲတံခွန်တို့ ..၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း တို့ကနေ ရှို့ထားတဲ့ အတိုင်းပဲနော် .. မောင် တော် .. ” ဟူသတတ်။

ဘ၀ရှင်မင်းတရားကြီးမှာ ကြင်ယာတော် မှတ်ချက်ကြောင့် မိန်းမောနေရာမှ လန့်နိုးလာသူကဲ့သို့ သူ့ထံတချက်ပြန်လှည့်ကြည့်လိုက် လေသည်။

“ သူတို့ရှို့ထားတဲ့ ဒီမီးတိုင်က ဂက်စ်တွေက နှမတော်တို့ဆီကဟာတွေ ဖြစ်ရင်ဖြစ်နေမှာ မောင်တော်ရဲ့ .. ”

ထိုစကားကို ကြားလိုက်ရသော် ဘ၀ရှင်မင်းတြားကြီးမှာ မျက်လုံးအစုံပြူးကျယ်သယောင် ဖြစ်လာပြီး ပြုံးဖြဲဖြဲနှင့် နှုတ်မှလည်း ..

“ ဟား .. ဟား .. ဒို့မြန်မာတွေ ဂုဏ်ပျက်စရာ မရှိဘူးကွ။ ဟား .. ဟား .. ဒီအိုလံပစ်ဖွင့်ပွဲက ဒို့ကြောင့်ပွင့်ရတာ .. မြန်မာဂက်စ်ကြောင့် ..၊ ဂုဏ်ယူရမယ် ..၊ ဂုဏ်ယူရမယ် .. ဟား ဟား ဟား … ”

ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါတော့သတည်း ။ ။


Read more...