Tuesday, October 30, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၆)

မြစိမ်းရောင်ပြည်ဖုံးကားကြီးတလိပ်လိပ်တက်လာခဲ့ပါပြီ။ ဇာတ်ခုံရဲ့ဘယ်၊ ညာ နှစ်ဘက်က မှိန်ဖျော့ဖျော့(Voltage မပြည့်လို့) စပေါ့လိုက် တွေရဲ့အောက်မှာ၊ ပရိတ်သတ်ကြီးကိုလက်အုပ်ကလေးချီ၊ ခေါင်းကလေးငုံ့လို့၊ ပုလဲရောင်အ၀တ်အစားကလေးဝတ်ကာ၊ ယဉ်ကျေး သောအမူအယာနဲ့၊ မခို့တရို့လေးရပ်နေသူက “ပြောင်လျှာရှည်” ဇာတ်ကြီးရဲ့ခေါင်းဆောင်မင်းသမီးလျှော၊ ကြိုင်ကြိုင်ရှည်လေးရယ်ပါ။ အဲဒီအချိန်လေးမှာပဲ ရွာစားကျော်စိန်ပတ်ရှည်ရဲ့ လက်သံပြောင်ပြောင် နဲ့အတူ၊ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းခြေဆင်းအ ပိုဒ်လေးကို ခေါင်းဆောင် မင်းသမီးလျှောက ဒီလို..ဒီလို ဆိုလိုက်ပါတယ်။

ကြိုင်ကြိုင်ရှည် ။ ။ “ ရှုတိုင်းယဉ်မဆုံးတော့ပြီ ..၊ လှမ်းလို့ချူချင်သည် ..၊ အဝေးကပင်မြင်နိုင်ပေသည်..၊ ထင်ပေါ်လို့ .. စင်တော် ရောက်ခဲ့ပြီ ..၊ သဘင်မဟာ စင်မြင့်နန်းက လှမ်းခဲ့တဲ့ .. သမီးကြိုင်ရှည် ..၊ အလင်္ကာတစ်ခေတ်ဆန်းအောင် ..၊ အသုံးနှုံးလည်းတွဲကာ ဂုဏ်ညီ ..၊ အရိုင်းပေါ် အယဉ်ဆင့်မည် ..၊ အယဉ်ပေါ် ပနံ တင့်သည် ..၊ မင်္ဂလာရက်မြတ် ဆုထူးတွေလည်း .. အစီအရီ..၊ အငြိမ့်သဘင် တစ်ခေတ်မှာ ..၊ ဂုဏ်ထူးလှိုင်တဲ့ ..... သမီး .. ကြိုင်ကြိုင်ရှည် ..... ။ ”

ခြေဆင်းအပိုဒ်လေးဆုံးသွားတာနဲ့ .. စင်ရဲ့ ၀ဲ၊ယာ နံဘေးနှစ်ဘက်ကနေ ..၊ လူရွှင်တော်များကလည်း၊ မင်းသမီးသီချင်းအလိုက်အတိုင်း ဆိုပြီးထွက်လာစေ .....။

ပြောင်ရှည် + လျှာရှည် ။ ။ “ အမေကြိုင်ရင်ကိုလှုပ်ရင် .. ကာလသားများ .. ၀ိုင်းကာလာသည်..၊
သူမတူ ပေါင်တံတုတ်ကာ ..၊ ဟောင်ကောင် ဂျက်မ ရှုံးမည်ထင်သည် ..၊
ကျောက်စိမ်းပေါ် .. စိန်တွေ ဆင့်မည် ..၊ စိန်တွေပေါ်ရွှေတွေကွပ်မည် ..၊ ”

လျှာရှည် ။ ။ “ စိန်တွေကွပ်မည် ..၊ ပလာတာရိုက်မည် ..၊ နံပြားဖုတ်မည် ..၊ ဂေါ်လီလှိမ့်မည်၊ အာပုံ .. ရောင်းမည် ..။ ”

ပြောင်ရှည် ။ ။ “ (ဖြောင်း .. ကနဲ ၊ လျှာရှည်ကျောပေါ် ..) .. ဟာ ..၊ တစ်ယောက်တည်း .. ရှုပ်နေတာပဲ။ သူများတွေ လုပ်စားဖို့လည်း ချန်ထားဦး ..။ ”

ကြိုင်ကြိုင်ရှည် ။ ။ “ မောင်လေး .. တို့ရေ .. ”

ပြောင်ရှည် ။ ။ “ မောင်လေး .. တဲ့ ..၊ သားတို့ရေ .. လို့ လုပ်စမ်းပါ..၊ ခေါင်းဆောင်မင်းသမီးက လူရွှင်တော်တွေ ပွဲ ထုတ်တာမစောင့် ဘူး .. ၊ အတင်းကို ထွက်လာတော့တာပဲ .. ။ ”

လျှာရှည် ။ ။ “ ဟိုသီချင်းထဲကလိုပေါ့ကွာ ..၊ မခေါ်ပဲလာ၊ မနှင်ပဲ ပြေးတဲ့ ..၊ အမေ့ရဲ့ ဒုက္ခအိုးလေးကွဲ ..။ ”

ပြောင်ရှည် ။ ။ “ (ဖြောင်း ... ) ၊ လူကြီးကို နောက်စရာလား၊ ဘာလဲဟ ..၊ အမေ့ကို နောက်စရာလား ..၊ အဲ .. ခုနကလေးကတင်..၊ ဇာတ်စင်နောက်မှာ၊ မင်းသမီး ငါ့ကိုမေးသေးတယ်၊ တရုတ်ပြည်ကို .. အောက်လမ်းကဘယ်လိုသွားရလဲတဲ့ ..၊ ”

လျှာရှည် ။ ။ “ (ဖြောင်း .. )၊ အဟုတ်မှတ်နေ ..၊ မင်းကလဲ .. ပြေးမဲ့ပြေး..၊ အဲယားဇလုံနဲ့ ပြေးမှာပေါ့ကွ..။ ”

ပြောင်ရှည် ။ ။ “ အဲယားပုဂံ .. အဲယားပုဂံ ..။ ”

လျှာရှည် ။ ။ “ လေယာဉ်စားခွက်လုရင်း .. ကျကွဲသွားလို့ ..၊ အခုဇလုံဖြစ်သွားပြီ ..။ ”

ပြောင်ရှည် ။ ။ “ ဇလုံဆိုဟန်ကျတာပေါ့ ..၊ တောင်းစားရင်အိုကေပဲ ..၊ သနားကြပါခင်ဗျာ ..၊ ငါးရာ၊ တစ်ထောင်လောက်၊ ဒေါ်လာပြောတာပါ .. ။ ”

လျှာရှည် ။ ။ “ အေး .. မင်းပဲ သူတောင်းစားဖြစ်မှာ ..၊ ဟိုက ဘိုမ တွေနဲ့ ပလူးကောင်းတုန်း .. ၊ သီချင်းလေးတောင်လုပ်ဆိုနေသေး..၊ (တင်ဇာမော်စတိုင်နဲ့ ..) ကမ်းစပ်..၊ မင်းဟာ ကမ်းစပ် ..၊ ဒို့ဟာ ..အီကြာကွေး အသေးလေးပေါ့ကွယ်၊ အီကြာကွေးအသေးလေးပေါ့ ကွယ် ..၊ ငယ်သေး ...၊ ဖြုံရဲ့လား ... ဟာ .. ဟာ .. ။ ”

ပြောင်ရှည် ။ ။ “ အင်း .. ပိုက်ဆံကလည်းပေါပါ့ ..၊ ဘယ်ကရပါလိမ့် ..၊ အဲ .. အမေကြိုင်ဆီကတောင်းမှာပေါ့ကွ .. နော့ ..၊ တွင်းထဲကနှိုက်ပြီးပေးနေတယ်ထင်တယ် ..။ ”

လျှာရှည် ။ ။ “ ဒါဆိုဟန်ကျပြီ ..၊ အမေကြိုင့်တွင်းသွားနှိုက်ဦးမှ .. ။ ”

ပြောင်ရှည် ။ ။ “ ကြည့်နှိုက် ..၊ အပူလောင်နေဦးမယ်၊ ဂက်(စ်)တွင်းတို့၊ ကျောက်တွင်းတို့ဆိုတော့ အပူလောင်တတ်တယ်ပြောတာပါ..”

လျှာရှည် ။ ။ “ အေး .. ငါကလည်း ဂက်(စ်) တွင်းမပြောပါဘူးလေ..၊ ဟိုတွင်းပြောတာပါ ..၊ ရေတွင်း ..၊ တွင်းဟောင်းရေကြည်၊ အေးမြသည် .. တဲ့ .. ”

ပြောင်ရှည် ။ ။ “ အမေကြိုင်ကလှတုန်းပဲနော် .. အခုတောင်ဝတ်ထားတဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ .. ၊ အဖြူရောင်လှုပ်ရှားမှုကို ဂုဏ်ပြုနေတာလား .. အမေကြိုင်ရဲ့ .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ မဟုတ်ပါဘူး ..၊ ကဲ .. ကဲ .. တော်ကြပါတော့ကွယ်၊ မင်းတို့ပြောတာနဲ့ အမေတောင် ယောင်သွားတယ် ..၊ အမေ ကအဖြူရောင်မကြိုက်ဘူးကွဲ့ ..၊ အမေအရမ်းကြိုက်တဲ့ အရောင်က နှင်းဆီပန်းအရောင် ..၊ အင်း ...... ခုတော့မ၀တ်ရတော့ပါဘူးကွယ်”

ပြောင်ရှည် + လျှာရှည် ။ ။ “ ဘာဖြစ်လို့လဲ .. အမေရ .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ ဘာဖြစ်ရမှာလဲ ..၊ အိမ်ကလူကြီးလေ ..၊ သူ့ဆီပါဆယ်ရောက်လာတဲ့ ..၊ ဘိုမ ဘောင်းဘီတွေနဲ့၊ အမေ့ဘောင်း ဘီ ပန်းရောင်ချင်းတူတယ်ဆိုပြီး၊ မ၀တ်ရဘူးကြိမ်းနေလို့ ..၊ အခု .. အမေလုံးဝမ၀တ်ရတော့ပါဘူးကွယ် ..။ ”

ပြောင်ရှည် ။ ။ “ ဒါ..ဟိုလူကြီး အမေ့ကို ဂွင်ဆင်တာဗျ ..၊ဘောင်းဘီတောင်မ၀တ်ခိုင်းတော့ဘူးဆိုကတည်းကမရိုးသားတော့ဘူး၊ မ၀တ် ရရင်လည်း .. လုံလုံခြုံခြုံသေချာသိမ်းထား၊ ဦးထုပ်မှတ်ပြီးကောက်ဆောင်းသွားရင် .. ဒုက္ခ၊ သူ့အောက်ကဆရာသမားတွေက.. ဘောင်းချုပ်ကြီးအားအလေးပြု .. ဆိုပြီးဖြစ်နေဦးမယ် ... ။ ”

လျှာရှည် ။ ။ “ အေးလေ ..၊ အခုစက်မှု(၁)၀န်ကြီးအမိန့်နဲ့ .. အမျိုးသမီးဝတ်ဘောင်းဘီတိုင်းမှာ .. (န-အ-ဖ) တံဆိပ်ထုပြီးရောင်း မယ်ဆိုပဲ .. ။ ”

ပြောင်ရှည် ။ ။ “ အင်း .. ပုံ/အောင်သောင်းဆိုပြီးတော့တောင်ပါလိုက်သေးတယ်..။ ”

လျှာရှည် ။ ။ “ ဒါက .. သူ ဟိုသင်း .. ဟိုဟာ ဖြစ်လို့နေမှာပါ ..၊ မျိုးချစ်စိတ်ရှိတာပြောတာ .. ။”

ပြောင်ရှည် ။ ။ “ ဒါကိုအမေကြိုင့်လူကြီးက .. ငါ့မိန်းမအရင်ဝတ်စေ .. ဆိုလို့..၊ အားရပါးရ ကောက်ဝတ်လိုက်တာ ..၊ ချုပ်ရိုးရှလို့ .. စစ်ဆေးရုံတောင် ပို့လိုက်ရသေးတယ်၊ ၀ုတ်တယ်နော် အမေ .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ အင်း..သမီးတော်တွေတောင်အဆစ်ပါသေး ..၊ (အဲလေ..) ဒီကောင်လေးတွေနဲ့နော် .. လူကြီးတောင်ယောင် တယ် ..။ ”

လျှာရှည် ။ ။ “ စက်မှု(၁) ကချုပ်မှတော့ ရှ ပြီပေါ့ကွ..၊ အမှန်က ပုလဲနဲ့ငါးလုပ်ငန်းဌာနကိုပေးချုပ်ခိုင်းရမှာ ..။ ”

ပြောင်ရှည် ။ ။ “ ဟ ... ၊ မင်းနှယ် .ဘာဆိုင်လို့တုန်း .. ”

လျှာရှည် ။ ။ “ ဆိုင်ပါပေ့ဗျာ ..၊ အဲဒီဌာနကနေ .. ငါးမန်းသားရေတို့၊ ရေခူတို့နဲ့ချုပ်ရောင်းရင် ဈေးလည်းကောင်း၊ သူတို့ဆီပို့လာရင် လည်း၊ အလဟဿ မဖြစ်၊ သုတ်စားလို့တောင်ရသေးတယ်..၊ လူကြီးတွေအရက်နဲ့မြည်းလို့ရတာပေါ့ကွာ .. ”

ပြောင်ရှည် ။ ။ “ အင်း ..ကောင်းသားပဲ ... ဆီချက်လေးနဲ့ ကြက်သွန်နီလေးနဲ့ .. ၊ ဟာကွာ .. (ထွီ ..) တော်တော့ ..၊ ”

လျှာရှည် ။ ။ “ အခုတောင်သံရုံးတွေမှာ အမိန့်ထုတ်ထားပြီပြီ ..၊ ”

ပြောင်ရှည် ။ ။ “ ဘာတဲ့လဲ .. ”

လျှာရှည် ။ ။ “ အခွန်လာသွင်းရင် .. သက်တမ်းလာတိုးရင် ..၊ လှန်ပြပါတဲ့ ..၊ ဘောင်းဘီမှာတုံးထုရမတဲ့ ..၊ စက်မှု(၁)ကထုတ်တဲ့ ဘောင်းဘီမဟုတ်ရင် .. လုံးဝသက်တမ်းတိုးမပေးဘူးတဲ့ .. ”

ပြောင်ရှည် ။ ။ “ ဟင် .. သွားပြီပေါ့ ..၊ နိုင်ငံခြားသူတွေဘယ်နှယ့်လုပ်မတုန်း .. ”

လျှာရှည် ။ ။ “ သူတို့ကလှန်စရာမလိုဘူး ..၊ ဖင်လန်ကလာလို့ .. ”

ပြောင်ရှည် ။ ။ “ ဟင် .. ဘယ့်နှာကြီးတုန်း .. ”

လျှာရှည် ။ ။ “ သြော် .. အဲဒါဒို့အစိုးရက .. ကိုလိုနီနယ်ချဲ့လက်သစ်တွေကိုပြန်ပြီး၊ Sanction လုပ်တာလေ၊ ဒို့ကမမှုပါဘူး ..၊ ဘာလဲ စီးပွားရေးပိတ်ဆို့မှု ..၊ ကိုသိန်းတန်ကြီးသီချင်းလေးဆိုပြလိုက်မယ် ..၊ ပျင်းတောင်ပျင်းသေးတယ်ဟေ့..ပျင်းတောင်ပျင်းသေးတယ်ဟ။ ”

ပြောင်ရှည် ။ ။ “ အင်း .. ဒါတော့ ဟုတ်တယ် လျှာရှည်ရ .. ၊ ပျင်းတာပေါ့ .. ဟဲ .. ဟဲ ..၊ ဘာလဲဟဲ့ ..စီးပွားရေးပိတ်ဆို့တာ ..၊ တလောကအဲယားပုဂံစီးပွားရေးပိတ်ဆို့ခံရတဲ့အထဲ ပါသွားတယ်တဲ့ ..၊ ရေးနေ..အော်နေလိုက်ကြတာ..၊ ဒီမှာဖြင့်ကိုတေဇတို့ကထိုင် တောင်ရီနေလိုက်သေး... ”

လျှာရှည် ။ ။ “ ဟုတ်လား .. ၊ ဘာလို့ရီနေတာတဲ့တုန်း ..၊ ”

ပြောင်ရှည် ။ ။ “ ဟ ... ၊ မင်းကလည်းနုံပါ့ လျှာရှည်ရာ .. ၊ မြန်မာကွ ..၊ မြန်မာ ..၊ ဘယ်သူ့မှအားကိုးတာမဟုတ်ဘူး ..၊ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်တက်ကိုယ်လှော်ပြီး .. ခရီးဆက်နေကြတာကွ ..၊ ဘယ်သူ့အကူအညီမှဒို့နိုင်ငံတော် အစိုးရကယူခဲ့တာမဟုတ်ဘူးဟေ့ ..... ။ ”

လျှာရှည် ။ ။ “ အင်း .. ဆက်ပါဦး၊ မင်းပြောမှငါ စိတ်အားတက်လာပြီ..၊ နို့မို့ ..ရီသာရီနေရတာ။ ရှေ့ရေးတွေးပြီး၊ စိတ်ဆင်းရဲလွန်းလို့”

ပြောင်ရှည် ။ ။ “ အေး ..... မင်းတို့တတွေအဲဒါခက်တာပေါ့ကွ ..၊ အခုကြည့်စမ်း..၊ စီးပွားရေးပိတ်ဆို့တယ်ဆိုတာခုမှမဟုတ်ဘူး..၊ ဟိုးအရင်ကတည်းက ..၊ ဘာဖြစ်သလဲ ..၊ ဘာမှမဖြစ်ဘူး ..၊ ဒီလောက်ပိတ်ဆို့နေကြတာပဲ..၊ နိုင်ငံတော်ခေါင်းဆောင်တွေကအခက်အခဲ ကြားထဲကနေပြီး၊ အင်မတန်ကြိုးစားခဲ့ရတာကလား .. လျှာရှည်ရ ..၊ ဥပမာကွာ .. အခုမင်းကိုငါ ပါးစပ်ပိတ်တယ်၊ ဘာဖြစ်လဲ .. ။ ”

လျှာရှည် ။ ။ “ ဘာဖြစ်လဲ .. ဘာမှမဖြစ်ဘူး၊ နှာခေါင်းနဲ့လည်းရတာပဲ .. ။ ”

ပြောင်ရှည် ။ ။ “ ကိုင်း .. နားပိတ်တယ်ကွာ .. ”

လျှာရှည် ။ ။ “ ဘာဖြစ်လဲ .. လက်ဟန်ခြေဟန်နဲ့ ပြောမှာပေါ့ကွ .. ။ ”

ပြောင်ရှည် ။ ။ “ ကိုင်း ..အဲဒီလက်ကိုဖြတ်တယ်ကွာ .. ”

လျှာရှည် ။ ။ “ ဖင်လှုပ်ပြီးပြောမှာပေါ့ကွာ .. ”

ပြောင်ရှည် ။ ။ “ ဒါဆို .. အဲဒီဖင်ပါပိတ်တယ်ကွာ .. ။ ”

လျှာရှည် ။ ။ “ ဖင်ပေးပေါင်းပါတယ်လို့ ပြောထားပြီးပြီလေကွာ .. ”

ပြောင်ရှည် ။ ။ “ မှားပါ့ကွာ .. ၊ ဒီမှာလျှာရှည်..၊ ပြည့်အင်အားသည်၊ ပြည်တွင်းမှာသာရှိသည် .. တဲ့၊ ကြားဖူးတယ်ဟုတ် ..”

လျှာရှည် ။ ။ “ အင်း .. လင်းစမ်းပါဦး ပြောင်ရှည်ရ ..၊ ဒါမှ .. နောင်လာနောင်သားတွေကို .. ၊ ငါတို့လက်ထက်က၊ ဟောဒီလို ..၊ ဟောဒီလို .. (လက်သီးလက်မောင်းတန်းလို့ ..) ကြိုးစားခဲ့ကြရတာလို့ ကောင်းမွေပေးနိုင်တော့မှာပေါ့ .. ”

ပြောင်ရှည် ။ ။ “ ဒါပေါ့ ..၊ လျှာရှည်ရ ..၊ ခုဆို ..အဲယားပုဂံပိတ်မယ်တဲ့ ..၊ ဒါဟာ ..ခေတ္တခဏသဘောပေါ့ကွာ..၊ ရေရှည်မဟုတ်ရပါဘူး ။ နောင်မှာနိုင်ငံတကာခရီးစဉ်တွေပြန်လည်ပြေးဆွဲနိုင်မှာပါ။ အဲယားပုဂံကက်စတမ်မာရော၊ ပြည်သူတရပ်လုံးကိုပါပြောချင်ပါတယ်။ စိတ်ပူမနေကြပါနဲ့လို့ .. ”

လျှာရှည် ။ ။ “ ဟုတ်လား .. ပြောင်ရှည်ရ ..ကြားရတာနားဝမှာ အင်မတန်ချမ်းသာစရာပါပဲလား .. ”

ပြောင်ရှည် ။ ။ “ အေး..၊ ခုလိုပြည်ပရဲ့ပယောဂတွေကြောင့်၊ ဒီလိုဖြစ်ရပေမယ့်၊ နိုင်ငံတော်လူကြီးမင်းများကအကြံကောင်း၊ ဥာဏ် ကောင်းတွေနဲ့၊ ကြိုးစားဖြေရှင်းပေးနေကြပါတယ် ။ ”

လျှာရှည် ။ ။ “ ကြားပါရစေပြောင်ရှည်ရေ ..၊ ပြည်သူလူထုအတွက်မဟုတ်ပါလား ..၊ ”

ပြောင်ရှည် ။ ။ “ တနေ့ကပဲ၊ နိုင်ငံတော်အစိုးရကနေပြီးတော့စက်မှု(၁) ၀န်ကြီးဌာနကစက်မှုအင်ဂျင်နီယာပညာရှင်တွေ၊ လေကြောင်းပို့ဆောင်ရေးဌာနကကျွမ်းကျင်သူဝါရင့်ပညာရှင်ကြီးတွေ၊ ပြီးတော့ ဒို့အမျိုးသားသူရဲကောင်းဖြစ်တဲ့ ဦးကျော်ရင် ..၊ အဲ ..၊ သူတို့တတွေနဲ့ညှိနှိုင်းအစည်းအဝေးကြီးတစ်ခုကိုအောင်အောင်မြင်မြင် ကျင်းပလုပ်ဆောင်ခဲ့ပြီးပါပြီ ..။ ”

လျှာရှည် ။ ။ “ ကြားရတာ ၀မ်းသာစရာချည်းပါပဲလားပြောင်ရှည်ရေ ..၊ လုပ်စမ်းပါဦး၊ ဘယ်လိုဆွေးနွေးအဖြေရခဲ့သလဲဆိုတာ ..”

ပြောင်ရှည် ။ ။ “ အင်း .. အင်း ..၊ အခုပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ အစားထိုးပျံသန်းပေးနိုင်ဖို့၊ ကြက်ဆူဆီနဲ့မောင်းနိုင်တဲ့ မီးပုံးပျံတွေတည်ဆောက်ထုတ်လုပ်မယ်။ လောလောဆယ်မှာတော့ ပြည်တွင်းခရီးစဉ်အဖြစ်၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-တိုက်ကြီးနဲ့ ရန်ကုန်-ထန်းတပင် ခရီးစဉ်များကို စတင်ပျံသန်းပေးပါ့မယ်တဲ့ .. ”

လျှာရှည် ။ ။ “ ဟင် !! .. နေပါဦး .. ဦး .. ”

ပြောင်ရှည် ။ ။ “ ငါ့စကားမဆုံးသေးဘူး ...၊ အဲ .. အဲဒီခရီးစဉ်တွေအောင်မြင်ခဲ့ရင်တော့ ..၊ ပြည်ပခရီးစဉ်တွေကိုတိုးချဲ့ပြေးဆွဲပေး ပါမယ်၊ နိုင်ငံတကာလေကြောင်းလိုင်းများနဲ့ မတူ ထူးခြားတဲ့ ၀န်ဆောင်မှုများလည်းပေးပါဦးမယ် ..”

လျှာရှည် ။ ။ “ ကောင်းလှချည်လား..၊ လုပ်ပါဦး .. ”

ပြောင်ရှည် ။ ။ “ အင်း ..၊ ဘယ်လိုဝန်ဆောင်မှုများလဲ ဆိုတော့ ..၊ ဆေးလိပ်သောက်ခွင့်ပေးပါ့မယ်၊ ပြင်ပလေထုအားပါးတရရှူခွင့်ရ စေရပါမယ်၊ မီးပုံးပျံကအကာမရှိဘူးဆိုတော့လေ ..၊ အဲ .. ချို့ယွင်းချက်ကလေးတစ်ခုကတော့ .. အိမ်သာထည့်မပေးနိုင်သေးဘူးဆိုတဲ့ အကြောင်းပါ။ အဲဒါကြောင့် ခရီးသည်များအနေနဲ့ ..၊ နို့ဆီဗူးအလွတ်လေးတွေ ကြိုတင်ယူဆောင်လာဖို့တော့ လိုလိမ့်မယ်ခင်ဗျ .. ။ ”

လျှာရှည် ။ ။ “ အင်း .. မီးပုံပျံပေါ်၊ ဆေးလိပ်ရောင်းချခွင့်လိုင်စင် ငါ့ကိုပေးလေ၊ ကျားပျံမကောက်က ငါ့အဒေါ် ..၊ ဟာ .. ရှုပ်ကုန်ပြီ၊ ငါကအကောင်းမှတ်လို့ ...၊ မင်းနို့ဆီဗူးအခွံကယူလာဖို့မလွယ်တော့ဘူး .. ၊ အစိုးရကအကုန်လိုက်သိမ်းနေလို့ .. ။ ”

ပြောင်ရှည် ။ ။ “ ဟုတ်လား..၊ ဘာလို့လဲ .. ”

လျှာရှည် ။ ။ “ မင်းမကြားဘူးလား ..၊ ညူကလီယားဓါတ်ပေါင်းဖိုဆောက်မှာမို့ ..၊ ကုန်ကြမ်းလိုက်စုနေတာတဲ့ ..၊ လျှပ်စစ်ဓါတ်အား ထုတ်မယ်ဆိုပဲ .. ။ ”

ကြိုင်ကြိုင်ရှည် ။ ။ “ ကဲ ..ကဲ ..၊ တော်ကြပါတော့ .. မောင်လေး .. ၊ အဲလေ .. သားတို့ရယ်၊ အမေလေ.. သူ့ကို..၊ ဟိုးအရင် .. ငယ်ရွယ်၊ နုပျိုစဉ်အချိန်ကတည်းက ချစ်ခဲ့ရတာပါကွယ်။ ”

ပြောင်ရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ကြားပါရစေ..၊ အမေရေ .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ ခုတော့ဖြင့် .. ဘ၀တွေကခြား ..၊ အလှတွေကလည်လျော့ပါးလို့ ..၊ အဘား .. အဘား .. လို့ ကုလားလိုအော် နေရတဲ့ကာလမှာ အမေသီချင်းလေးတစ်ပုဒ်နဲ့ ဖျော်ဖြေတင်ဆက်ချင်ပါတယ် သားတို့ရယ် ..။ ”

လျှာရှည် ။ ။ “ အော်လေ .. အဲ .. ဆိုလေ ..၊ ပရိတ်သတ်ကြီးကလည်း၊ အမေ့ရဲ့ရွံ့တွနေတဲ့ အကအလှလေးများကို စောင့်မျှော် နေကြပါပြီတဲ့ခင်ဗျာ ..။ ”

ကြိုင်ကြိုင်ရှည် ။ ။ “ အဲဒါကြောင့် .. အသက်ကြီးပေမယ့် ..၊ မပျက်စီးသေးဘူးဆိုတာ ခေတ်လူငယ်တွေသိသွားရအောင် ၊ အမေက အဆိုတော် ဖြိုးကြီးရဲ့ .. အထည်ကြီးပျက်ဆိုတဲ့ သီချင်းလေးကို ဒီလို .. ဒီလို .. ဆိုလိုက်ချင်ပါသတဲ့ကွယ် .. ။ ”

ပြောင်ရှည် ။ ။ “ ကဲ ..... စိန်ပတ်ရှည်ရေ ..၊ အမေ့အသံလေးများကြားတော်မူရစေဖို့ .. မနှေးမမြန်လေး၊ ရော့(ခ်)အင်ရိုး(လ်) တေးနဲ့ ၊ လေးဇီးကလပ်၊ ဆွေးပြီးငတ်ရအောင် ခပ်ဆတ်ဆတ်လေး .. တီးပေးပါတော့ဗျား ... ။ ”

စိန်ပတ်ရှည် ဆိုင်းကိုဒစ္စကိုပြောင်း၊ ကလို့ကောင်းအောင်တီးစေ ... ။

ကြိုင်ကြိုင်ရှည် ။ ။ “ မင်းနဲ့ရတာ .. ငါ့အတွက်တော့၊ ပျက်စီးဖို့ပဲဖြစ်လာနေခဲ့ ..၊
သံဃာတွေကိုပစ်သတ်မှ .. ငါနင့်အကြောင်းသိလာ၊
သေနတ်နဲ့တင်ပစ်လို့မ၀ ..၊ ဂျေး(လ်)ထဲလည်းထည့်ဦး ..
နေ၀င်အမှောင်ချိန်ညရောက်မှ ..၊ အပီအပြင်ဖမ်းပစ်တာ ..၊
နင်တကယ်ကောက်ကျစ်တာ..၊ (ငါအံ့သြမဆုံးပါ ..)
ပါးစပ်ကနဲ့တင်ဆွေးနွေးမရ ..၊ လက်တွေ့လည်းပြဦး ..၊
ယူအင် ကောင်စီရောက်တော့မှ ..၊ နင်တကယ်အီးထွက်မှာ ..၊
နင်ဒေ၀ဒတ်ရဲ့ဆရာ ..၊
(အ၀ီ..စိရောက်မှာ..)
(နင်တကယ်ဂျိုးကပ်မှာ ..) ။”

ကြိုင်ကြိုင်ရှည်ထပ်ကာထပ်ကာကျော့ပြီးဆိုက၊ကစေ ..။

လျှာရှည် ။ ။ “ သြော် .. ဒေ၀ဒတ်လည်း၊ သူနဲ့တွေ့မှ၊ ရာထူးလျှောသကိုး..၊ ကဲ .. ပရိတ်သတ်ကြီးလည်းကျန်းမာချမ်းသာတော်မူကြပါ စေဗျာ..၊မင်းသမီးလည်းအမောဆို့နေပါပြီ။ ကျွန်တော်မျိုးပြောင်လျှာရှည်ဇာတ်၊ မနက်ဖြန်ခါ၊ ပွဲခွင်ကူးရမှာမို့၊ ဒီမှာတင်ပဲ တစ်ခန်းရပ်ပါရစေခင်ဗျာ ....။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)


Read more...

Monday, October 29, 2007

ပြောချင်လွန်းလို့ (၈)

Myanmar Media, Education & Development Watch မှာစာတစ်စောင်ဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်က တရုတ်နဲ့ ရုရှားမြန်မာ စစ်အာဏာရှင်တို့အားထောက်ခံရခြင်းအကြောင်းအရင်း ပါတဲ့။ တရုတ်တော့မသိဘူး။ ရုရှားနဲ့ပတ်သက်တာလေးထပ်ဖြည့်ပြောချင်လို့ပါ။ သိထား၊ မှီထားတာလေးတွေပေါ့ခင်ဗျာ။

လွန်ခဲ့တဲ့ 2001 ခုနှစ်မေလကစပြီးတော့ ရုရှားကိုမြန်မာစစ်ဗိုလ်လူငယ်တွေနဲ့၊ အရပ်ဘက်ဝန်ထမ်းအနည်းငယ်ကိုပညာသင်စေလွှတ်တဲ့ အကြောင်းတွေအရှေ့မှာပြောခဲ့ပြီးပါပြီ။ နှစ်စဉ်ပုံမှန်အရေအတွက် (၃၀၀) ကျော်ပမာဏရှိတဲ့လူငယ်တွေကိုဘာကြောင့် ငွေကြေးအကုန် အကျခံပြီးစေလွှတ်နေသလဲ။ ဒီလောက်ပြည်သူတွေငတ်မွတ်စုတ်ပြတ်နေရတဲ့ကြားထဲမှာ၊ ဘာလို့အဲဒီအစီအစဉ်ကိုအသဲအသန်အကောင် အထည်ဖေါ်နေရသလဲ။ နောက်ခံအကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အခြေခံအချက်ကတော့ တပ်မတော်ကြီးကို အနာဂတ်မှာ ခေတ်မှီပြီး၊ လက်နက်နည်းပညာ၊ အစစအရာရာမှာသူများထက် သာလွန်ကောင်းမွန်စေချင်တဲ့အကြောင်းပါ။ ဒါဟာကောင်းပါတယ်။ ယေ ဘုယျအမြင်အရတော့တင့်တယ်ပါတယ်ပေါ့ခင်ဗျာ။ သို့သော်အများကြီး စဉ်းစားစရာတွေရှိပေမယ့်၊ တစ်ဖက်ကလည်း သိပ်ပြီးတော့ချဲ့ တွေးနေစရာမလိုပါတော့ဘူး။ ဘာလို့လဲဆိုတော့ဘီလူးရုပ်ပေါ်သထက်ပေါ်လာနေတဲ့ စစ်အစိုးရဟာ (၂၀၀၇) ခုနှစ်မှာတော့ သူ့စရိုက်ကို လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန်၊ အားလုံး..အားလုံးကိုမခြွင်းမချန်ထုတ်ဖေါ်ပြသခဲ့ပြီးဖြစ်လို့ပါ။ အဲဒါကြောင့်ရုရှားပညာတော်သင် လွှတ်ပြီးတော့ ညူကလီးယားနည်းပညာအပါအ၀င်၊ စစ်တပ်ဖွံ့ဖြိုးရေးအတွက်သာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ဒီစီမံကိန်းများ လုပ်သင့်၊ မလုပ်သင့်၊ ဖြစ်သင့်မဖြစ်သင့်ကို၊ကျွန်တော်မျိုးဖေန်ဆွေးနွေးနေစရာမလိုတော့ပါဘူး။ အနဲငယ်တော့ပြောစရာကျန်ပါသေးတယ်။
၂၀၀၁ ခုနှစ်၊ မေလဆန်းလေးမှာဖြစ်ပါတယ်။ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုအ၀င် ၊ပြည်လမ်းမကြီးပေါ်မှာ၊ နိုင်ငံတော်ကာကွယ်ရေးတက္က သိုလ်ဆိုတာရှိပါတယ်။ လှည်းတန်းဘက်ကလာရင် ပြည်လမ်းမကြီးရဲ့ ဘယ်ဘက်မှာရှိပြီးတော့၊ စော်ဘွားကြီးကုန်းဘက်ကလာရင်တော့ ညာဘက်ပေါ့ခင်ဗျာ။ အဲဒီတက္ကသိုလ်ဟာ လေဆိပ်အ၀င်လမ်းနဲ့မျက်နှာချင်းဆိုင်လောက်မှာတည်ရှိပြီးတော့၊ လမ်းရဲ့အတွင်းဘက်ကျကျ လေးမှာတည်ရှိခြင်းဖြစ်ပါတယ်။ ကားလမ်းကကြည့်ရင်ထင်ထင်ရှားရှားမတွေ့ရဘူးခင်ဗျ။ ဒါပေမယ့်၊ အဲဒီတက္ကသိုလ်ရဲ့နောက်နားလေး ကနေကြည့်ရင်တော့ မင်းဓမ္မကုန်းကို လှမ်းမြင်နေရပါတယ်။ ရုရှားပညာသင်သွားမဲ့ပုဂ္ဂိုလ်တွေအားလုံးကို၊ အဲဒီတက္ကသိုလ်မှာနေ့စဉ်ခေါ် ယူတွေ့ဆုံပြီးတော့ နိုင်ငံတော်လူကြီးမင်းများကမိန့်ခွန်းခြွေကြပါတယ်။ ဒို့တာဝန်အရေးသုံးပါးဆိုတာ အနည်းငယ်ဂါထာရွတ်မန်းမှုတ်ပြီး တော့၊ တပ်မတော်ရဲ့ကဏ္ဍကိုအဓိကဆွေးနွေးပို့ချတာဖြစ်ပါတယ်။ အရေးပါဆုံးအကြောင်းအရာကတော့ ရုရှားကိုဘာလို့လွှတ်သလဲဆို တာပါပဲ။ဟုတ်ပါတယ်။ ရုရှားသွားမဲ့လူတွေကိုသွားရခြင်းအကြောင်းအရင်းပြောပြတာသဘာဝကျပါတယ်။ သဘာဝမကျရတဲ့အကြောင်း အရင်းကတော့အားလုံးသိကြတဲ့အတိုင်း လျှပ်စစ်မီးတောင်မမှန်တဲ့အခြေအနေမှာ ညူကလီယားနည်းပညာကိုဘာလို့အသဲအသန်အလို ရှိကြပါသလဲဆိုတာပါ။ ထားလိုက်ပါတော့၊ ကြေငြာချက်ထုတ်ပြီးတော့ ငြိမ်းချမ်းရေးမှာအသုံးချဖို့၊ ဘာညာလက်ခံနိုင်ပါသေးတယ်။ အဲ.. အဆိုးဆုံးကတော့၊ လက်နက်ပဲ။ Media Watch မှာဖတ်လိုက်ရတဲ့ စာထဲ မှာပါသလိုပါပဲ။ အဲဒီစာပါအကြောင်းအရာကိုတော့အားလုံး ဖတ်နိုင်ကြတာမို့၊အခုဒီအထဲမှာမပြောတော့ပါဘူး။ဒါပေမယ့်ထပ်ပြီးဖြည့်စွက်ပြောချင်တာကတော့၊အားလုံးဟာမှန်တယ်ဆိုတာပါ။ ဘာလို့မှန်သလဲပြောရရင်တော့၊ ဗိုလ်ချုပ်ကြီးများညူကလီးယားလက်နက်နည်းပညာကိုအသဲအသန်အလိုရှိနေတဲ့အကြောင်း၊နှုတ်ကနေ ဖွင့်ချပြောပြသွားလို့ပါပဲ။ အခု ထောင်နန်းစံနေရတယ်ထင်တဲ့၊တွင်း(၃)ကတော့ပြောပါတယ်။ ဘန်ကောက်ကို(တစ်ပါတ်)နဲ့အပြီးသိမ်းမယ် တဲ့ခင်ဗျာ။ ဘာလို့ဆိုတော့ အဲဒီအချိန်ကာလကမြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်မှာ (ပါချီးအရေးအခင်း) ပူပူနွေးနွေးဖြစ်ထားလို့ပါပဲ။ သူဆို လိုချင်တာက၊ လက်ရှိလက်နက်နည်းပညာမှာ ထိုင်းကိုမမှီသေးလို့ တစ်ပါတ်လောက်မှသိမ်းနိုင်မယ်၊ ရုရှားကနေ စစ်ဗိုလ်တွေပြန်လာပြီး ပြီဆိုရင်တော့ တစ်ရက်တည်းနဲ့သိမ်းနိုင်လိမ့်မယ်လို့ နှပ်ကြောင်းပေးပြောချင်တာလားမသိဘူးဗျ။ Media Watch မှာတွေ့ရတဲ့စာအရဆို ရင်၊လူ(၅၀)လောက်ကိုဒီနည်းပညာတွေသင်ယူခိုင်းထားတယ်လို့ဆိုပါတယ်။(၅၀)တောင်ကပါ့မလားမသိပါဘူး။ အဲဒါကြောင့်ကျန်တဲ့အပိုင်းတွေကိုတော့ အားလုံးဝိုင်းစဉ်းစားသင်ြ့ကပါတယ်။ ပြောပြချင်တာကတော့ ရုရှားအစိုးရကဘာလို့မြန်မာကို ထောက်ခံသလဲဆိုတဲ့ ပေးစာဖေါ်ပြချက်ကိုမှန်ကန်ပါကြောင်း၊ အပြည့်အ၀ထောက်ခံပါတယ်ဆိုတဲ့ အကြောင်းပါ။ ပြောချင်လွန်းလို့(၈)ကို တော့ဒီမှာပဲ တိုတိုတုတ်တုတ်ရပ်လိုက်ပါတော့မယ်ခင်ဗျာ။ အခြားပညာရှင်များ၊သုတေသီများရေးသားထားတဲ့ ဆောင်းပါလေးတွေ ဖတ် ချင်ရင်တော့ ဧရာဝတီအင်တာနက်မဂ္ဂဇင်း မှာဖတ်ရှုနိုင်ကြပါတယ်။ အနာဂတ်မြန်မာပြည်သူအပေါင်း ညူကလီးယား ဗုံးဒဏ် မကြုံတွေ့၊ မခံစားရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။


Read more...

Wednesday, October 24, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၅)

သန်တာရှည်လေးရဲ့အဆိုအက၊ အငိုအလှလေးတွေပြီးတာနဲ့ ..... ဟော .....
ပြောင်ရှည်ကိုယ်တော်မြတ် ..... ဘယ်ဇာတ်ကငှားလာလဲ မသိတဲ့ ဘုရင်အ၀တ်အစားတွေဝတ်ထားတော်မူပြီးသကာလ၊ လက်ထဲမှာ ရုရှားလုပ် အေကေ-၄၇ မောင်းပြန်ရိုင်ဖယ်စွဲကိုင်တော်မူလို့ပါလား .....
စိန်ပြောင်ရှည်ရဲ့ (ဗေထုံပေတပ်၊ ပတ်ဗေ ထိထိ ..) တီးလုံးအချိုးပြီးသည်နှင့် ..... ဗုံထောက်အလိုက်နှင့်ဆို .....

ပြောင်ရှည် ။ ။ “ တိုင်းမဟာနေပြည်တော်က ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျ၊ ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျား ....၊ ကလိန်ကကျစ် အလွန်တော်သည် .....၊ ပညာအရာမဟော်အလား .....၊ ကုလလောက်တော့ ပျင်းပါသည်၊ ..... ကုလလောက်တော့ ပျင်းပါသည်ခင်ဗျား ..။ ကျုပ်မှာတပ်ထား ..... ဒုံးတွေက များများ.... ဟား .. ဟာ .. ၊
သယ် !! .. အမှောင်မိုက်မဲ ...၊ ငါတစ်ယောက်တည်း၊ စမ်းတ၀ါးဝါး၊ လမ်းအမှားမှား နဲ့ လာလိုက်တာ ..၊ (၁၉) နှစ်ကျော်၊ အနှစ် (၂၀) ပျော်၊ မဟာကလိန်ကျ၊ အသာတကြည်နေပြမဲ့ ၊ ကြပ်ပြေးဆိုတာရောက်ပါပေါ့ ..။ .. ဟယ် !! .. ရောက်လျှင်ဆိုရင်ပဲ ..၊ မြေပြင်အခြေအနေ သိရအောင်၊ တောလိုက်တော်မူမယ်ဟေ့ .. ”

လျှာရှည် ။ ။ “ ဧရာဝတီ ..၊ ရာဇ၀င်ထဲက သတို့သမီး ..၊ သူတို့ရဲ့မိခင် ... ၊ ဧရာဝတီ ... (သီချင်းဆိုရင်း .. ရေခပ်ဆင်းစေ ..)၊ အင်း .. မာတာမိဘ၊ ကုသိုလ်ကံဆိုး၊ မျက်စိအစုံကိုးမရအောင် ဖြစ်ခဲ့ပါပေါ့ ..... ၊ အေးလေ .... ဒါကြောင့်လည်း..၊ မိအိုဖအိုတို့ ..၊ သောက်ရေသုံးရေအတွက်၊ ရွှေသမင်အပေါင်းနဲ့၊ နေညိုညို .. အချိန်မကုန်ရအောင် ...... ရေခပ်လိုက်ဦးမှပဲလေ ...... ။ ”

ပြောင်ရှည် ။ ။ “ အလို !! .. အရှေ့မှာ အရောင် တ၀င်းဝင်း တ၀ါဝါနဲ့၊ လူလော ..၊ နတ်လော .. ရဟန်းလော ..၊ စုရုံး ..စုရုံး .. လာနေ လိုက်တာ၊ ကြက်သီးများတောင် ထမိပါဘိ၊ ငါ့ဆီနီးလာရင်တော့ မလွယ်ချေဘူး ..၊ အဲဒါကြောင့် ..၊ ရဟန်းလူနတ်၊ သုံးလီမကပ်ရအောင်၊ တအားကုန်ပစ်ထည့်လိုက်မယ် ..၊ သေရော့လဟယ် ..။ (ဒိုင်း .. ဒိုင်း .. ဒိုင်း .. ) ”

လျှာရှည် ။ ။ “ အား !! .. သေပါပြီဗျာ .... (အဆိုတော်ဘိုဘိုရဲ့ .. သီချင်းလေးအတိုင်းလဲကျသွားကာ..) ငါဟာမြားဆိပ်တက်နေလား၊ ဆေးအမြန်ကုပေးပါ၊ မဲမဲတွေ့သမျှ သောက်ရမ်းပစ်တယ်၊ ဘုရင်ရူးရူးသူရယ်။ နင်ဘယ်ဥကပေါက်တာလဲ ..၊ ယုတ်မာသူကြီးရယ် .. ရယ် ..) အလို .. ဆိုနေ လို့မပြီးသေးပါဘူး .....၊ တရားမရှိ၊ အမှားမသိ၊ ၀ိဇ္ဇာအမှောင်ဖုံး ..၊ ဆင်ကန်းတောတိုးသလိုမျိုး ..ရက်စက်ပါပေ့၊ မည်သူကများလုပ်ရက်လေအား ..... အော် ... ကျွတ်ကျွတ်ကျွတ် ..... ။ ”

ပြောင်ရှည် ။ ။ “ အလို !! .. မှားပြီထင်ပါ့ ..၊ တရုတ်နဲ့စကားပြောဖို့၊ ကုလားစကားကျက်လာမိရဲ့သားဖြစ်ပြီ။ ဆေးရုံပို့ရအောင်တောကြီး မျက်မည်း၊ အမ်ဗြူးလဲ(န်) လည်းမရှိ၊ ရှိတော့လည်းဘာမှမထူး၊ဆေးရုံမှာဆေးစုံတာမဟုတ်၊ နာရေးကူညီမှုကိုခေါ်ရမလား ..၊ ဖုံး ဆက်ဖို့ဂျီအက်စ်အမ်လိုင်းကလည်း၊ ငါ့အမိန့်နဲ့ဖြတ်ထား၊ အွန်လိုင်းကလည်းသုံးမရ .... ၊ ခက်တော့နေပြီ၊ အဲ .. ပြောနေတာကြာတယ်၊ ဖြစ်ချင်တာဖြစ်၊ သေတာရေမျှော၊ နာတာထောင်ထည့်၊ ရှင်တာစစ်ကြည့်ရအောင်.. ၊ အနီးကပ်ကြည့်လေဦးမှ ..... ။ ”

လျှာရှည် ။ ။ “ မေတ္တာသန္တော အနန္တောလို့ မြတ်ရှင်စော၊ ဟောကြားခဲ့တာပဲလေ၊ မေတ္တာကိုအရင်းခံထား၊ သေရင်လည်းကောင်းရာ လားရအောင်၊ မေတ္တာပို့ရင်းပဲ အသေခံတော့မယ် .. ”

ပြောင်ရှည် ။ ။ “ အလို ..... လက်ချည်းဗလာ၊ တအားညင်သာ၊ ငါ့အားရန်မပြု၊ အများသူတစု၊ ပုံ့ပုံ့လေး၊ကြုံ့ကြုံ့ကွေးပြီးလဲနေပါလား၊ မဖြစ်ချေဘူး၊ အလျှောက်ကောင်း၊ အထောင်းသက်သာဆိုသလို၊ နဲနဲတော့ဟန်ဆောင်ပြီး၊ လူနာမေးချင်ယောင်ဆောင်ဦးမှ ..၊ အဲ .. မသိလို့ ပစ်မိတာပါနော် ..၊ စိတ်မဆိုးပါနဲ့ .. ကျုပ်ဗိုလ်သန်းရွှေဖြစ်ပေတယ်၊ သင်လိုရာပြော၊ လင့်ခရူဇာလား၊ ဖာစီတီးလား၊ အို ...... ကြိုက်တာပြော၊ ကျုပ်အာဏာမလုရင်ပြီးရော ..၊ လိုတာပေးမည်သာပ ။ ”

လျှာရှည် ။ ။ “ အရှင်မင်းကြီး၊ ကျုပ်ဘာမှမလို၊ မေတ္တာသာလိုပါတယ်။ ”

ပြောင်ရှည် ။ ။ “ မေတ္တာလား၊ ခေါ်ပေးမယ်လေ၊ ကျုပ်အခုစောင့်ကြည့်ခိုင်းထားတယ် ..။ ”

လျှာရှည် ။ ။ “ အဲဒီမေတ္တာမဟုတ်ဘူး၊ အသင်မင်းကြီးရဲ့ ရင်ထဲကမေတ္တာပြောတာ .. ”

ပြောင်ရှည် ။ ။ “ အင်း ... သေကာနီးတောင်ကျုပ်မှာ ရှိပါ့မလား မသိ .. ”

လျှာရှည် ။ ။ “ ကျုပ် .. ယမ်းဆိပ်တက်နေပြီ ..၊ အသင့်ထံမှာ ဇာဂနာပါသလား .. ”

ပြောင်ရှည် ။ ။ “ ဒီကောင့်ကိုခေါ်ဘူး ..၊ ဒီကောင်ကျုပ်ကိုစိတ်တိုအောင်အရမ်းလုပ်တာပ၊ မှန်တာချည်းပဲပြောတယ်၊ မနေ့တနေ့က မှပြန်လွှတ်လိုက်တယ်၊ အခုထပ်ပြောနေပြန်ပြီ .. ။ ”

လျှာရှည် ။ ။ “ ဟာ .. ဒီဇာဂနာပြောတာမဟုတ်ဘူး၊ ကျည်ဆွဲထုတ်ဖို့ ဇာဂနာ၊ ပြောရင်းနဲ့ အသက်ထွက်တော့မယ် .. ။ ”

ပြောင်ရှည် ။ ။ “ အဲ .. လွှတော့ပါတယ်၊ အဲဒါနဲ့ ဖြတ်ထုတ်မယ်လေ ..၊ ”

လျှာရှည် ။ ။ “ အောင်မလေး ... ပြောင်ရှည်ဘုရင်ရူးရဲ့ .. ၊ လွှနဲ့ရလွှနဲ့ဖြတ်၊ ဓါးနဲ့ရဓါးနဲ့ခုတ်၊ လက်သီးနဲ့ရလက်သီးနဲ့ထိုး၊ အဲဒီလိုဖြစ် နေပါပေါ့လား၊ သေအောင်သာသတ်လိုက်ပါတော့၊ ကျုပ်မျက်စိတွေပြာလာပါပေါ့လား .....။ ”

ပြောင်ရှည် ။ ။ “ ဟမ် ..၊ မှားပြန်ပြီ၊ ငါကိုကလျှာရှည်တာ ..၊ ကိုင်း .. ဖြစ်ချင်တာပြော ..၊ ကျုပ်လည်းအရူးမီးဝိုင်းသလိုဖြစ်နေပြီ .. ။ ”

လျှာရှည် ။ ။ “ အင်း ..ကောင်းပြီ ..... ၊ အသင်မင်းကြီး၊ ကျုပ်မိဘနှစ်ပါးသာ ရအောင်ခေါ်ပေးပါတော့ ..... ။ ”

ပြောင်ရှည် ။ ။ “ အို ... ၊ ဖြစ်တယ် .. ဖြစ်တယ်၊နှစ်ယောက်တည်းဆိုရင်ဖြစ်တယ်၊ လူများရင်သာမရတာ ..၊ ဘယ်မှာနေတာလဲပြော။”

လျှာရှည် ။ ။ “ ဟိုး ........ တောနက်ကြီးထဲက ညောင်ပင်ထီးထီးကြီးရဲ့အောက်မှာရှိတယ် .. ။ ”

ပြောင်ရှည် ။ ။ “ ရပြီ .. ၊ သိပြီ ..၊ အိုင်စီး ..၊ ယာဇနာရု၊ ပိုညား(လ်) .. ”

လျှာရှည် ။ ။ “ မရောက်သေးဘူး .. ၊ အဲဒီညောင်ပင်အောက်မှာရှိတဲ့ အုန်းမှုတ်ခွက်ကိုလှန်လိုက်၊ အင်း ... အဲဒီအုန်းမှုတ်ခွက်လှန် လိုက်ရင် ဘယ်ကိုသွားပါဆိုတဲ့လမ်းပြမြေပုံတွေ့မယ်၊ အဲဒီလမ်းညွှန်အတိုင်းလိုက်သွားရင် ..... ၊ ”

ပြောင်ရှည် ။ ။ “ ရောက်ပြီလား .. ”

လျှာရှည် ။ ။ “ နေဦး .. မရောက်သေးဘူး ..၊ အဲ .. အဲဒီအတိုင်းလိုက်သွားရင် ပိန္နဲပင်ကြီးတွေ့မယ်၊ အဲဒီအပင်ကြီးရဲ့အောက်မှာတဲ ငယ်လေးတွေ့မယ် ....... ။ ”

ပြောင်ရှည် ။ ။ “ အိုခေ .. ကဲ .. အခုပဲ သွားလိုက်မယ် .. ၊ ”

လျှာရှည် ။ ။ “ နေဦးလေ .. အဲဒီမှာ .. မှာ မှာ မှာ .... ”

ပြောင်ရှည် ။ ။ “ ဟဲ့ ..၊ ဒီနေ့ရောက်ပါဦးမလား ... ”

လျှာရှည် ။ ။ “ စိတ်မဆိုးပါနဲ့ မင်းကြီး၊ လုပ်အားပေးနဲ့ .. ထောက်ခံပွဲတွေ လိုက်ရလွန်းလို့ .. ဒီလိုနေကြရတာပါ ။ ”

ပြောင်ရှည် ။ ။ “ အမ် .... ”

လျှာရှည် ။ ။ “ အဲဒီကိုရောက်ရင်အရှင်မင်းကြီး ဒီအတိုင်းခေါ်လို့ရမှာမဟုတ်ဘူး၊ ကျုပ်ဂါထာပေးလိုက်မယ်။ အဲဒါကိုသာရွတ်ပေတော့။ ”

ပြောင်ရှည် ။ ။ “ ငါ့ လမ်းပြမြေပုံသာရှည်တယ်မှတ်တယ် ..၊ သူ့ဟာလည်းရှည်ပေသကိုး ..၊ ကဲ ... အဲဒါသင်ပေးပေတော့ .. ပြော .. ”

လျှာရှည် ။ ။ “ အင်း .. ဂါထာက ဒီလိုပါတဲ့ .. မှတ်ထား ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) တဲ့ ..။ ”

ပြောင်ရှည် ။ ။ “ အင်း .. အဲဒါ ငါကြားဖူးသလားလို့ .. ၊ ထားလိုက်ပါတော့ .. ၊ အားလုံးဟာငါ့ကြောင့်ပဲနဲ့တူပါရဲ့ ..၊ အင်း .. ဒါကြောင့် .. မနှေးအမြန်တခဏ၊ ပြေးကာလေ .. ဟန်ပြမယ် ..၊ ကိုင်း ... ရွာစားရေ ..မတိမ်းမစောင်း၊ ဗိန်းမောင်းနဲ့သာပို့ပေတော့ ..။ ”

ဇာတ်စင်ဝဲယာမှာ မီးရောင်မှိန်သွားပြီး၊ နောက်ခံကားများအမြန်ပြောင်းစေ။ ....

ပြောင်ရှည် ။ ။ “ အင်း .. ပြေးလာလိုက်တာ၊ မောပါပေ့၊ အသက်ကလည်း (၇၀) ကျော်ပြီကိုး ..၊ ကိုင်း .. တဲ ..တော့တွေ့ပြီ၊ ဂါထာ ရွတ်မှ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) .. ”

ထိုအချိန်တွင် .. တီးလုံးပြောင်းလို့ သီချင်းသံထွက်ပေါ်လာစေ ..... ။

မင်းသမီး ။ ။ “ ကိုကို ကျမကိုညာပြီးတော့ မခေါ်နဲ့ ၊ နာမည်ရှိတယ်မကြိုက်ဘူးသိရဲ့လား၊ ကိုကိုနဲ့ ကျနော်ပြိုင်ပြီးအရွေးခံမလား၊ ဘယ်နိုင်လိမ့်မလဲ .. ဒါလေးများ ..၊ အာ .. ဟား ဟား ဟာ .... ။ ”

ပြောင်ရှည် ။ ။ “ ရော ...... ခက်ချေပြီ၊ ဘာပြန်ခေါ်ရပါ့၊ စဉ်းစားစမ်း ....၊ ကြံစမ်း၊ဟုတ်ပြီ၊ ရွေးကောက်ပွဲငါမပေးတာ ..၊ အိုး ... ခေ၊ အဖြေရပြီ ၊ (၁၂) နှစ်မ၊ (၁၂) နှစ်မ ၊ အိုး .. ဟို .. အို ဟိုး ဟို ဟိုး ...... ”

မင်းသမီး ။ ။ “ အလို .. မိတ်ဆွေ ဟောင်းကြီးပါလား၊ သတိလဲထားဆက်ဆံမှပဲ၊ ဥာဏ်ကများပါဘိသနဲ့၊ အင်း .. ဂါထာရွတ်ဦးမှ ..၊ ဒါမှ သူ့စိတ်ရင်းကိုသိမှာ ..၊ (ကြယ်တွေစုံတဲ့ည ...၊ ဒို့အိပ်မက်လေးရယ် ..၊ တကိုယ်ရေ နေခဲ့ရ နေ့စဉ်ညတိုင်းကွယ်၊ ရင်ခုန်သံနဲ့ထုဆစ် ထားတဲ့ တိုင်းပြည်လည်း ..... ၊ ပိုလို့ မွဲသွားအောင် .. ဒါတွေမလုပ်ပါနဲ့ ..... ။) ”

ပြောင်ရှည် ။ ။ “ ဟိုက် ..... ဘာပြန်ဆိုရပါ့ ..၊ ဂါထာလည်းမရှိတော့ဘူး ..၊ ကြံစမ်း .. ကြံစမ်း ..၊ ဟုတ်ပြီ၊ ၀မ်း..တူး..သရီး..၊ (ငါ .. မင်းကိုသတ်ချင်တယ်၊ ငါမင်းကိုသတ်ချင်တယ်၊ ) ”

မင်းသမီး ။ ။ “ အော် .. ဟော ... ၊ သူဟန်ဆောင်တာတွေပေါ်ပြီ၊ အေးလေ၊ မေတ္တာသာထားလိုက်ပါတော့မယ်၊ .. အသင်မင်းကြီး၊ အဘယ်အကြောင်းကြောင့်၊ အခုလို လာခေါ်ရပါသနည်း .. ”

ပြောင်ရှည် ။ ။ “ သိပ်ခေါ်ချင်လွန်းလို့မဟုတ်ပါဘူး၊ မင်း .. သားလေ၊ ငါဟိုဝါးရုံကိုပစ်တာ၊ ကျည်ဆန်က ဘယ်နှယ့် . . . ၀ါးရုံကနေ စင်ပြီး၊ ပိန္နဲပင်ကိုမှန်၊ ပိန္နဲပင်ကတဆင့်ပြန်ကန်ပြီး၊ မင်းရဲ့သားကိုသွားထိတာ၊ တော်တော်ဆိုးတဲ့ ကျည်ဆံ ..၊ မျက်စိမရှိဘူးလားမသိ။ ထောင်ကိုချပစ်ဦးမယ်။ ”

မင်းသမီး ။ ။ “ အလို .. အလို !! ... ၊ ကြားရ ... နားဝမှာမသက်သာပါလား၊ သားတော်မောင်သုဝဏ္ဏသတင်းကိုလ၊ ချစ်သောမေရွှေ ရင်ဆို့ရပါရဲ့၊ ဘုရင့်ရာဇသံမှားဟားဟား ...၊ ဘုရင့်ရာဇသံမှား .. ဟား .. ဟား .. မှား ....၊ရက်စက်လိုက်ကြပါပေ့ ။ ” (မင်းသမီးငိုချင်းချ၊ ဆိုင်းကလည်း၊ ငိုချင်းချစေ .. )

ပြောင်ရှည် ။ ။ “ ဒါနဲ့ .. အသင့်ရဲ့လင်ယောင်္ကျားရော .. ”

မင်းသမီး ။ ။ “ ပြောင်းလဲတတ်တဲ့မင်းကို .. ဒို့ဘယ်လိုမှ နားမလည် ..၊ လင်သေလေသောဒီကမ္ဘာမြေကြီးထဲ အကျဉ်းကျလေရဲ့..၊ မေ့မရနိုင်အောင်ခါးသီးခဲ့လေရဲ့ ..၊ မင်း ..... ရက်စက်မှုတွေ၊ ကိုယ့်ရင်ထဲမှာညစဉ်အိပ်မက်ပေး၊ မှောင်နေတယ် ကိုယ့်ရဲ့ကမ္ဘာမှာအလင်းမရှိခဲ့ရင်လေ၊ ဒီမိုကရေစီသာ ဒို့ရဲ့ အလင်းတန်းလေး၊ ဘယ်ဆီကိုရောက်နေပြီလဲ၊ အိုး .. အိုး ... ဟိုး ..၊ ရက်စက်လေအား၊ (ထူးအိမ်သင်အလိုက်ကလေးနဲ့ပါ၊ ဆိုကရေးတီးထဲကလိုသီချင်း တွေပဲထိုင်ရေးနေရင်၊ ပရိတ်သတ်ပျင်းနေမှာစိုးလို့ .. ) ”

ပြောင်ရှည် ။ ။ “ အင်း .. ဒင်းတောင်မှ ဆိုနိုင်သေးတယ်၊ ငါလည်းဆိုတယ်ဟာ ..၊ (ကိုင်ဇာအလိုက်နဲ့ ..)
အားကိုးထိုက်တဲ့သူရယ် ကယ်ပါအုံးကွယ်၊
ငါ့ဘ၀တော့ ဒီတစ်ခါသေတော့မယ်၊
ဝိုင်းပြီးတော့လေ၊ သူတို့ပိတ်ဆို့တော့မယ်၊
ပြေးပုန်းစရာနေရာ ရှာမယ်။ ”

မင်းသမီး ။ ။ “ အဲဒီအတွက်တော့ တကယ်ကိုမပူနဲ့ကွယ်၊
ကျွန်မတစ်ယောက်လုံး ဒီမှာ ကျန်သေးတယ်၊
ရှင့်ဘက်ကသာ မရိုးမသားမလုပ်နဲ့ကွယ်၊
ကောင်းသွားလိမ့်မယ် တကယ်ပဲဟယ်။ ”
မင်းသမီး ။ ။ “ (Chrous ) အသေကြံမှာလား၊ ဒီတစ်ခါညာမှာလား၊
တကယ်ကိုကွယ်၊ ရှင်းရှင်းပြောဟယ်၊ ”
ပြောင်ရှည် ။ ။ “ တကယ်ကိုမညာပါဘူး၊ အကြံအဖန်မပါပါဘူး၊
ပါတယ်ဆိုရင် ပါးပါးလေးပါကွယ်၊ ”

မင်းသမီး ။ ။ “ အမှန်တကယ်လက်တွဲ၊ အောင်မြန်ရန်မလွဲရွှေပြည်တော် ခရီးနီးပါတယ် ၊ ”

အားလုံးရှုပ်ကုန်ပါပေါ့ ... ကဲပြန်ဆက်ချည်ဦးမှ ..
ပြောင်ရှည် ။ ။ “ အဲဒါကြောင့် .. သုဝဏ္ဏအလောင်းတော်တမလွန်မလားရအောင် .. ၊ ကိုင်း .. ရွာစား ..ဗိန်းမောင်းဗျာ .. ”

ဧရာဝတီမြစ်ကမ်းသို့ဖြတ်လမ်းကပြန်ရောက်စေ ..... ။
မင်းသမီး ။ ။ “ အလို .. အမေ ရွှေရင်ဆို့ရပါပေ့ သားရယ် ... ၊ ဘယ်နှယ့်လုပ်ကြံရမတုန်း .. အရပ်ကတို့ရေ .. ၊ မိဘကိုလုပ်ကျွေး၊ လူမမယ် သားတော်လေး၊ ခုတော့ ကိုယ်ကျိုးနည်းပါပေါ့၊ အေး .. ဒါကြောင့် .. ၊ တိုင်းအထက်လွှာ၊ နှိုင်းစက်စရာက၊ သိကြားသခင်၊ အခင်းမြင်ရင်ပဲ၊ မနှေးယခု .. အလေးပြုရအောင်၊ ရွာစား ...... ၊ သိကြားသံပင့်စေ ......။ ”

စိန်ပတ်ရှည် ။ ။ “ အလို ..၊ ထိုင်ရင်းငုတ်တုတ်၊ ငါလည်းမလုပ်၊ ဖင်အောက်က ဒန်းလော့ကြီး တဗြုတ်ဗြုတ်လှုပ်နေပါရောလား၊”

ပတ်မတီး ။ ။ “ ပန်သုကမ္ဗလာ၊ မြကျောက်ဖျာလုပ်စမ်းပါ။ ”

စိန်ပတ်ရှည် ။ ။ “ ဟဲ့ ..နင်ဘာသိလို့လဲ .. ငါ့ဘာသာငါ ဆိုင်းတီးနေတာ၊ သိကြားမင်းကြီးလုပ်ပေးစမ်းပါဆိုပြီးပြောင်ရှည်လာခေါ်လို့ သိကြားငုတ်တုတ်ဖြစ်ရပါရောလား ..၊ အဲ ... အဲ . ဘယ်ရောက်ကုန်ပါလိမ့် ..၊ အဲဒီ ဒန်းလော့က မြကျောက်ဖျာထက်ကောင်းတယ်ဆိုပြီး၊ ဗိုလ်သန်းရွှေပေါ့၊ ရွှေတိဂုံ ထီးတော်တင်တုန်းက ငါလူ့ပြည်ဆင်းတုန်းလာလဲ သွားတယ်၊ ခုတော့ နတ်သမီး ငါးရာနဲ့ ဒီဒန်းလော့နဲ့တော့ခက် ချေပြီ၊ မိဘုရားတွေက အာဇာနည် စမ်းစမ်း အားကျပြီး၊ ငါ့ဒန်းလော့ပေါ်တက်တက်ခုန်တယ်လေ၊ ဒန်းလော့ကြီးကအမြဲလှုပ်နေတော့၊ ငါလည်းလူ့ပြည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ဘူး၊ အခုတော့ နတ်တွေ ဥပုသ်လမို့ ငါခဏလှဲတုန်းလှုပ်တယ်ဆိုတော့ထူးတာပဲ။ ကိုင်း .. အဲသဟာကြောင့်၊ လူ့ပြည်အရေး အမြန်အကဲခတ်လိုက်မဟယ် .....၊လာလေရော့ .. ၊ဟိုက်..ငါ့ဘလောက်ကြီးအဖျက်ခံလိုက် ရပြီကော ..၊ ”

ပတ်မတီး ။ ။ “ နတ်ပြည်အထိတောင်မလွတ်ပါလား .. ကဲ .. ကဲ ၊ ရှိတဲ့တန်ခိုးလေးပဲ ထုတ်သုံးလိုက်တော့ ... ။ ”

စိန်ပတ်ရှည် ။ ။ “ အေး ..၊ ဒါကြောင့်ပြောနေကြာတယ်၊ ကိုယ်တိုင်ဆင်းပြီး .. အကဲခတ်ရအောင် ..၊ ကိုင်း .. ရွာစား .. ကိုယ့်ဘာသာ ကိုယ်တီးလို့ဆင်းပြီးသွားမယ်ဗျား ..... ။ .. ( ငါ၏ တန်ခိုး၊ အလျှံတိုးလို့၊ မိုးယံထက်တင်၊သုံးဘက်မြင်၊ မြင်သူမှတ်ထား၊ ငါသိကြား ဆိုတာ ..၊ သိကြရော့ လဟယ် ..... )။ ”

ရိုးကနဲ့ရိပ်ကနဲဖြင့်စိန်ပတ်ရှည်သိကြား၊ လူ့ပြည်ရောက်သွားစေ ..... ။

စိန်ပတ်ရှည် ။ ။ “ ဟင် .. လောကတခုလုံးမှောင်လို့မဲနေပါလား ... ၊ ငါ့ကိုဘယ်သူမှဂရုမစိုက်၊ ဘယ်နှယ့်ဖြစ်ပါလိမ့်၊ သိကြားတော့ ကိုယ်ကျိုးနည်းပြီထင်ပါ့ .... ။ ”
အရပ်ရှစ်မျက်နှာတခွင်စူးစမ်းဆင်ခြင်ပြီးသကာလ .... ။

စိန်ပတ်ရှည် ။ ။ “ အော် .. သိပြီ ..၊ သိပြီ ၊ မီးမလာပဲအမှောင်ထဲနေလာတာကြာလို့၊ ငါသိကြားကိုယ်ရောင်ကိုယ်ဝါအရမ်းတောက်ပ သွားပြီးမျက်စိကျိန်းကုန်တာဖြစ်မယ်၊ မက်ဂါဝပ် နဲနဲလျှော့ပြမှ ..၊ ကိုင်း .. ဟိုရေအား၊ ဒီရေအား၊ သူများနူကလီယားတော့လည်းယား၊ ဟိုမရောက်၊ ဒီမရောက်ခပ်ဂေါက်ဂေါက်နဲ့၊ ရုရှားရောက်ပေါက်တောက်တောက်မဖြစ်ရလေအောင်၊ ၂ မဂ္ဂါဝပ်အလင်းဆောင်မဲ့ ...၊ အလင်းရောင်အစာကြေဆေး (အဲလေ .. ယောင်လို့) .. ၊ ငါသိကြားဖြစ်တော့သကိုး ..... ။ ”

အားလုံး ။ ။ “ ဟာ .. သိကြား .. သိကြား .. ”

စိန်ပတ်ရှည် ။ ။ “ မလန့်ကြပါနဲ့ ..၊ ငါသိကြားလူ့ပြည်ဆင်းပြီး၊ အမျိုးကောင်းသားတွေ ဒုက္ခရောက်နေလို့လာကယ်တာ၊ ဟော .... အခု သူတော်လောင်းလျာ သားမဟာ၊ ယမ်းဆိပ်တက် အသက်ထွက်က မခက်ပေဘူးလား၊ ဒါကြောင့် ငါသိကြားက ကူနိုင်သမျှ ကူရမှာပဲ၊ ဒါကြောင့် .. တစ်ခုသောဆုကိုငါပေးစွမ်းနိုင်ပါရဲ့ ၊ .. ဟိုတောင်း .. ဒီတောင်းတောင်းလွန်းရင်လည်း တရုတ်နတ်ကကြိုက်တာမဟုတ် ၊ ကုလားနတ်ကလည်း သိတဲ့အတိုင်း၊ ဂက်(စ်) ပိုက်လိုင်းသွယ်ပြီး၊ မီးနင်းဖို့စောင့်နေတာ၊ကျုပ်ကကြားကနေ ရနိုင်တာလေးလုပ်ပေးနေရ တာ၊ သိပ်တော့အားမကိုးနဲ့ .. ဟုတ်ပြီလား၊ ဒါကြောင့် နံပါတ်(၁) အနေနဲ့ .. သင်မျက်စိပြန်ကောင်းချင်သလား၊ (၂) သားအသက်ပြန် ရှင်စေချင်သလား၊ (၃) သင်တို့ရွှေမြန်မာပြည်ကြီးကောင်းစားတာမြင်ချင်သလား၊ ကိုင်း .... တစ်ခုကိုသာတောင်းပေတော့ ..... ”

မင်းသမီး ။ ။ “ မှန်ပါ .. လိုသော ဆုတစ်ခုကိုတောင်းရပါလျှင် ..၊ ရွှေမြန်မာပြည်ကြီးမှာ သားအသက်ရှင်လျက်ချမ်းသာ ပြုံးပျော်နေ တာကို မြင်ချင်စမ်းလှပါတယ် .. အရှင်သိကြားမင်း ... ”

စိန်ပတ်ရှည် ။ ။ “ အလိုလေး .. တော်ပါပေ့ .. တော်ပါပေ့ .. ၊ ဒါဆိုနတ်သဘင်မှာ ဒီဆုကိုတင်ပြရင် ..ကြိမ်းသေအောင်မြင်မှာ အမှန်ပဲ။ .. ဒါပေမယ့် .. ဒီဆုတကယ်ပြည့်မပြည့်ဆိုတာ မေတ္တာပွား၊ သစ္စာထားမှရမယ်၊ ဒါကြောင့် သစ္စာပြုပေတော့ ..... ”

မင်းသမီးသစ္စာပြုစေ ..... ။

မင်းသမီး ။ ။ “ မှန်ရာကိုသစ္စာဆိုပါမည်၊ အများပြည်သူတကယ်ကိုငတ်ပါသည်၊
နုံချာလှသောဘ၀မို့အားငယ်သည်၊
ဆင်းရဲတွင်းက ... လွတ်ဖို့မမြင်တော့သည်၊
မှန်ရာကိုသစ္စာဆိုပါမည် ..သိကြားသခင်တောင်ဖင်ထိုင်လဲပါပြီ၊
အမှန်ကိုမမြင်သော န-အ-ဖ ကြောင့်ခက်နေပြီ၊
မိုးနတ်မင်းကြီးလည်း သိမ့်သိမ့်တုန်သွားသည်။ (ကိုလွှမ်းမိုးရဲ့အလိုက်ကလေးပါဗျာ ..... )

စိန်ပတ်ရှည် ။ ။ “ ဟော ... သုဝဏ္ဏသာမအလောင်းအလျာ တစ်ဝက်တော့သက်သာလာပေါ့ .. ။ ကဲ .. ပြောင်ရှည် .. ဒီတစ်ခါ မင်းအလှည့် .. ဆိုစမ်း ..”

ပြောင်ရှည် ။ ။ “ အမလေး ၊ ဘုရားကယ်ပါ၊ ဘယ်လိုဆိုရပါ့မလဲ၊ သစ္စာဆိုဖို့ ကောင်းကွက်တစ်ခုမှ မရှိ၊ ဒါပေမယ့် .. အင်း .. ရွာဦးကျောင်းကဘုန်းဘုန်းပြောဖူးတာမှတ်မိပြီ၊ မကောင်းတာဆိုလည်းသစ္စာပဲတဲ့ ..၊ ကဲ ဆိုမယ်ဗျာ .. ။
(မှန်ရာကိုသစ္စာဆိုပါမည်၊ .. ဘုရားဌာပနာ အမှန်ကိုဖေါက်ပါသည်၊
သံဃာကိုလည်းအကြောင်းမဲ့သတ်ပါသည်၊ ငရဲအိုးနဲ့တော့ ဂျိုးကပ်ခါ နီးပြီ ...၊
မြေယာမကျန်တိုက်ကာယူပါသည်၊ တရုတ်ပြည်မှာ ပေါင်နှံထားပါသည်၊
မြန်မာပြည်ကြီး၊ မွဲသထက်မွဲစေသည်၊ ဆင်းရဲတွင်းထဲ ဆွဲလို့ခေါ်ခဲ့သည်။
မှန်ရာကိုသစ္စာဆိုပါမည်၊ ဘုရားသခင်ထံရွှေခွာဖူးပါသည်၊ ...
ကျွန်တော်ဟာလူဆိုး၊ ရသမျှခိုးပါသည်၊ ငရဲသို့ဆင်း...လို့ သွားရပေဦးမည် ...... ) ”

သုဝဏ္ဏသာမမေ့မြောနေရာက ထလာစေ ..... ။
စိန်ပတ်ရှည် ။ ။ “ ဟာ .. ကြည့်စမ်း၊ အခုမှ လုံးလုံးသက်သာသွားပြီ၊ ဒါ သစ္စာတန်ခိုးပဲ ..၊ ”

ပြောင်ရှည် ။ ။ “ အင်း .. ကျုပ်လည်း ဆိုးသမျှ၊ သုံးမရ .. ဖြစ်ခဲ့တာကြာပါပေါ့၊ ကိုင်း .. ဒါကြောင့် ..ရှေးမင်းတို့ထုံး .. နှလုံးမူရင်း၊ စိပ်ပုတီးကိုစလွယ်သိုင်း ..၊ မြိုင်ရပ်သို့ဝင်ပြီး၊ တရား ရရ .. မရရ .. လူဝတ်ကြောင်နဲ့ပဲအားထုတ်တော့မယ်၊ သင်္ကန်းကတော့ဒီတစ်သက် ရုံလို့မရတော့တာ၊ ... အင်း .. ချစ်သက်ဝေ ကြိုင်လေးကိုတော့၊ ဟောဒီလိုပဲ နှုတ်ဆက်လိုက်တော့မယ်၊
(ဒီအာဏာဟာ .. တကယ်ကိုမီးခဲကြီးပဲ ..၊ လူလူချင်းနှိပ်စက်တာမှားပေါ့ကွယ်၊ ကိုယ်မှန်တယ်ထင်တာလုပ်ခဲ့မိတယ်၊ တကယ်တမ်းကျ တော့မှားပေါ့ကွယ်၊ { ဒိုးရတော့မယ်ချစ်ရယ်၊ နှုတ်ဆက်ခဲ့ပါတယ်} ၂ .. ကိုယ်တကယ်မခံစားနိုင်တော့ဘူးချစ်ရယ် ... ။ ”

ဤတွင်နောင်ကမ္ဘာများစွာ၌ပွင့်တော်မူမည်ဖြစ်သော၊ သုံးလူ့ထွဋ်ထား အရိမေတ္တယျမြတ်စွာဘုရားရှင်သည်၊ ရှေးဘုရားအဆက်ဆက်၊ တရားဦးဟောသော၊ မိဂဓါဝုန်တောအုပ်ကြီးကိုအမှီပြုရင်း၊ ထိုဇာတ်တော်ကိုဤသို့ပေါင်းလေသည်။ “ ထိုစဉ်အခါကကျဆုံးလေပြီးသော အမျိုးကောင်းသားတို့သည်ကား ယခုအခါ ငါဘုရားခြေရင်းတွင် ၀ပ်ဆင်းနေကြကုန်သော၊ ရဟန္တာတွေဖြစ်ကြကုန်သည်။ မယ်တော် သည်ကား အောင်ဆန်းစုကြည် ၀ိသာခါမ ဖြစ်တော့သည်။ သိကြားသည်ကား ဘန်ကီမွန်းဖြစ်ပေသည်။ သူသတ်သမားသည်ကား ဗိုလ်သန်းရွှေဖြစ်လေတော့သည် ” ဟု တရားတော်ကို အဆုံးသတ်တော်မူလိုက်သည်ဆိုလျှင်ပဲ တရားနာ ရဟန်းရှင်နတ်လူ၊ ပရိတ်သတ်အပေါင်း သောတပန်၊ သဒါဂမ်၊အနာဂမ်၊ ရဟန္တာတွေဖြစ်ကြကုန်ပြီးသကာလ၊ ကျွတ်တမ်းဝင်ကြကုန်လေသည်။ ထို့အပြင် ..၊ တိရိစ္ဆာန်တို့သည် လည်း၊ ကောင်းရာသုဂတိဘုံသို့လားကြလေသည်။ သို့သော်ငြားလည်း၊ ကြံ့တို့ရဲ့အုပ်၊ ဖွတ်တို့ရဲ့အချုပ်ဖြစ်လေသော ဖွတ်ချုပ်ကြီးနဲ့ နောက်လိုက်များမှာတော့၊ တရားကိုကြားသော်ငြားလည်း၊ ရှေးဘ၀အလီလီကပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးအား တွေကြောင့်၊ ကံအကျိုးပေးလေသမျှ .. သံသရာမှာ ဆက်လက်ငရဲခံကြရလေတော့သတည်း ........ ။

စိန်ပတ်ရှည် ။ ။ “ မြန်မာပြည်တစ်ဝှမ်းမှာ မေတ္တာပို့သူတွေ ... အောင်ပါစေ ..၊
မင်္ဂလာရက်မြတ်ရောက်မဲ့နေ့ကိုလေ .. ကြိုပါလေ ..၊
ရွှေရေချမ်းလောင်းလို့ တောင်းဆုမေတ္တာဝေ ..၊
ကမ္ဘာကိုအမှီပြုတဲ့ လူထုအားလုံးကျန်းမာချမ်းသာပစေ၊
အောင်ပါစေဗျ ..၊ အောင်ပါစေ။ (အဘရွှေမန်းတင်မောင်ရဲ့ နာမည်ကျော် မေတ္တာပို့သီချင်းနဲ့အဆုံးသတ်ပေးလိုက်လေသည်။)

(ကွန်ပြူတာရှပ်ဒေါင်းသတင်း)
နေပြည်တော်တိုင်းမဟာရဲ့ ..၊ဆိုကရေးတီးပြိုင်ပွဲကြီးတွင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကိုအောင်မြင်စွာဖျော်ဖြေတင်ဆက်သွားရာ ..၊ ပရိတ်သတ်အပေါင်းသောင်းသောင်းဖျဖျအားပေးပြီးသကာလ၊ ၀က်ဝံများ၊ ဆိတ်များလည်း၊ သဘောတွေ့မနောခွေ့ကာ ..၊ ပြန်ပါလေစွ၊ ပြန်လေစွ ..၊ ဖြစ်ကြတော့သတည်း ။ ။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)


Read more...

Sunday, October 21, 2007

ပြောချင်လွန်းလို့ (၇)

မနေ့တနေ့ကမှလူဖြစ်ပြီး၊ ကိုယ့်ကိုကိုယ်တပ်မတော်အရာရှိကောင်းလို အသံကောင်းဟစ်လို့၊ မောက်မာဝင့်ကြွားလွန်းလှတဲ့ ပညာသင် ဆိတ်ဗိုလ်တချို့အော်တတ်တဲ့အသံလေးတွေရှိတယ်။ အများသိကြတဲ့အတိုင်း၊ ငါတို့ဟာနိုင်ငံတော်အတွက်အလုပ်လုပ်နေတာ၊ ငါတို့ အုပ်ချုပ်မင်းလုပ်မှ၊ မြန်မာပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲမှာ၊ ကျန်တဲ့တတ်သိ ပညာရှင်များဝေးဝေးနေကြ။ လုပ်ချင်သပဆိုရင်လည်း၊ န-အ-ဖ အောက် ပြားပြားသာဝပ်နေ။ ပြန်မပြောနဲ့၊ အဲဒါတွေပဲလေ။ ပညာမာန တစ်ချက်ကလေးထောင်မိတာနဲ့သွားပေရော့ .. မြောင်းထဲ။ အကျယ်မပြောလိုဘူး၊ဖတ်ရတာမျက်စိညောင်းတယ်။ အဲဒါကြောင့်အခုလောလောဆယ်၊ရုရှား၊တရုတ်၊ မြောက်ကိုရီးယားနဲ့အစ္စရေးတို့ကို နိုင်ငံခြားငွေအကုန်အကျခံ ပညာသင်စေလွှတ်နေတာတွေဟာ၊ ဆိတ်ဗိုလ်တို့ ကြွေးကြော်နေကြသလို နိုင်ငံတော်အတွက်ဆိုတာဟုတ်ပါ့ မလားလို့ စဉ်းစားကြည့်ရအောင်ပါ။

နိုင်ငံတော်ဆိုတဲ့ အဲဒီအသုံးအနှုန်းဟာ၊ တော်တော်သံသယဖြစ်ဖို့ကောင်းတယ်။ “နိုင်ငံတော်” ဆိုတဲ့ အဲဒီနာမ်စားဟာမြန်မာနိုင်ငံဆိုတဲ့ အချုပ်အခြာအာဏာပိုင်နယ်နမိတ်အတွင်း မှီတင်းနေထိုင်ကြတဲ့သန်းငါးဆယ်ကျော်ဗမာနဲ့တိုင်းရင်းသားအားလုံး၊ သူတို့တွေရဲ့အမျိုးသား စာပေနဲ့ယဉ်ကျေးမှု၊ဘာသာတရား၊ဇာတိမာန်နဲ့သိက္ခာတရား၊ဘာသာစကား။ ပြီးတော့မြေပေါ်မြေအောက်နဲ့၊ ရေအောက် (ရေပေါ်ဆိုတာ ကတော့နားမလည်လို့မထည့်တော့ဘူး) မှာတည်ရှိတဲ့၊ သဘာဝသယံဇာတအားလုံးကိုကိုယ်စားပြုပြီး တကယ့်ပြည်ထောင်စုနိုင်ငံတော် အနေနဲ့ခေါ်တာလား။ဒါမှမဟုတ် ..၊ သူတို့သတင်းစာထဲမှာ ရေးနေကြသလို နိုင်ငံတော်လူကြီးမင်းများ၊ နိုင်ငံတော်ခေါင်းဆောင်များဆိုတဲ့ ထိပ်ဆုံးကပုဂ္ဂိုလ်တွေကိုရည်ညွှန်းသုံးစွဲတာလားစဉ်းစားစရာကောင်းလှတယ်။ ရှိသေးတယ်၊ တခါတလေမှာတော့နိုင်ငံတော်ရဲ့ စေတနာ၊ နိုင်ငံတော်ကတည်ဆောက်ပြုပြင်ပေးနေတာ၊ အစရှိတဲ့အသုံးအနှုန်းတွေတွေ့ရတော့၊ လူပုဂ္ဂိုလ်မဟုတ်တဲ့၊ ခုနလေးကမှပြောတဲ့သက် မဲ့ပြည်ထောင်စုနိုင်ငံတော်ကြီးကပဲလုပ်ပေးနေတာလား၊ စစ်ခေါင်းဆောင်တွေကိုယ်တိုင်ကပဲနိုင်ငံတော်ကြီးဖြစ်နေတာလား၊ သိပ်မကွဲပြား လှဘူး။ တလောကတော့၊ “နိုင်ငံတော် ဆိုသည်မှာ ...” ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာကို အမျိုးသားညီလာခံကလုပ်တဲ့ ဘာညာစာတမ်း တွေမှာဖတ်ဖူးပါရဲ့။ ဟုတ်သလိုလိုပေမယ့်၊ အခုလက်တွေ့မြင်နေရတာတွေနဲ့ နှိုင်းယှဉ်စဉ်းစားမိတော့ သိပ်သဘောမတွေ့လှပေဘူး။ အင်း.....အခုစာရေးတဲ့အကောင်ညံ့လွန်းလှတယ်ပဲထားလိုက်ပါတော့။
ခုနကအကြောင်းပြန်ဆက်ရအောင်ပါ။ ရုရှားပညာသင်လွှတ်တဲ့ကိစ္စပါ။ ဒါဟာ .. အစောပိုင်းတုန်းကတော့ စစ်အစိုးရအနေနဲ့ အများမသိ စေချင်တဲ့ အကြောင်းအရာတစ်ခုပါ။ စစ်အစိုးရဟာ 2000 ပြည့်နှစ်ကတည်းကစပြီးတော့ “ တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိ မည် ” ဆိုတဲ့ သူတို့ယူဆယုံကြည်တဲ့အတိုင်း၊ ရုရှားကနေ အဏုမြူဓါတ်ပေါင်းဖိုအပါအ၀င် လက်နက်တွေရဖို့ကြိုးစားခဲ့တာပါ။ လူသိများ တဲ့အချက်ကတော့၊ 2001 ခုနှစ်မှာ မစ် (29) တိုက်လေယာဉ်တွေ အရစ်ကျအကြွေးစံနစ်နဲ့ ၀ယ်ယူခွင့်ရခဲ့တာပဲ။ အဲဒီမတိုင်ခင်ကဘယ် လောက်ပဲဖုံးခဲ့ဖုံးခဲ့၊ဟုတ်ရင်ကျော်၊ပုပ်ရင်ပေါ်ဆိုတဲ့အတိုင်း၊အားလုံးသိသွားကြတာပါပဲ။ နောက်ဆုံးမတော့အဲဒီအချိန်ကနိုင်ငံခြားရေးဒုဝန် ကြီးက 2002 ခုနှစ်၊ ဇန်န၀ါရီလ (21) ရက်စွဲနဲ့၊ ကြေငြာချက်တစ်ခုထုတ်ပြန်ပြီး၊ မြန်မာနိုင်ငံမှာဆောက်မဲ့ အဏုမြူဓါတ်ပေါင်းဖိုဟာ၊ စွမ်း အင်နဲ့၊ သုတေသနလုပ်ငန်းတွေမှာသုံးဖို့၊ အဲဒီကိစ္စကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကိုတရားဝင် အသိပေးပြီးပြီဆိုတဲ့ အကြောင်း၊ ပြီးတော့စစ်ဘက်အရပ်ဘက်သင်တန်းသားတွေကိုလည်း မော်စကိုမှာ လေ့ကျင့်သင်တန်းပေးနေတဲ့အကြောင်းတွေလုံး၀၀န် ခံခဲ့ရတယ်။ အရှေ့ပိုင်းမှာဘယ်လောက်ဖုံးဖိခဲ့ပေမယ့်၊ သူတို့ကိုယ်တိုင်ဒီလိုလုပ်နေပါတယ်ဆိုတာကို နောက်ပိုင်းကျတော့ဝန်ခံခဲ့ပါတယ် ဆိုတာ ဆိတ်ဗိုလ်များ MoFA မှာမကင်းရာမကင်းကြောင်းတွေရှိရင်၊ စုံစမ်းမေးမြန်းနိုင်ကြတယ်။
ထားလိုက်ပါဦး၊ ဆက်ကြည့်ရအောင်ပါ။ အခု (၂၀၀၇) ကုန်ခါနီးပြီ။ တစ်နှစ်ကိုပျမ်းမျှအရေအတွက် (၃၀၀) ခန့်ပညာသင်ပြီးဆုံးလို့ပြန် လာပြီး၊ ပြန်လာတဲ့အကြိမ်ဟာ အနည်းဆုံး (၄) ကြိမ်ရှိပါပြီ။ အဲဒီအတွက်ကုန်ကျခဲ့တဲ့ နိုင်ငံခြားငွေပမာဏကိုတော့၊ နောက်ပိုင်းမှာ ကြုံ ရင်ပြောပြလိုတယ်။ အဲဒီပညာရှင်များဆိုသူတွေဟာ ၊ အခု ဆိတ်ဗိုလ်တွေအော်နေကြသလို နိုင်ငံတော်ဆိုတာအတွက်အလုပ်လုပ်နေကြ ပြီ။တစ်ခုတော့မေးစရာရှိလာပါရော။နိုင်ငံတော်ဆိုတဲ့နေရာမှာ ...၊ မြန်မာပြည်သူပြည်သားတွေအတွက်၊ လမ်းတစ်လမ်း၊ တံတားတစ်စင်း၊ ဆည်တစ်ဆည်၊ ဆေးရုံတစ်ရုံ၊ တက္ကသိုလ်တစ်ခု၊ လယ်တစ်ကွက်၊ ဟင်းတစ်ခွက်၊ စသည်ဖြင့် နယ်ပယ်ပေါင်းစုံမှာပြည်သူတွေအနေနဲ့ မြင်သာထင်သာရှိတဲ့ အကျိုးတရားဖြစ်ထွန်းမှုတွေပေါ်ပေါက်စေခဲ့ပြီလားဆိုတာပဲ။ မေမြို့အနီးမှာ စစ်ဘက်ဆိုင်ရာသုတေသနဌာနကြီး တစ်ခုဖွင့်၊ စစ်ဘက်ကိုသာအကျိုးပြုတဲ့ ဘာသာရပ်ဆိုင်ရာသုတေသနအမျိုးမျိုးလုပ်နေတာတွေ။ ဥပမာပြောရရင်၊ ရန်ကုန်ဆက်သွယ် ရေးတပ်ကပြောင်းသွားရတဲ့၊ Electronics ဘွဲ့ရ စစ်ဗိုလ်ပညာရှင်တွေ၊ အဲဒီမှာ Solar Cell သုတေသနလုပ်နေရတာတွေ။ ရန်ကုန်- မန္တလေး-လားရှိုး အပါအ၀င်၊ တခြားအရေးကြီးတဲ့ ဆက်ကြောင်းတွေမှာ စစ်တပ်သီးသန့်သုံး Optical Fibre Cable တွေမြှုပ်ပြီး၊ ဗဟို စစ်ဌာနချုပ်နဲ့စစ်တိုင်းအသီးသီးကွန်ယက်ချိတ်လို့၊ Video Conference ကြိုးစားကြတာတွေ၊ ကျောက်ဆည်မြို့အရှေ့ဘက်၊ ဓါတ်တော် တောင်ရွာအနီးကဓါတ်တော်တောင် သုတေသနစီမံကိန်းမှာ လုံခြုံရေးအပြည့်နဲ့ သုတေသနမျိုးစုံလုပ်နေတာတွေဟာ မြန်မာပြည်သူတွေ စီးပွားရေးချောင်လည်တိုးတက်စေဖို့လား၊ မြန်မာပတ်(စ်)ပို့ကိုင်ထားရင်နှာခေါင်းရှုံ့ချင်တဲ့ အပြည်ပြည်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးအရာ ရှိတွေရဲ့ အထင်သေးတဲ့အကြည့်ခံဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတာပဲလား၊ ဟုတ်မဟုတ်စဉ်းစားဖို့ကောင်းတယ်။ မနာလိုလို့ ပြောတာမဟုတ်ဘူး။ လုပ်ကြပါ။ လိုအပ်ပါတယ်။ လောလောဆယ်လူတွေငတ်ကာနီးဖြစ်နေတာတွေကိုတော့ စဉ်းစားသင့်တာပေါ့လေ။ ပြောသာပြောတာ၊ငတ်တဲ့လူလည်းငတ်နေကြပါပြီ။တွေးကြည့်ချင်စရာတွေပါ။ ဆက်ပြောရရင်တော့မေးခွန်းတွေကစောလွန်းသေးတယ်ဖြစ်လာနိုင်တယ်။ အခု ၂၀၀၇ အထိတော့ အဲဒီပညာရှင်ဆိုသူတွေဟာ ပြည်သူ စစ်စစ်အတွက် ဘာတစ်ခုမှမလုပ်ရသေးဘူးဆိုတာပဲ။ အချို့အရပ်သားပညာရှင်ဆိုသူတွေကတော့ အစိုးရနည်းပညာကောလိပ်တွေမှာ၊ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ဌာနမှူးတွေအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရကြပါရဲ့။ အကုန်နီးပါးကတော့ ရုံးခန်းထဲထိုင်ပြီးအ ထက်ကလာတဲ့ဖုန်းထိုင်စောင့်နေရတာမျိုး။ ကောလိပ်တစ်ခုခုမှာ နှစ်နဲ့ချီတာဝန်ထမ်းဆောင်ကြရတယ်ဆိုတာရှားပါပေ့။ တချို့ဆို (၁) လ လောက်နဲ့တင်ပဲ ၀န်ကြီးဖုန်းဆက်တာမကိုင်မိလိုက်လို့၊ ၀န်ကြီးရုံးကဖုန်းလာတုန်းရုံးခန်းထဲမရှိဖြစ်ခဲ့လို့၊ အပြောင်းခံရပြီးတော့၊ ပြည်တွင်း မှာပဲ နယ်လှည့်ကျောင်းအုပ်လုပ်နေကြရပါရောလား။ အဆိုးဆုံးကတော့ “မြင်မြင်သမျှကထိက” ဆိုသလို၊ နောက်ပေါက် အသက်(၂၀)ကျော်ဒေါက်တာဘွဲ့ရတွေနဲ့ရာထူးအလဲခံရဖို့အမြဲတမ်းရှိနေတော့ကာ၊ ထုံးစံအတိုင်း မိတ်အင်မြန်မာ ဒေါက်တာဘွဲ့တွေထပ်ယူဖို့ အသဲ အသန်လုံးပန်းရင်း၊အချိန်ကုန်နေကြရတာပဲ။ ဘယ်မှာလဲပြည်သူအတွက်။အဲဒီနိုင်ငံတော်ဆိုတာအတွက်လို့အသံကောင်းဟစ်နေတာဟာ၊ တကယ့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက်မဟုတ်ဘဲ၊ ကိုယ့်ကိုကိုယ်နိုင်ငံတော်အမည်ခံထားတဲ့၊ သောက်တလွဲလူပုဂ္ဂိုလ်နိုင်ငံ တော်ဆိုတာအတွက်ပဲဖြစ်မှာပဲ။ အသိဥာဏ်မရှိပဲဓါတ်ပြားဟောင်းနိုင်ငံတော်အခွေတွေဖွင့်ပြပြီးလိမ်နေလို့ သံဃာနဲ့ပြည်သူတွေလမ်းပေါ် ထွက်လာကြတာ။ ဘာလို့လဲဆိုတော့ဗိုလ်ချုပ်တစုအတွက်သာ ရည်ရွယ်တဲ့စစ်ဗိုလ်နိုင်ငံတော်အတွက်ပဲ ချွေးထုတ်အလုပ်လုပ်နေကြလို့။ ပြည်သူတွေကောင်းစားဖို့ တကယ်အလုပ်လုပ်မှ နိုင်ငံတော်အတွက်အလုပ်လုပ်နေတာလို့သုံးသင့်တယ်။ နို့မို့ရင်မတန်မရာဖြစ်ပြီးသူများ နားနဲ့ မျက်စိကိုသွားမုဒိမ်းကျင့်သလိုဖြစ်နေတော့မှာပေါ့။ ကြည့်ကျက်လည်းအော်ကြပါဦး။


Read more...

Friday, October 19, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၄)

အစိမ်းရောင်ကတ္တီပါကားလိပ်ကြီးပွင့်လာသည်နှင့်လူရွှင်တော် ပြောင်ရှည်၊ လျှာရှည်တို့နှစ်ယောက်၊ လက်အုပ်ကလေးကိုယ်စီချီလို့ထွက် လာကြစေ ..... ။
ရွာစားကျော် စိန်ပတ်ရှည် ရဲ့ ဆိုင်းတို့သံ၊ ညှို့သံလေးအပြီးမှာတော့ .....

ပြောင်ရှည် ။ ။ “ မြို့မှောင်မှောင် ... (ဆိုင်းအလိုက်သံလေး ..) ၊ မြို့မှောင်မှောင် .... မီးရောင်ဟာခရမ်းချဉ်သီးရယ်တမျှ..၊ ”

လျှာရှည် ။ ။ “ ဆက်ပါဦး ..ပြောင်ရှည်ရေ ..”

ပြောင်ရှည် ။ ။ “ အင်း .. ငတက်ပြားတောင် အပြင်မထွက်ရဲပါဘူး ...တဲ့၊ တို့ပြည်သူတွေခင်မျာ ... ”

လျှာရှည် ။ ။ “ ဟုတ်ပါပြီ .. ပြောင်ရှည်ရေ ... ”

ပြောင်ရှည် ။ ။ “ ဒို့ပြည်သူတွေခင်မျာ ... (ဆိုင်းအလိုက်သံလေး ..) ၊ ကိုယ့်အီးတောင်ကိုယ်ပြန်လန့်နေရ ..၊ သူမိစ္ဆာ လူဆိုးတွေကြောင့်၊ ဆိုးပါ့ .... ရွှေမြန်မာ ... ဟာ .. ဟာ ..”

လျှာရှည် ။ ။ “ (ဖြောင်း ..) မင်း မဟုတ်တာလျှောက်မပြောနဲ့ .. ပြောင်ရှည်၊ ”

ပြောင်ရှည် ။ ။ “ (နတ်သံလေးဖြင့် ..) ဘာမှားလို့လဲ လျှာရှည်ရယ် .. ”

လျှာရှည် ။ ။ “ အဲဒါပြောတာပေါ့ .. ဒို့အစိုးရက .. နိုင်ငံတ၀ှမ်းလုံး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်နေ့မအား၊ ညမအား၊ လျှောက်သွား (အဲ ..) ကြိုးစားနေကြတာမင်းအသိ ...”

ပြောင်ရှည် ။ ။ “ ဟုတ်ပါပြီ ခင်ဗျာ .. ယုံလိုက်ပါပြီ ... ”

လျှာရှည် ။ ။ “ ဟုတ်တယ်လေ .. မင်းပြောသလောက်လည်း မဆိုးပါဘူး ..၊ အခုနေရာအနှံ့၊ ဆည်တွေဆောက် ... ၊ လမ်းတွေဖေါက်၊ လယ်တွေပျောက်၊ လူတွေရောက် (နိုင်ငံခြားကို) .. အဲလေ ... အဲ ၊ မင်းအသိ၊ ငါအသိ၊ တရုတ်လည်းအသိ၊ ကုလားလည်းအသိ .. ”

ပြောင်ရှည် ။ ။ “ ဟုတ်ပါ့မလား .. လျှာရှည်ရဲ့ ..... ”

လျှာရှည် ။ ။ “ တိုးတက်လာတဲ့ စီးပွားရေးနဲ့ အညီ ... လျှပ်စစ်သုံးစွဲမှုဟာလည်း များလာတာပေါ့ .. ဒါသဘာဝတရား ... ”

ပြောင်ရှည် ။ ။ “ အင်း .. ဟုတ်လိမ့်မယ် .. ”

လျှာရှည် ။ ။ “ အဲဒါကြောင့်..ပြည်သူတွေလိုအပ်ချက်အရ ..၂၄ နာရီအပြည့်မီးလင်းစေနိုင်မယ့် ..စီမံကိန်းတစ်ခုကို၊ငါတို့အစိုးရက၀ါ ကျွတ်အမီ လုပ်ဆောင်ကြတော့မယ် ..... ကွ၊ ”

ပြောင်ရှည် ။ ။ “ ဟုတ်လား .... အားတက်စရာပဲ ..၊ အခုဝါတောင်ကျွတ်ပေါ့ ..”

လျှာရှည် ။ ။ “ ဟုတ်ပ .. မကြာခင် နိုင်ငံတော် အစိုးရက “ဖယောင်းတိုင်နှင့်၊ ဆီမီးခွက် ၀န်ကြီးဌာန ” ဆိုတဲ့ဝန်ကြီးဌာနအသစ်ကို တိုးချဲ့ဖွင့်လှစ်ပြီး၊ ပြည်သူတွေကိုအလင်းဓါတ်မျှဝေတော့မယ် .... ဆိုတဲ့အကြောင်း .. ဒီနေရာကနေ သတင်းကောင်းပါးပါရစေ။ ”

ပြောင်ရှည် ။ ။ “ကောင်းလေစွ .. လျှာရှည်ရေ .. ပြည်သူများ လျှပ်စစ်မီး မလာလည်းမစိုးရိမ်နဲ့ ..၊ အဲဒီ ၀န်ကြီးဌာနကထုတ်လုပ် ရောင်းချပေးမယ့် ၊ ဖယောင်းတိုင်တို့ .. ၊ ဆီမီးခွက်တို့ကို ၀ယ်ယူအားပေးပြီး၊ မီးရအောင်ကြိုးစားကြပါ။ အဓိကက လင်းဖို့ပဲမဟုတ်လား ”

လျှာရှည် ။ ။ “ အခုဆိုရင် မြို့တော်ရန်ကုန်၊ မန္တလေး၊ အစရှိတဲ့ မြို့ကြီးတွေမှာလည်း၊ အထူးလျှပ်စစ်မီးလိုင်းတွေ တိုးချဲ့တပ်ဆင်ပေး ထားပါတယ် .. ”

ပြောင်ရှည် ။ ။ “ ကြားပါရစေ .. လျှာရှည်ရေ ...... ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. ခရမ်းချဉ်သီးလိုင်းနဲ့ ... ပိုးစုန်းကြူးလိုင်းပါခင်ဗျာ .. ”

ပြောင်ရှည် ။ ။ “ပြောရင်းနဲ့ .ဖေါက်ဖေါက်လာတယ် .. ကဲ ဒို့ချည်းပဲ မပြီးသေး၊ မင်းသမီးလေးခေါ် မိတ်ဆက်ဦးမှ လျှာရှည်ရေ .. ”

လျှာရှည် ။ ။ “ မင်းပဲ ခေါ်လိုက်ပါ ..ပြောင်ရှည်ရာ ... ငါသူနဲ့ ရန်ဖြစ်ထားလို့ .....၊ ”

ပြောင်ရှည် ။ ။ “ ဟုတ်လား .. ဘာဖြစ်ပြန်ပြီလဲ ..”

လျှာရှည် ။ ။ “မင်းသမီးကွာ ... ဟိုတလောက ဒူဘိုင်း ကပြန်လာတာ၊ ငါ့အတွက်ဆိုပြီး .. ရေနံတစ်ဂါလံယူလာတယ်။ ငါ့နှယ် .. သောက်မရ၊ ရှို့မရ .. ရောင်းစားမရနဲ့၊ မနေ့ကဧည့်စာရင်းလာစစ်လို့ တော်တော်ရှင်းယူလိုက်ရသေး ..... ၊ တရားမ၀င် ဘီအီးအဆီသို လှောင်မှုဆိုပြီး၊ ... အတင်းယူသောက်မယ်လုပ်နေလို့ .. မနဲတားထားရတယ်။ ”

ပြောင်ရှည် ။ ။ “ ဟုတ်လို့လား လျှာရှည်ရယ် ..... ”

လျှာရှည် ။ ။ “ ဟ ... ဟုတ်တာပေါ့။ ဒီလောက်လေးနဲ့ လျှာရှည်ဆိုတဲ့ .. ငါက လုပ်စားမလားကွ၊ အခွင့်အရေးရမှတော့ .. ဟိုသံအမတ်လို လေယာဉ်စီးလုံးငှား၊ နိုင်ငံခြားမှာ ..... အာမီရမ်နဲ့ ကြွက်သားကင်သွားရောင်းစားမှာပေါ့ ။ ”

ပြောင်ရှည် ။ ။ “ ကဲ .. ကဲ ထားလိုက်ပါတော့ .. ၊ ငါပဲခေါ်လိုက်ပါ့မယ်။ ကဲ ........ ယောင်္ကျားတကာတို့၊ ဖေါက်ပြား၊ မှောက်မှားစရာ ဖြစ်ရလောက်အောင်၊ မှန်စွာမသွေ၊ လှန်ကာနေတဲ့ (ဆံပင်) သန်တာရှေ ဆိုတဲ့ နှမ ပျိုလေး ..... ရေ ... ။”

စိန်ပတ်ရှည်ဆိုင်းပျိုးသံလေးနဲ့အတူ၊ ကတ္တီပါ ကားလိပ်ကြားမှ မင်းသမီးလေးထွက်လာစေ။ မနှဲလေးနှာစီးသံနဲ့ ..... ။

သန်တာရှည် ။ ။ “ ဒီဘက်က ကိုလျှာရှည်လားရှင် ..... ”

လျှာရှည် ။ ။ “ အမှုတော် ထမ်းလျက်ပါခင်ဗျာ .... သကြားဈေးကြီးလို့ပါ .. ”

သန်တာရှည် ။ ။ “ ဒီဘက်က ကိုပြောင်ရှည်ထင်ပါ့ ..... ”

ပြောင်ရှည် ။ ။ “ ဟား .. ဟား .. ဒီမှာ မင်းသမီး .. ကျုပ်ကို ကိုပြောင်ရှည်လို့မခေါ်ပါနဲ့ ..... ”

သန်တာရှည် ။ ။ “ အလိုတော် .. ကိုပြောင်ရှည်လို့မခေါ်ရအောင် . ရှင်ကဘာမို့လို့လဲ ..... ”

ပြောင်ရှည် ။ ။ “ ဟား .. ဟား .. ဟား .. ဟား ၊ မင်းသမီးအခုတော့ မေ့ပြီပေါ့လေကျုပ်ကို.. ။ ကျုပ်နာမည် ၊ ဗိုလ်ပြောင်ရှည် .. တဲ့ ဗိုလ်ပြောင်ရှည် ...... ဟား .. ဟား .. ဟား ။ ”

လျှာရှည် ။ ။ “ ဖြစ်ရလေ ...... ပြောင်ရှည်ရယ် .. ချက်ချင်းကြီးပါလား ... ”

ပြောင်ရှည် ။ ။ “ တော် .. တန် .. တိတ် .. ၊ ခင်ဗျားတို့ တိုင်းပြည်အတွက်၊ တံတားတစ်စင်းဆောက်ဖူးသလား၊ ချွေးတစ်စက်ထွက်ဖူး သလား၊ ပြောစမ်း၊ ကျုပ်တို့မှာတော့ လုပ်လိုက်ရတာ၊ အခု (၁၉) နှစ်ပြည့်ပြီ။ ဒီမှာ .. မင်းသမီး .. မင်းနဲ့ ကိုယ်ချစ်ခဲ့ကြတာ .. မင်းမေ့ ပစ်ပြီပေါ့လေ .. ။ ”

လျှာရှည် ။ ။ “ သြော် ... (၁၉) နှစ်တောင်ကြိုးစားခဲ့ရတာလား .. ကြိုးစား .. ဗိုလ်ပြောင်ရှည်ရေ .... ကိုယ်ကတော့ ဟိုနားလေးမှာ စောင့်နေမယ် ..... ”

ပြောင်ရှည် ။ ။ “ (မင်းသမီးရှေ့ ဒူးထောက်ထိုင်ကာ) ...၊ ဒီမှာ မင်းသမီး .. မင်း ဟာ ကိုယ့်ရဲ့ အချစ်ဦးပါကွာ ..၊ ပြင်ဦးလွင်မှာ အရှင် ဦးသခင် အဖြစ်ချစ်ခဲ့တဲ့ မင်းကို သာဝတ္ထိမှာ အသာစွပ်ကြည့်ပြီး၊ အနီးစခန်းမှာ အပြီးကြမ်းခဲ့တာတွေ မေ့ပြီလားဟင် ..... ”

လျှာရှည် ။ ။ “ ဟိုက် ..... ရှားလပါး .... ပြောင်ရှည်ကွ .. ”

ပြောင်ရှည် ။ ။ “ ဒါပေမယ့် ..... ဒါပေမယ့် ... မန္တလေးမှာ အလှမ်းဝေးလို့၊ ဒို့တတွေ လွမ်းဆွေးခဲ့ကြရသေးတယ်မဟုတ်လား၊ ”

လျှာရှည် ။ ။ “ လုပ်လိုက်ဟ ... အဲဒီအချိန်ဆို .. မင်းသမီး က ကြက်ဆူဆီ အထူးပြု နဲ့ ဓါတုဘွဲ့ရနေလောက်ပြီ .. ”

ပြောင်ရှည် ။ ။ “ တစ်ခါ ..... ရန်ကုန်မှာ ပြန်ဆုံလို့၊ ၀ါယာလက်မှာ တစ်ခါ နှက်ကြပြန်တော့၊ မိတ္ထိလာ ရောက်တော့ သိပ်သိသာခဲ့ပြီ မင်း ဗိုက်ကလေးလေ ..... ”
(ဖြောင်း .. ကနဲ သန်တာရှည်ရဲ့ ပါးရိုက်သံ .. )

ပြောင်ရှည် ။ ။ “ အား .... လုပ်ရက်လိုက်တာ မင်းသမီးရယ် ..... တံတားဦးမှာ .. အစားကျူးခဲ့လို့ ... ပူလာတာပြောတာပါကွယ် .. ”

လျှာရှည် ။ ။ “ တော်သေးတာပေါ့ ..... တံတားဦးကယ်ပေလို့ ..... ”

ပြောင်ရှည် ။ ။ “ အင်း ... တံတားဦးမှာ အစားကျူးခဲ့ပေမယ့် .. အခုတော့ ပျော်ရာမှာ မနေ .. ဒေါ်လာတွေရနိုင်တဲ့ .. မော်စကိုမှာ တော်သလိုပဲ သွားနေပါတော့မယ် .. အချစ်ရယ် ... ”

လျှာရှည် ။ ။ “ သွားမယ်ဆိုရင် သတိထား ..... ငတ်တိုင်းလျှောက်မစားနဲ့ .... ဈေးကြီးတယ်တဲ့ ..၊ ထမင်းပြောတာပါ၊ အစာမကြေ ဖြစ်မှာစိုးလို့ ... ”

ပြောင်ရှည် ။ ။ “ ဒါပေမယ့် .. ကိုယ်မသွားခင်တော့ .. မင်းမိဘတွေနဲ့ .. တွေ့ပြီး ..တောင်းရမ်းလက်ထပ်ယူသွားပါ့မယ်ချစ်ရယ်။ ရ ရင်တော့ .. ကြပ်ပြေးမှာ နှပ်သေးတာပေါ့ ..... ဟင်း .. ဟင်း .. ဟင်း .. ဟင်း .. ”

သန်တာရှည် ။ ။ “ (မျက်လုံးကလေး ဒေါင့်ကပ်ပြီး ..) ဒက်ဒီဘုရားနဲ့တွေ့မယ်ဆိုရင် .. အကို့အနေနဲ့ လေးချက်ချုပ်ရမယ်တဲ့ ..... ”

ပြောင်ရှည် ။ ။ “ မင်းဒက်ဒီလုပ်တာ ... လေးချက်မပြောနဲ့ ... အသက်တောင်ထွက်ချင်လွန်းလို့ မနဲ ပြန်ခေါ်ထားရတယ် .... ”

သန်တာရှည် ။ ။ “ ဘာလဲ .. သဘောတူစာချုပ်ကိုပြောတာ ..၊ နံပါတ်(၁) က မီး ကိုချစ်ရင် ထိပ်တိုက်မလုပ်ရဘူးတဲ့ .. ။ ”

ပြောင်ရှည် ။ ။ “ သြော် .. မီး .. တဲ့လား ..၊ အင်း .. မီး သိပါတယ် .. ဘယ်တုန်းကဒီလိုပုံစံမျိုးလုပ်ဖူးလို့လဲ ..၊ အချိန်တောင်မရခဲ့ကြ ဘူးလေ ..... ကျောင်းတက်နေရလို့ပါ။ ”

သန်တာရှည် ။ ။ “ အင်း .. နံပါတ် (၂) မီးတို့ကို အမျိုးစုံ ဖျက်ဆီးရေးမလုပ်ရဘူး .. ”

ပြောင်ရှည် ။ ။ “ ကိုယ်ဖျက်တာ .. မီး တစ်ယောက်တည်း .... အဲလေ .... ငါချစ်တာ .မင်းတစ်ယောက်တည်းပါ။ ဘယ်နှယ့်အမျိုးတွေ ဖျက်ဆီးရမှာတုန်း ..... ”

သန်တာရှည် ။ ။ “ နံပါတ် (၃) စီးပွားရေးမပိတ်ဆို့ရဘူး ... ”

ပြောင်ရှည် ။ ။ “ ဘယ်လောက်တောင် ချမ်းသာချင်သေးတုန်း .. ”

သန်တာရှည် ။ ။ “ ကဲပါ အကိုရယ် ... နောက်ထပ် မီးမပြောချင်တော့ပါဘူး ..၊ ပြောလည်းပြော ..မောလည်းမောရပါတယ် .. ”

ပြောင်ရှည် ။ ။ “ ဟေ ..... ဘာဖြစ်လို့တုန်း ... အကိုတို့ကိုပြောပြပါလား ..... ”

လျှာရှည် ။ ။ “ တစ်နေ့လုပ်မှ တနပ်စားရတဲ့ ဘ၀တွေဆိုတော့ ..... မောတာပေါ့ ..... ”

သန်တာရှည် ။ ။ “ ဟို အရင် အစ .. ပထမကပေါ့လေ ..၊ သူနဲ့ မီး နဲ့က ချစ်သူတွေ၊ အခုတော့ ကွဲပြီပေါ့ရှင် .. ”

လျှာရှည် ။ ။ “ ဟာ ..... ကွဲပြီလား ... ငါကစောင့်နေတာ ..”

ပြောင်ရှည် ။ ။ “ (ဖြောင်း ..) သူများ .. ကွဲ ပြဲတာ .. ၀မ်းသာစရာလား ..၊”

သန်တာရှည် ။ ။ “ မီးရဲ့ ချစ်သူက သားကောင်း စစ်ဗိုလ်ရှင့် .. ”

လျှာရှည် ။ ။ “ သြော် .. သားကောင် စစ်စစ်ကိုး .. ”

ပြောင်ရှည် ။ ။ “ (ဖြောင်း .. ) သားကောင်းဟ .. ၊ ဘယ်နှယ့် .. မင်းက တိရိစ္ဆာန်နဲ့ နှိုင်းစရာလား ... ”

လျှာရှည် ။ ။ “ သိဘူးလေ ..၊ စစ်ကြောရေး ကထွက်လာပြီးကတည်းက .. ငါ နားသိပ်မကောင်းတော့ဘူး ..”

သန်တာရှည် ။ ။ “ မီး နဲ့ သူနဲ့ ကအရမ်းချစ်ခဲ့ကြတာ .. ၊ အခုတော့ ကံကြမ္မာမျက်နှာသာမပေးလို့ .. မီးလည်းတွေ့ရာကောက်ယူလိုက် ပါပြီရှင် ...။ ဟော .. အခု ကြည့် .. မီး ကတဲ့ ပွဲတိုင်း ..၊ သူ .. တိတ်တိတ်ပုန်း လာကြည့်နေတယ်။ ”

လျှာရှည် ။ ။ “ ဟုတ်လား .. ဒါဆို ပြောလိုက် မင်းသမီး .. ။ ကိုကိုရယ်၊ ကိုကိုရယ် ..၊ ပုန်း ..... ပုန်း ကြည့်မနေနဲ့ ..။”
မင်းသမီးလိုက်ဆို .....

သန်တာရှည် ။ ။ “ ကိုကိုရယ်၊ ကိုကိုရယ် ..၊ ပုန်းပုန်းကြည့်မနေနဲ့ ..။ ”

လျှာရှည် ။ ။ “ ကိုကို ပုန်းကြည့်နေတာ ၊ ဓါတ်ဆီခိုးမလို့လား ... ”

ပြောင်ရှည် ။ ။ “ (ဖြောင်း .. ) ..၊ ခိုးစရာမလိုဘူး၊ သူတို့က ပီပါလိုက်မနေကြတာ ..”

သန်တာရှည် ။ ။ “ ကဲ .. တော်ကြပါတော့ရှင် .. ပြောရဦးမယ်။ ကိုကိုက အရမ်းစွန့်စားရဲတာ၊ ရှေ့တန်းထွက်ခါနီးဆို ..၊ မီးဆီ အရင် လာပြီး .. သူရဲ့ သတ္တိ ဘယ်လောက်ရှိကြောင်း .. လာလာပြောတာ ..။ ”

လျှာရှည် ။ ။ “ ပြောင်ရှည်နဲ့တော့ .. ကွာပါ့ကွာ ..၊ သူကဘယ်လိုလာလာပြောလဲ .. ”

သန်တာရှည် ။ ။ “ တပ်ပြေးပြီး .. လာတောင်းမယ်နော် .. တဲ့ ။ ”

ပြောင်ရှည် ။ ။ “ ရဲစွမ်းတာ .. ရဲစွမ်း တာ .. ”

သန်တာရှည် ။ ။ “ ဟုတ်ကဲ့ပါရှင် .. ပြည့်စစ်သားဟာ ...၊ အမှန်တော့ ပြည်ချစ်သားဖြစ်ရမယ် မဟုတ်လား .. အကိုတို့ရယ်။ ”

ပြောင်ရှည် ။ ။ “ မှန်တာပေါ့ညီမရယ် ..”

လျှာရှည် ။ ။ “ ကြားရတာ ... အားရှိပါပေ့၊ မှန်ပါပေ့ မင်းသမီးရယ် ။ ”

သန်တာရှည် ။ ။ “ အခုလိုသာ ဖြစ်နေမယ်ဆိုရင်လေ ..၊ နောင်တခေတ်မှာ ..၊ ဟိုသီချင်းဟာ ၊ ဒီလိုဖြစ်သွားလိမ့်မယ် အကိုတို့ရေ .. ၊ လမ်းမှားကနေ၊ လမ်းမှန်သွားဖို့ဆိုတာ၊ လာချင်ရင်အနီးကလေး၊ မလာချင်ရင်သာ အဝေးကြီး ဖြစ်နေရတာ မဟုတ်ပါလားရှင် ..။ ”

ပြောင်ရှည်+လျှာရှည် ။ ။ “ မှန်လိုက်လေ .. ညီမရယ် .. ။ ”

သန်တာရှည် ။ ။ “ ဟုတ်ကဲ့ပါရှင် .. ၊ အဲဒါကြောင့် ညီမရဲ့ ချစ်သူကို သီချင်းလေးဆိုပြီး .. အခုလိုပြောလိုက်ချင်ပါတယ်ရှင် .. ”

ပြောင်ရှည် ။ ။ “ ကြားပါရစေ ဗျာ ...... ”
ဗိမ္မသာရဇာတ်ကားရဲ့ ..၊ ဇာတ်ဝင်တေးတစ်ပုဒ်အတိုင်း၊ ..... ဆိုင်းသံနွဲ့နွဲ့နှောင်းနှောင်းထွက်ပေါ်လာစေ၊

သန်တာရှည် ။ ။ “ ရှေး လွန်လေပြီးသောအခါ .....၊ နေပြည်တော် တိုင်းမဟာ၊ .... အာဏာရှင်အစိုးရ .. သူသတ်သမားတွေဟာ ....၊
သာသနာကို ဖျက်မဲ့ သားလို့၊ ပုဏ္ဏားတော်များ ဟောကြားခဲ့တာ ၊ ဖခင် ကိုအောင်ဆန်းမှာ .. မကြားလိုပါ၊ မကြားလိုပါ၊ စစ်သားဆိုတာ ပြည်သူ့အတွက်မို့ .... အမှန်တရားတွေကိုသာ ..... အကြိမ်ကြိမ် .. မိန့်ကြားခဲ့လေတာ ..... ။ ”
တီးလုံးတစ်ကျော့ပြန်လို့ ၊ မင်းသမီးဟန်က .. ကိန္နရီမလေး အလား ....

Non-Stop စတိုင်ဖြင့် စိန်ပတ်ရှည် ကိုယ်တိုင်ရေး တေးတစ်ပုဒ်ဖြင့် ဆက်လက်ဖျော်ဖြေစေ ..... ။

“ အခုတော့ တစ်ခါ၊ တုမရပါ၊ ..... သာသနာရောင်ဝါ လွှမ်းတဲ့၊ တို့မြန်မာ ၊ အလင်္ကာပန်းဝတ်ရည်များ၊ စုပေါင်းညီညာ၊ ပြည်သာယာအစဉ်ရေး.....၊ ရှေးရှုတော့မှာ ..၊ တင့်တယ်ကာလေ ..ညီညာ၊ ၀င့်ထည့်ကာလေ ..၊ ကမ္ဘာမှာ....၊
မြန်မာဆိုတို့အမျိုး..၊ အောင်စည်အောင်မောင်း၊ အောင်ကြောင်းရယ်ဖြာ .....။ (ဟေ့ .....) မင်းသမီး ဒိုးချက်ခေါ်သံနဲ့အတူ။

ပြောင်ရှည်၊ ရွာစားကျော် ဒိုးချက်နဲ့ အညီ ကနေလိုက်တာများ ...၊ ဇာတိမာန်တက်ကြွလိုက်တာဗျာ .....။

ဆိုင်း... က ပိုသွက်လို့ Key ချိန်းကာ မင်းသမီး ဆက်ဆို ....။
“ တအူတုံဆင်း .. သွေးချင်းတွေရေ ..... (ဗျာ .. ဗျာ .. )
ကမ္ဘာတည်သရွေ့ .. ပေါင်းစည်းမယ်လေ ..၊ ..
မေတ္တာကို အစဉ်သာထား ..၊ အလင်းဆီမှလေ ..၊
မေ ချစ်သောသူ ၊ ပြည်စစ်သား၊ လိုက်ခဲ့ပါလေ ..... ။ ”

လျှာရှည်ရဲ့ ဟစ်ဟော့ စတိုင် .. စ၀င်စေ ..... ။
“ မင်းတို့ရက်စက်မှုက ဘယ်သူ့အတွက်လဲ ..၊
မှားနေပြီ ..... ကိုယ်လူတို့၊ မုန်းနေပြီ ... ပြည်သူတို့ ...၊
လက်တဆုပ်စာသာ၊ မင်းတို့အထက်မှာ ..၊
ချမ်းသာတာ၊ သူတို့အတွက်ပါ ..၊
ဆင်းရဲနေတာ၊ မင်းတို့တွေပဲ ..၊
အပြီးသတ်တည်းဖြတ်ဖို့ ..
မင်းတို့မှာ .. တာဝန်ရှိတယ် ..၊
မင်းတို့သာ ဒါရိုက်တာပဲ ..၊
မင်းတို့တွေသာ ဇာတ်ဆရာပဲ ..၊
လိုက်ခဲ့ .. လိုက်ခဲ့ .. လိုက်ခဲ့ .. လိုက်ခဲ့ .. ။ ”

မင်းသမီးပြန်ဆို .....
“ တအူတုံဆင်း .. သွေးချင်းတွေရေ ..... (ဗျာ .. ဗျာ .. )
ကမ္ဘာတည်သရွေ့ .. ပေါင်းစည်းမယ်လေ ..၊ ..
မေတ္တာကို အစဉ်သာထား ..၊ အလင်းဆီမှလေ ..၊
မေ ချစ်သောသူ ၊ ပြည်စစ်သား၊ လိုက်ခဲ့ပါတော့လေ ..... ။ ”

သီချင်းသံမှိန်ဖျော့၊ အလင်းဟာတိမ်လျော့သွားတာနဲ့အတူ၊ ကတ္တီပါကားလိပ်ကြီး တဖြေးဖြေးကျလာစေ ။ ။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)


Read more...

Monday, October 15, 2007

ပြောချင်လွန်းလို့ (၆)

ဒီနေ့ တနင်္ဂနွေနေ့ .. ဗိုလ်စီကွေးဈေးသွားရမယ်။ ဒီနေ့ချက်ပြုတ်ရေးတာဝန်ကျတဲ့ကောင်တွေကတော့နှပ်နေတုန်းနေမှာပေါ့။ သူနဲနဲမနာ လိုဖြစ်မိသေး။မတတ်နိုင်ဘူးလေ။ ကိုယ်လည်းကိုယ့်အလှည့်တုန်းကသူတို့လိုအိပ်နေခဲ့တာပဲ။ ဘာပဲပြောပြောဒီရုရှားရောက်တော့မှအိပ် ရေး၀၀အိပ်နေကြရတာ။ သူမထချင်ပဲထလိုက်ရတော့တယ်။ အချိန်ကလည်းကြည့်ဦး၊ မွန်းလွဲနေပြီ။သွားရမှာကရထားနှစ်ဆင့်ပြောင်း စီးရမှာ။ တောင်နဲ့မြောက်။ ဗီယက်နမ်ဈေးလောက်ဆိုတော်သေး။ ဒါပေမယ့်အခုသွားမယ့်ဈေးမှာကပေါပေါများများရတယ်။

မော်စကိုရောက်ကြည့်မြင်တိုင်သီရိမင်္ဂလာဈေး လို့တောင်ပြောလို့ရမယ်ထင်ပါ့။ သီရိမင်္ဂလာဈေးနဲ့မတူတာကတော့၊ အဲဒီမှာအသီးအရွက် သာမက အိုးခွက်ပန်းကန်၊ လူသုံးကုန်ပစ္စည်း၊ အခြောက်အခြမ်းအကုန်ဝယ်လို့ရတယ်။ တူတာကတော့ခါးပိုက်နှိုက်ရှိသဗျ။ ရုရှားတောင် ပိုင်းကလာတဲ့မွတ်စလင်တွေပေါတယ်။ အဲဒါကြောင့်ရဲလည်းပေါတယ်။ ဟိုတုန်းကရောက်ခဲ့ပြီးတဲ့ မြန်မာကျောင်းသား ပိုင်အိုနီးယားတွေ ကောင်းမှုကြောင့်၊ သူတို့လည်းဒီဈေးပဲ အားကိုးရတာ။ ဝေးပေမယ့်ဈေးဝယ်လို့ကောင်းတယ်၊တန်လည်းတန်တယ်။ သွားသာသွားရတာ၊ ကြားဖူးထားတာလည်းရှိသေးတယ်။ တချို့ကျောင်းသားတွေ အဲဒီဈေးမှာခါးပိုက်နှိုက်ခံရဖူးတယ်။ ပြီးတော့ရဲငွေညှစ်တာလည်းခံရဖူး တယ်တဲ့။ အဲဒီအချိန်တွေတုန်းကရှားရှားပါးပါး အ၀ါရောင်အသားအရေပိုင်ရှင်ရွှေမြန်မာတွေကိုရဲကဖမ်းပြီးငွေညှစ်ရော။ ဒါပေမယ့်အမှန် အကန်ပတ်(စ်)ပို့ ပြနိုင်တော့၊ ညစ်ပြီးရဲကားနဲ့ဘယ်နေရာမှန်းမသိတင်ခေါ်သွား။ ပြီးတော့မှရောက်တဲ့နေရာမှာ ချထားခဲ့လိုက်တော့၊ အဲဒီ မောင်မင်းကြီးသားတွေ Taxi ငှားပြန်ရရှာတယ်။ ရဲတောင်းတဲ့ရူဘယ်(လ်)-၂၀၀ လောက်မပေးမိတော့၊ ကားကို ၃၀၀ ပေးစီးပြီးမှကိုယ့် နေရာကိုပြန်ရောက်တယ်။သူကတော့အခုထက်ထိတစ်ခါမှမကြုံရသေး။ဘာပဲဖြစ်ဖြစ်သတိတော့ထားမှ။
အင်း .. မသွားမဖြစ်တော့လည်းသွားရမှာပေါ့လေ။ နိုင်ငံတော်ကလခ ပဲပေးထားတာ။ ကိုယ့်ဝမ်းကိုကိုယ့်ဘာသာပဲချက်ပြုတ်စားသောက် ပြီးဖြည့်ရမှာ။ သူအသီးအရွက်လေးလည်းစားချင်သေးတာကိုး။ နီးနီးနားနား၊ ရမ်(မ်) စတိုးလိုနေရာ၊ ဗီယက်နမ်ဈေးလိုနေရာမှာဝယ်ရင် တော့ရပါရဲ့။ သူဌေးမားကက်ဆိုတော့တစ်ကြိမ်တည်းနဲ့လန့်နေပြီ။ ရမ်(မ်)စတိုးဆိုတာကလည်းဗော်(ဒ်)ကာနဲ့ဘီယာအကဒ်လိုက်ပဲဝယ် သောက်လို့ကောင်းတဲ့မားကက်ကြီး၊ ပိုက်ဆံရှိရင်တော့စိန်တောင်ဝယ်လို့ရတဲ့နေရာ။ ရှေ့လဆိုရင်ဒီမှာ ရွှေလိမ္မော်လို၊ လိမ္မော်သီး အလုံးသေးသေးလေးတွေနဲ့၊ ပန်းသီးချဉ်ချဉ်တွေပဲစားရတော့မှာ။ ငှက်ပျောသီးတောင် အီကွေဒေါ ကနေ အင်ပို့(တ်) လုပ်ရ တဲ့ကိုရုရှား တွေရယ်..ဒုံးပျံတွေလွှတ်နေတယ်။ အပ်တို့၊ ဘော(လ်)ပင် တို့တောင်ထုတ်လုပ်ဖို့မစဉ်းစားတဲ့သူတို့တွေ၊ ဆောင်းတွင်းကြီးရှင်အောင်စိုက် နိုင်တဲ့စိုက်ပျိုးရေးသုတေသနလုပ်ဖို့လည်း စိတ်မ၀င်စားဘူးထင်ပါ့။ သူများကိုလက်နက်ရောင်းစားဖို့လောက်ပဲတွေးနေတာလေ။ သူက လည်းငှက်ပျောသီးဆိုအသေကြိုက်။ညဘက်ငှက်ပျောသီးစားပြီး၊မနက်အိပ်ယာထသင်္ဘောသီးလေးလွေးလိုက်ရရင်ဝမ်းမှန်ပြီး၊ ကျန်းမာ တယ်တဲ့။ဗိုလ်ခင်ညွန့်ကတော့၊ “မနက်သင်္ဘော၊ ညငှက်ပျော” ဆိုတဲ့အတိုင်းနေထိုင်စားသောက်ပြီး တိုင်းပြည်တာဝန်ကျေပြွန်စွာထမ်း ဆောင်ခဲ့တာပဲ။
ဒီမော်စကိုကို ရောက်စကတော့ သူ တော်တော်ပျော်တယ်။ တိုင်းပြည်တာဝန်ကိုပညာရှင်တစ်ဦးအနေနဲ့ထမ်းဆောင်ခွင့်ရတော့မယ်ဆို ပြီးလေ။ လူကြီးတွေကတော့ပြောတာပဲ။ ဒီမစ်ရှင် ကိုတကယ်ထူးချွန်တဲ့ လက်ရွေးစင် အရာရှိတွေ ရွေးချယ်ပြီးစေလွှတ်တာဆိုတော့ကာ၊ နဲနဲတော့ ကြွမိတာပေါ့။ သွေး ..ပြောတာပါ။ နိုင်ငံခြားရောက်တဲ့အခါ .. ဘာတဲ့ .. ရောမရောက်ရင်ရောမလိုကျင့်ရမယ်ဆိုလား..။ ခေါင်း ထဲတော့ရိုက်ထည့်ပေးလိုက်တာပဲ။ အားလုံးတော့လည်းမမှတ်မိ။ အဲဒါကြောင့်သူ ရတဲ့ လခ ကိုအကုန်သုံးတယ်။ စားတယ်၊ သောက် တယ်။သိပ်ပြီးကပ်စီးကုပ်မနေဘူး။ အဲ.....ဒါပေမယ့်ပေါ့လေ။ အချိန်ကြာလာတော့၊နောင်တော်ကြီးတွေလို၊ ကွန်ပြူတာတွေ၊ အင်တာနက် တွေအပိုင်သုံးချင်လာတယ်။ကွန်ပြူတာကိုတော့ဟိုမှာကတည်းကကျောင်းမှာသုံးဖူးပါတယ်။အင်တာနက်ကတော့တော်တော်ဝေးတာပေါ့။ ဒီရောက်တော့သူဒါကိုအရမ်းပဲစိတ်ဝင်စားမိလာတယ်။ သူ့မျက်စိထဲမှာအားလုံးအသစ်အဆန်းကြီးပဲကိုး။ ကြိုးစားရင်ကြင်ယာတောင်ရနိုင် တယ်ဆိုတာ၊ သူ့မျက်မြင်ကိုယ်တွေ့။ သူ စပြီးစဉ်းစားတော့တယ်။ ဒီအတိုင်းသုံးနေလို့တော့မဖြစ်။ စုမှ ..... ၀ယ်မှ ...။
သူချွေတာရေး စအကောင်အထည်ဖေါ်ပါတော့တယ်။ စားတာသောက်တာကအစပေါ့လေ။ ပထမဆုံးလုပ်ဖြစ်တာက .. စိတ်တူကိုယ်တူ နီးစပ်တဲ့သူငယ်ချင်းတွေနဲ့စုပြီးချက်စားတဲ့နည်းပဲ။ စလုပ်တဲ့လမှာပဲအကျိုးသက်ရောက်မှုကသိသာလာတယ်။ အရင်တုန်းကလိုကျောင်း ကအပြန်မှလိုအပ်တာလေးတွေဝယ်ခြမ်းပြီး၊ အဆောင်ကိုရောက်၊ ဟာနေတဲ့ဗိုက်ကို၊ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ်၊ နွားနို့နဲ့ပေါင်မုန့် တစ်ခုခု ဖြစ်ဖြစ်၊ အဆင်ပြေသလိုစားသောက်တဲ့ပုံစံတွေ ဇယားပြောင်းပစ်လိုက်တယ်။ ဟိုတုန်းကဆိုကျောင်းမှာပဲ၊ မုန်းစားချိန်မှာတစ်ခုခုဝယ်စား တာလေ။အဆာပြေ..(ချား)လို့ခေါ်တဲ့လက်ဘက်ရည်ပူပူတစ်ခွက်နဲ့၊ ဟော့ဒေါ့တစ်ခုလောက်စားလိုက်ရင်အနဲဆုံးတစ်ဒေါ်လာရဲ့သုံးပုံတစ် ပုံလောက် ကုန်ပြီ။ ကျောင်းကင်တင်းမှာ ၀ယ်စားရင်တော့၊ ရုရှားကျောင်းသားတွေစားသလို မစားနဲ့ဦး။ ပေသီးတွက်ပြီးစားရင်တောင်၊ ဒေါ်လာဝက်လောက်ကုန်ပြီ။အဲဒီကင်တင်းကိုသူအမြဲရောက်တယ်၊စားလည်းစားတယ်။ ဗမာပါးစပ်နဲ့ကိုက်တာဆိုလို့၊ ထမင်းနဲနဲကိုအသား များများနဲ့ကြော်ထားတဲ့၊ ထမင်းကြော်လို့ပဲဆိုပါတော့၊ အဲဒါတစ်မျိုးပဲသူခံတွင်းတွေ့တယ်။ နေ့တိုင်းလိုလိုဝယ်စားတော့၊ အခုမှသူပြန် တွေးမိတယ်၊ မကိုက်ရေးချာမကိုက်ပါလား။ နှမြောလိုက်တာ။
အခုနောင်တော်စီနီယာကြီးများရဲ့နည်းအတိုင်း၊ စုချက်စားတော့ ကုန်ကျစရိတ်ကတော်တော်သက်သာပေတာကိုး။ တချို့လည်း၊ ကိုယ့် ဘာသာကိုယ်တစ်ဦးတည်းချက်စားကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်အများနဲ့စုပြီးပေါင်းစားနိုင်ရင်တော့တွက်ချေကိုက်တယ်။ ရိုက်(စ်)ကွတ်ကာ ရှားတဲ့ဒီနေရာမှာ .. တော်တော်လည်း အကျိုးရှိပါပေတယ်။ လကုန်ရင် စာရင်းချုပ်ကြည့်၊ ရူဘယ်(လ်) 1500 ကျော်ကျော်ဆိုရင် အစွမ်း ကုန်ပဲ။ တွက်ကြည့်လေ၊ ဒေါ်လာနဲ့ဆို၊ 40-50။ ထားလိုက်ပါဦးတော့။ 70-80။ ဆိုတော့ကာ သူ့အတွက်တော့တစ်လ 150 နဲ့ 200 တော့ ကောင်းကောင်းကျန်တယ်။အိမ်ဖုန်းဆက်ဖို့နဲ့၊ဆေးလိပ်ဖိုးလေးချွေတာလိုက်။ ကွန်ပြူတာလောက်တော့ကောင်းကောင်းဝယ်နိုင်တော့မှာ။
တစ်ခုတော့ရှိတယ်။ စုစားရင်ကောင်းတာရှိသလို၊ မကောင်းတာလည်းရှိတာပဲ။ အများနဲ့ဆိုတော့ ကိုယ်စီကိုယ်ငှ တာဝန်လေးတွေတော့ ယူကြရတာပေါ့။ဘယ်သူကဈေးဝယ်မယ်။ ဘယ်သူကချက်ပြုတ်မယ်၊ စသဖြင့် အလှည့်ကျတာဝန်လေးတွေယူထားရတယ်။ လူညီလို့အခု ထက်ထိစုပေါင်းပြီးချွေတာစားသောက်နေတဲ့အဖွဲ့တွေရှိသလို၊တချို့ကျတော့လည်း ကြာကြာမခံပါဘူး။ တစ်ဦးနဲ့တစ်ဦးစီနီယာ၊ ဂျူနီယာ ခွဲနေလို့၊ တွက်ကပ်နေလို့၊ သူကဘာမလုပ်လို့၊ ငါကတော့ဘာလုပ်ရလို့၊ စောင်းမြောင်းရင်း၊ ကွဲပြဲကုန်ပြီး၊ နောက်ဆုံးတော့ ဒုံရင်း ဒုံရင်း၊ ကိုယ့်အိုးလေးနဲ့ကိုယ်ထမင်းရည်ငှဲ့ပြန်ချက်စားရတော့တာပဲ။ ကိုယ့်တစ်ဦးတည်းကျတော့၊စားချင်တာချက်စား၊ မကုန်ရင်အမှိုက်တောင်း ထဲလွှင့်ပစ်ပေါ့လေ။ ခုနပြောသလို အဖွဲ့နဲ့ကျတော့၊ အချင်းချင်းမြင်တာလေးတွေရှိလာတဲ့အခါကျရင် ..၊ သွေးသောက် ကြီးတွေအကုန် အိုးစားကွဲတော့တာပဲ။အင်းပေါ့လေ၊လူတွေပဲဥစ္စာ။လူ့သဘာဝကတော့နေရာတိုင်းမှာရှိနေမှာပါပဲ။ အချင်းချင်းပြဿနာမကြီးထွားရင်၊ စုံ-ခုံ အစစ်ခံရတဲ့ဘ၀မရောက်ခဲ့ရင် အချိန်တန်(၃)နှစ်ပြည့်တော့ ကပ္ပတိန်ဘ၀ ရောက်မှာပဲမဟုတ်လား။ သူတို့ D.S.A. ကအခြားအဖွဲ့တွေနဲ့ မတူပါဘူး။ ရာထူးတိုးဖို့၊ ကိုယ့်ရှေ့က Position လွတ်တာစောင့်နေရတာမျိုးမရှိ။ မင်နီ အတားမခံရရင်၊ ဆားဗစ်ကဒ် မထိရင် အော်တို မက်တစ်တက်သွားတာပဲ။ ဘယ်နှစ်ယောက်ရှိနေပါစေ။ လူ (၁၀၀၀) ရှိရင်၊ (၁၀၀၀)လုံးရာထူးတိုးကြပေါ့၊ အဲဒါကြောင့်နဲနဲပါးပါးသာ လုပ် ပြ။ မရှုပ်ရင်မပြုတ်စေရဘူး။ သူ အခု ဒီိရောက်လာတာလည်း ခပ်ကောင်းကောင်း။ စာလေးသာပုံမှန်လုပ်သွား။ သုံးနှစ်ပြည့်ရင်သုံးပွင့်ရ၊ ဘွဲ့လည်းရ၊ အားလုံးအိုကေပဲပေါ့။
အင်း...စိတ်ကူးယဉ်နေလို့လည်းမပြီးသေးပါဘူးလေ။ ငါတောင်မျက်နှာသစ်ပြီးပေါ့။ အတူနေအခန်းဖေါ်ကိုနှိုးရဦးမယ်။ သူလည်းဈေးဝယ် တာဝန်ကျတာ၊ အတူတူသွားရမှာ။ ဒီကောင်ကလည်း၊ ညကတည်းကဈေးသွားရမယ်ဆိုတာသေချာပြောထားသားနဲ့။ ဘယ်လိုတုန်း။ အေးလေ.. ဒါကြောင့်လည်း၊ သူသူ..ငါငါ.. မြင်လာကြတာကိုး။ တွက်ကပ်တယ်ဆိုတာဒါမျိုးထင်ပါရဲ့။ ကဲ.. မထရင်နားရင်းပိတ်ရိုက်ပြီး နှိုးမယ်ကွာ။ ငါတစ်ယောက်ထဲတော့ မသွားနိုင်ဘူး ..... ။ ဗိုလ်ဂိုင်စီကွေးလေးတော်တော်ဒေါသထွက်နေရပါတော့တယ်။


Read more...

Saturday, October 13, 2007

ယမမင်းနှင့်ရူးကြောင်မူးကြောင်

အရှင်ဘုရား .....
လူတွေသေတဲ့အခါ၊ ကုသိုလ်နဲ့သေရင်ဒုဂ္ဂတိဘုံကို စက္ကန့်မခြားချက်ချင်းကူးပြောင်းသွားတယ်ဆိုတဲ့၊ အယူအဆနဲ့လူတွေသေရင်ယမမင်း ကြီးဆီ အရင်ဆုံးသွားပြီး အစစ်ဆေးခံရတယ်၊ သူကပို့ပေးမှ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံကိုရောက်ရတယ်ဆိုတဲ့အယူအဆ၊ အယူအဆနှစ်ခုကို အကြောင်းပြုပြီး၊ တပည့်တော်တို့သူငယ်ချင်းတွေ သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ခဏခဏငြင်းခုန်ကြရပါတယ်ဘုရား၊ အမှန်ကိုဖြေရှင်း ပေးတော်မူပါဘုရား။ (အမေး-မောင်တင်ဝင်းလှိုင် ၊ အမေရိကန်နိုင်ငံ)။

ဒကာတင်ဝင်းလှိုင်ရေ .........
လူသတ္တ၀ါဖြစ်ဖြစ်၊ တခြားသတ္တ၀ါဖြစ်ဖြစ်၊ သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးတော့မယ်ဆိုရင် သေခါနီးမှာ ကံအာရုံ၊ ကမ္မနိမိတ်အာရုံ၊ ဂတိနိမိတ်အာရုံဆိုတဲ့အာရုံသုံးမျိုးထဲက အာရုံတစ်မျိုးမျိုးထင်လာတတ်ပါတယ်။
“ကံအာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ ဒီဘ၀မှာမိမိပြုခဲ့တဲ့ ကုသိုလ်စေတနာတစ်ခုခု စိတ်ထဲမှာပေါ်လာတတ်သလို အရင့်အရင် အတိတ်ဘ၀တွေတုန်းက မိမိပြုခဲ့ဖူးတဲ့ ကုသိုလ်စေတနာတစ်ခုခု၊ ဒါမှ မဟုတ် အကုသိုလ်စေတနာတစ်ခုခုလည်း အာရုံမှာထင်ရှားလာတတ်ပါတယ်။ ဒီဘ၀မှာပြုခဲ့တဲ့ကံတွေ၊ စေတနာတွေသာ သေခါနီးမှာကံအာရုံအဖြစ် ထင်လာမှမဟုတ်ပါဘူး။ ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ဘ၀တစ်ရာ၊ ဘ၀ တစ်သိန်းတုန်းက ကံတွေ၊ စေတနာတွေလည်း ဒီဘ၀သေကာနီးမှာ ကံအာရုံလာထင်နိုင်ပါတယ်။ ကံအစုံ၊ စေတနာအစုံ စုပြုံထင်တာ တော့မဟုတ်ပါဘူး။ ကံတစ်ခု၊ စေတနာတစ်ခုပဲထင်လာတာပါ။
“ကမ္မနိမိတ်အာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ ကုသိုလ်ကံပြုစဉ်က ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေ၊ ဒါမှမဟုတ် အကုသိုလ်ကံပြုစဉ်က ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေ စိတ်ထဲမှာထင်ရှားပေါ်လာတတ်ပါတယ်။ ကုသိုလ်ကမ္မထင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ကျောင်းကန်ဘုရားတွေ၊ စေတီပုထိုးတွေ၊ ရဟန်းသံဃာတွေ၊ ဆွမ်းခဲဖွယ်တွေ စတဲ့ ကိုယ်ပြုခဲ့တဲ့ ဒါနကံရဲ့ အခြံအရံ၊ အဆောက်အအုံတွေ၊ ဥပုသ်ဇရပ်တွေ၊ သီလပေးတဲ့ဘုန်း ကြီး၊ သီလခံယူနေပုံ စတဲ့သက်ဆိုင်ရာသီလကံရဲ့ အသိုင်းအ၀ိုင်း၊ အဆင်တန်ဆာတွေ၊ ကမ္မဌာန်းအာရုံ၊ ကမ္မဌာန်းရိပ်သာ၊ ကမ္မဌာန်းဆရာစတဲ့မိမိကျက်စားရာဘာဝနာကံရဲ့အရိပ်အငွေ့၊အ၀န်းအခြုံတွေအာရုံထင်လာတတ်ပါတယ်။ အကုသိုလ်ကမ္မနိမိတ်ထင်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ကိုယ်သတ်ဖြတ်ခဲ့တဲ့ သားကောင်တွေ၊ ကိုယ်အသုံးပြုခဲ့တဲ့ တုတ်၊ ဓား၊ လေး၊ မြား လက်နက်တွေ၊ ကိုယ်ခိုးခဲ့ ၀ှက်ခဲ့ ဖြောင်ထားခဲ့တဲ့ ပစ္စည်းပစ္စယတွေ၊ ပိုက်ဆံငွေကြေးတွေ၊ ကိုယ်ပြစ်မှားကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ စတဲ့ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့ အခြံအရံ အဆောက်အအုံတွေ အာရုံထင်လာတတ်ပါတယ်။
“ဂတိနိမိတ်အာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ကိုယ်လားရောက်ရမဲ့ဘ၀ရဲ့ သွင်ပြင်လက္ခဏာတွေ၊ အခြံအရံအဆောက်အအုံတွေအာရုံထင် လာတတ်ပါတယ်။ လူ့ဘုံ၊ လူ့ဂတိ ရောက်ရမယ့်သူဆိုရင် မိခင်ဝမ်းရေအာရုံ၊ နတ်ဘုံ၊ နတ်ဂတိ ရောက်ရမယ့်သူဆိုရင် နတ်ဗိမာန်၊ နတ်ရထား၊ နတ်သမီးအာရုံ၊ ငရဲကျမယ့်သူဆိုရင် ငရဲမီး၊ ငရဲထိန်း၊ ငရဲခွေးအာရုံ၊ ပြိတ္တာဖြစ်မယ့်သူဆိုရင် တော၊ တောင်၊ မြစ် ကမ်းအာရုံ စတဲ့ကိုယ်ရောက်ရမယ့် လားရာဂတိရဲ့ ဘ၀ပုံရိပ်တွေထင်လာတာကို “ဂတိနိမိတ်” အာရုံထင်လာတယ်လို့ခေါ်ပါတယ်။ အဲဒီ “ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်” ဆိုတဲ့အာရုံသုံးမျိုးတစ်မျိုးမျိုးထင်ပြီးလို့ စုတိစိတ်ကျပြီးတာနဲ့တစ်ပြိုင်နက်ထင်လာတဲ့နိမိတ်အာရုံနဲ့ လိုက်လျော ညီထွေတဲ့ ဘ၀သစ်တစ်ခုမှာ ပဋိသန္ဓေစိတ် ချက်ချင်းဖြစ်ပြီး သတ္တ၀ါအသစ်တစ်ဦးရဲ့ ခန္ဓာ တန်းစပါတော့တယ်။
“ကံ၊ ကမ္မ နိမိတ်၊ ဂတိနိမိတ်” လို့ သုံးမျိုးကွဲနေပေမယ့် လိုရင်းကတော့ ကံပါပဲ။ ကုသိုလ်ကံ၊ ကောင်းကံနဲ့သေရင် သုဂတိဘ၀၊ ကောင်းတဲ့ဘ၀ ကို ချက်ချင်းရောက်ပြီး၊ အကုသိုလ်ကံ၊ ဆိုးတဲ့ကံနဲ့သေရင် ဒုဂ္ဂတိဘ၀၊ ဆိုးတဲ့ ဘ၀ ချက်ချင်းရောက်ပါတယ်။ သေခါနီးထင်လာတဲ့ကံနဲ့ သက်ဆိုင်တဲ့ ဘ၀ကို ချက်ချင်းရောက်ပါတယ်။ သေခါနီးထင်လာတဲ့ ကံနဲ့ သက်ဆိုင်တဲ့ဘ၀ကို စက္ကန့် မခြားတန်းရောက်တာမို့ ဘယ်တန်ခိုးရှင်၊ ဘယ်ယမမင်းထံမှ အစီရင်ခံစာသွားတင်ပြီး အင်တာဗျူးလုပ်နေစရာမလိုပါဘူး။ တန်ခိုးရှင် တစ်ဦးဦး၊ ယမမင်းတစ်ဦးဦးရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ ပါမစ်ရမှ သုဂတိဘုံ၊ ဒါမှမဟုတ် ဒုဂ္ဂတိဘုံ ကိုသွားရောက်ရတာမဟုတ် ပါဘူး။ သေခါနီးအာရုံထင်လာတဲ့ ကိုယ့်ရဲ့ကံတရားကပဲ ကိုယ့်ကိုသုဂတိဘုံရောက်အောင်၊ ဒါမှမဟုတ် ဒုဂ္ဂတိဘုံရောက်အောင် ပို့ဆောင် ပေးလိုက်တာပါ။ အချိန်ဆွဲပြီးပို့ဆောင်နေတာလည်း မဟုတ်ပါဘူး။ ဒီဘ၀ ဒီခန္ဓာ ချုပ်ချုပ်ချင်း စက္ကန့်မဆိုင်း ပို့ဆောင်ပေးလိုက်တာပါ။ အိပ်ပျော်နေရာက နိုးလာတဲ့လူတစ်ယောက်ရဲ့ အိပ်ပျော်နေချိန်နဲ့ နိုးလာချိန်ကြားမှာ ဘာအချိန်မှ ခြားကွယ်နေခြင်းမရှိသလိုပါပဲ။ “ အိပ် သောယောင်္ကျား၊ နိုးသောလားသို့ ” ပေါ့။
သေလွန်ပြီးရင် ဘ၀ အသစ် တန်းဖြစ်တယ်ဆိုပေမယ့် တချို့သေလွန်သူတွေ ယမမင်းကြီးဆီမှာ အစစ်ဆေးခံကြရတဲ့အကြောင်း၊ ဘု ရားဟော ပိဋကတ်တော်ထဲမှာလည်းရှိ၊ သေငယ်ဇောနဲ့ မေ့မြောသွားရာက အသက်ပြန်ရှင်လာတဲ့ သေရွာပြန်တွေရဲ့ အတွေ့ အကြုံတွေ ကလည်းရှိနေတာမို့ ဒီအချက်ကို ခြွင်းချက်တစ်ခုအနေနဲ့ မှတ်သားထားကြရပါမယ်။
“ယမမင်း” ဆိုတာ ငရဲပြည်မှာရုံးထိုင်ရပေမယ့် ငရဲသားတော့မဟုတ်ပါဘူး။ စာတုမဟာရာဇ် နတ်ထဲမှာ ပါဝင်တဲ့ ဝေမာနိကပြိတ္တာမျိုးပါ။ “နေ့စံညခံ” ၊ “နေ့ခံညစံ” ဆိုတာလို အချိန်တစ်ခုမှာနတ်စည်းစိမ်ခံစားပြီး၊ အချိန်တစ်ခုမှာ ငရဲဆင်းရဲ ခံစားရတဲ့ ပြိတ္တာမင်းပါပဲ။ ငရဲပြည်ရဲက တံခါးလေးဖက်မှာ ရုံးလေးရုံးစိုက်ပြီး တစ်ရုံးကိုတစ်ယောက်စီရုံးထိုင်ရတဲ့အတွက် ငရဲပြည်မှာ ငရဲမင်းကြီး လေးယောက် ရှိပါတယ်။ စာတုမဟာရာဇ် နတ်မင်းကြီး လေးယောက်ရှိသလိုပါပဲ။
ငရဲပြည်ရောက်လာတဲ့ ငရဲသားတိုင်း ယမမင်းကြီးဆီမှာ အစစ်ဆေးမခံကြရပါဘူး။ အကုသိုလ်ကံများတဲ့သူ၊ မကောင်းမှုဒုစရိုက် အား ကြီးတဲ့သူတွေကတော့ ယမမင်းကြီးနဲ့ ၀င်တွေ့စရာမလိုဘဲ ငရဲဆင်းရဲကိုချက်ချင်းခံစားကြရပါတယ်။ အကုသိုလ်ကံနည်းတဲ့သူ၊ မ ကောင်းမှုဒုစရိုက်ကံ အားပျော့တဲ့သူတွေသာ ယမမင်းကြီးနဲ့ အင်တာဗျူးလုပ်ကြရပါတယ်။
ယမမင်းကြီး အင်တာဗျူးလုပ်စစ်ဆေးတယ်ဆိုတာကလည်း အပြစ်မရှိအပြစ်ရှာပြီး ဒုက္ခပေးချင်လို့မဟုတ်ပါဘူး။ ငရဲဆင်းရဲကလွတ် သင့်ရင် လွတ်ခွင့်ရစေချင်လို့ပါ။ စစ်ဆေးပုံ စစ် ဆေးနည်းအသေးစိတ်ကိုတော့ နောင်အလျဉ်းသင့်တော့မှပဲ ပြောပြပါတော့မယ်။
လိုရင်းကတော့ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုပြုခဲ့သလား၊ မပြုခဲ့ဘူးလားဆိုတာ စစ်ဆေးမေးမြန်းတာပါပဲ။ ကုသိုလ်ကောင်းမှုတစ် ခုခုကိုသတိရသွားလို့ ပြန်ပြောပြနိုင်ရင်တော့ “ငရဲပြည်ကလွတ်စေ” လို့အမိန့်ချမှတ်ပြီး၊ကာယကံရှင်ပြုခဲ့ဖူးတဲ့ကောင်းမှုကံနဲ့ထိုက်တန်တဲ့ သုဂတိဘုံကို ပို့ပေးလိုက်ပါတယ်။
ကုသိုလ်ကံနဲ့သေရင်ကောင်းရာသုဂတိရောက်ရ၊ အကုသိုလ်ကံနဲ့သေရင်မကောင်းရာဒုဂ္ဂတိရောက်ရတဲ့ရိုးရိုးရှင်းရှင်း သဘာဝနိယာမကြီး ကိုချိုးဖေါက်ပြီး ယမမင်းကြီးဆီမှာအယူခံဝင်ရတဲ့ငရဲသားတွေဟာလူ့ဘ၀တုန်းကဘယ်လိုလူစားမျိုးတွေလဲဆိုရင် “ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါ။
“စိတ်ကောင်းထားရင်ပြီးတာပဲ၊ ဘာကုသိုလ်မှထွေထွေထူးထူးလုပ်နေစရာမလိုပါဘူး” ဆိုတဲ့လူစားမျိုးတွေ၊ “တို့ကတရားအားမထုတ်ပေ မယ့် ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး၊ ကိုယ့်ဘာသာကိုယ်အေးဆေးပဲ ” ဆိုတဲ့ လူစားမျိုးတွေ၊ “ တို့က ဘာကုသိုလ်မှ မလုပ် ပေမယ့် ၊ ဘာအကုသိုလ်မှ မလုပ်တဲ့အတွက် သေရင်ကောင်းရာရောက်မှာပဲ”ဆိုတဲ့လူစားမျိုးတွေ၊ “ ဒီဘ၀ ဘာလုပ်လုပ်၊ သေရင်ပြီးတာပဲ ” ဆိုတဲ့ လူစားမျိုးတွေဟာ ရူးကြောင်မူးကြောင်လူစားမျိုး” တွေပါပဲ။
“စိတ်ကောင်းထား ပြီးတာပဲ” ဆိုတဲ့ အယူအဆ၊ “ သေရင်ပြီးပြီ ” ဆိုတဲ့အယူအဆ လက်ကိုင်ထားတဲ့သူတွေဟာ ကုသိုလ်လည်းမယ်မယ် ရရ မလုပ်ဖြစ်၊ အကုသိုလ်လည်း ဟုတ်တိပတ်တိ မလုပ်ဖြစ်နဲ့ ဟိုလိုလို ဒီလိုလို အရည်မရ၊ အဖတ်မရ ဖြစ်နေပါတယ်။ (တချို့လည်း အကုသိုလ် အကြီးအကျယ်လုပ်ကြပါတယ်။ သူတို့ကတော့ ယမမင်းနဲ့ မသက်ဆိုင်တော့ပါဘူး။)
ကုသိုလ်ကံကလည်း ဝေေ၀၀ါးဝါး၊ အကုသိုလ်ကံကလည်း မှုန်မှုန်မွှားမွှား ဆိုတော့ သေခါနီးမှာ ဘယ်ကံက ဘယ်လိုအာရုံထင်ရမှန်း မသိတော့ဘဲ ကံတရားမျက်စိလည်သွားပါတယ်။ သုဂတိလည်းဖြောင့်ဖြောင့် မတက်နိုင်၊ ဒုဂ္ဂတိလည်း ဖြောင့်ဖြောင့် မဆင်းနိုင်ဘဲ နောက်ဆုံးတော့ သမာသမတ် ကျပြီး မျှတတဲ့ “ ယမမင်းကြီး” ဆီကိုပဲ ငရဲသားအဖြစ်နဲ့ အယူခံဝင်ဖို့ ရောက်သွားရပါတော့တယ်။ ယမ မင်းကြီးက “ ဓမ္မိကရာဇာ-တရားစောင့်တဲ့မင်း ” ဆိုကိုး။
ယမမင်းကြီး၊ ဘယ်လောက်ပဲတရားစောင့်စောင့်၊ ကိုယ့်ဘက်က လက်ဆုပ်လက်ကိုင်ပြစရာ ကုသိုလ်ကောင်းမှုတစ်ခုမှ မရှိဘူးဆိုရင် တော့ ဘယ်လိုနည်းနဲ့မှ လွတ်ငြိမ်းချမ်းသာခွင့်မရနိုင်ပါဘူး။ ကုသိုလ် လက်ကိုင်မရှိသူရဲ့ သွားရလမ်းကတော့ ငရဲဘုံပါပဲ။ ယမမင်းကြီး ရုံးထိုင်စစ်ဆေးနေတာကိုက ငရဲဘုံဆိုတာ မမေ့လိုက်ပါနဲ့။
စိတ်ထားကောင်းပေမယ့်ဘာကုသိုလ်မှ ထမြောက်အောင်မြင်အောင်မလုပ်ရင်၊ သေရင်ပြီးပြီလို့ယူဆပေမယ့်ဘာအကုသိုလ်မှထမြောက် အောင်မြင်အောင်မလုပ်ရင်၊ အဲဒီလိုဘာမှမထမြောက်မအောင်မြင်သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ကတော့ကျေးဇူးရှင် “ယမမင်းကြီး” တစ်ဦးပဲရှိပါတယ်။ ဒကာတင်ဝင်းလှိုင်တို့သူငယ်ချင်းတစ်သိုက် “စိတ်ထားကောင်းရင် ပြီးတာပဲ” ဆိုတဲ့ အယူအဆ၊ “သေရင်ပြီးပြီ” ဆိုတဲ့ အတွေးအခေါ်တွေနဲ့၊“ရူးကြောင်မူးကြောင်”မဖြစ်ကြပါစေနဲ့လို့ဝေးတစ်မြေမှ၊ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ (ကံတရားပီပြင်ကြပါစေ။)
အရှင်ဆန္ဒာဓိက (အင်တာဗျူးဂျာနယ်၊ သြဂုတ်-၁၄၊ ၂၀၀၂) မှတိုက်ရိုက်ကူးယူဖေါ်ပြပါသည်။
တွေးစရာမလိုတော့တဲ့ အမှန်တရားတွေပါ။ အားလုံးဟာသေနေ့ကိုစောင့်နေကြပါတယ်။


Read more...

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၃)

ကဲ ... အခုတော့မီးပြန်လာလို့ ...... ပြောင်လျှာရှည်တို့တရေးအိပ်ပြီးသကာလ ... ပွဲပြန်စလေပြီ။
(တဲ့နယ် ပြောင် .. တဲ့နယ်ပြောင် ..) စိန်ပတ်ရှည်ရဲ့ဆိုင်းပျိုးသံလေးနဲ့ အတူ .........
ပြောင်ရှည်။ ။ “ အသားရယ်ဖြိုး ..... ဆင်ကိုယ်လုံးနဲ့ .. ပေးတာယူ၊ ကျွေးတာစား ... တေးကဗျာများဖွဲ့ရလောက်ပါတဲ့ .. သန်တာရှည် ဆိုတဲ့နှမလေး ..... ရေ .....။ ”
မင်းသမီးလေး ထွက်လာပါပြီ .....

သန်တာရှည်။ ။ “ အတို .. တို့ရေ ....”

လျှာရှည်။ ။ “ မင်းသမီးခေါ်မှ ပဲ ငါတို့လည်း လူစဉ်မမီဖြစ်တော့တယ်။ ”

သန်တာရှည်။ ။ “ ဟိုဘက်က ခစားနေတာ ကိုပြောင်ရှည်မှတ်ပ ..... ”

ပြောင်ရှည့်အထာက လက်ကားယား၊ ခြေကားယားနဲ့ .....
ပြောင်ရှည်။ ။ “ ဒီမှာ .. မင်းသမီး ... မင်းနဲ့ ကိုယ် ရှစ်ဆယ့်ရှစ်မှာ စတွေ့ ....၊ မင်းပစ်ခဲ့တာ ဒို့မမေ့ ..၊ နှလုံးတွေကွဲ .. အသဲတွေပြဲလည်း၊ မင်းကိုမမုန်း ..... အချစ်တွေ တိုးခဲ့ပါသေးတယ် ..... ကွာ ၊ ဟာ .. ဟာ ..။ ”

လျှာရှည်။ ။ “ ဟိုက် ... ရှားဘား ..... ”

ပြောင်ရှည်။ ။ “ ဟောအခု ..... ရွှေတိဂုံမှာ သစ္စာပြု၊ မေတ္တာစု၊ သက်သေတစ်ခုပြပါဆိုတော့ ၊ ..... မင်း ... ကိုယ့်ကို ပက်ပက် စက်စက်လုပ်ခဲ့တယ်။

လျှာရှည်။ ။ “ ဘုရားရှေ့မှာ ရှက်စရာကြီး၊ ပန်းခြံထဲဆိုတော်သေးတယ် ..... ”

ပြောင်ရှည်။ ။ “ (ဖြောင်း.....) ၊ ဒီနှာကောင်ကလည်းတစ်မျိုး၊ ရိုက်တာ၊ ပစ်တာကိုပြောတာဟေ့၊ ပစ်တာသတ်တာကိုပြောတာဟ ..။ ”

မင်းသမီးမျက်နှာကလည်း စူပုပ်ပုပ်နဲ့ ဟန်လုပ်နေပေါ့။

ပြောင်ရှည်။ ။ “ မေတ္တာမရှိ၊ သစ္စာမသိတဲ့ ..... မင်းကိုလေ၊ ဆူးလေကျမှ၊ မေတ္တာပွား၊ ချစ်သဒ္ဒါများနဲ့ ၊ တအားကို .... ကုန်းပြီး .. ”

လျှာရှည်။ ။ “ ဟေ့ကောင် ..... မိုက်ရိုင်းလှချည်လား (ဖြောင်း ......) ”

ပြောင်ရှည်။ ။ “ ထိုင်ကန်တော့မှာ ..... ထိုင်ကန်တော့မှာကွ ..၊ အား .. ပါး .. ပါး .. ၊ ခွေးသား နာလိုက်တာ ..... တအားရိုက်တာပဲ .....၊ အေး .. လာခဲ့ .. ဟေ့ကောင် ၊ မင်းကိုဖမ်းတယ် ... ”

လျှာရှည်။ ။ “ ဟင် .. ချက်ချင်းကြီးပါလား၊ ဒါနောက်စရာလား၊ ပြောင်ရှည်ရ ..... ။ ”

ပြောင်ရှည်။ ။ “နောက်နေတာမဟုတ်ဘူး၊ မိုးပေါ်ထောင်ပစ်နေတာမဟုတ်ဘူး ..... တည့်တည့် ပစ်မှာ .... ။ ဟင် .. ရှုပ်ကုန်ပြီ။ လာခဲ့ ..၊ လာခဲ့၊ မင်းကို ငါတို့စစ်စရာရှိတယ် ..... ”

လျှာရှည်။ ။ “ ဟာ ..... အပြောင်းအလဲမြန်လှချည်လား၊ ဘယ်မှာလဲ .. ၀ရမ်း ..”

ပြောင်ရှည်။ ။ “ ဘာဝရမ်းလဲ ..... မလိုဘူး၊ ဘာမှမလိုဘူး၊ ရမ်းတတ်ရင်ရပြီ။ မင်းကို သတင်းအတိအကျငါတို့ရထားတယ်။ ငါတို့ ရဲ့ အီးဇူး အဖွဲ့တွေသတင်းပို့ထားပြီးသား ..... ”

လျှာရှည်။ ။ “ ဟင် ..... ဘာလဲ၊ အီးဇူး၊ ဘာတွေလဲ၊ ဘာလာပြောနေတာလဲ၊ အီးဇူး တစ်ခါမှမကြားဖူးဘူး .. ”

ပြောင်ရှည်။ ။ “ ဒါ .. ငါ့တပည့်တွေ .. ငါ . ချစ်စနိုးခေါ်တာကွ၊ မင်း .. သိအောင်တော့ပြောပြရဦးမယ်၊ ပြောချင်လွန်းလို့ ..” (ထောက်လှမ်းရေး ဆရာကြီးလေသံနဲ့ ..)

လျှာရှည်။ ။ “ ဟေ့ကောင် .. ဒါငါ့စကားလေကွာ ..... ”

ပြောင်ရှည်။ ။ “ ဟေ့ကောင် ..... စစ်ကြောရေးမရောက်ခင်၊ ဦးနှောက်ထွက်သွားချင်သလား၊ မျက်နှာသစ်စရာခေါင်းမရှိဖြစ်နေဦး မယ် ..... ဟင်း .. ဟင်း .. ဟင်း.. ၊ ဒီမှာ ... အီး ဆိုတာလေလည်မှဖြစ်တာ၊ လေဆိုတာစွမ်းအား၊ အဲဒီတော့စွမ်းအားရှင်၊ ဇူးဆိုတာ တိရိစ္ဆာန်ရုံ၊ ကြံ့ဖွတ်ဆိုတာ၊ တိရိစ္ဆာန်၊ ဒီကောင်တွေကို ဒီလိုနာမည်ပေးထားတာ၊ ဟား ဟား ဟား .. ဒါကိုဒီကောင်တွေမသိရှာဘူး၊ အီဇူဇူးကားရမယ်ထင်နေလားမသိဘူး။ ပျော်နေကြတာ ....၊ မပိုင်ဘူးလား ..... ကိုင်း .. မင်းဘယ်ပြေးမလဲ .. မိချိုသဲ .... ”

လျှာရှည်။ ။ “ ဟင် ..... ဘာမှလည်းမဆိုင်ဘူး၊ ကိုယ့်ဘာသာပြော၊ ကိုယ့်ဘာသာရီနေတယ်။ .. ကဲပါကွာ၊ မေး .. မေး .. ၊ ငါက ဘယ်သူနဲ့မှ မပတ်သက်ဘူး၊ ကြိုက်တာမေး ..... ”

ပြောင်ရှည်။ ။ “ အေး ..... ငါကောင်းကောင်းမေးမယ်၊ မင်းကောင်းကောင်းဖြေ .. မင်းနာမည် ? .....”

လျှာရှည်။ ။ “ လျှာရှည် .. ”

ပြောင်ရှည်။ ။ “ မင်းအဖေနာမည် ? ..... ”

လျှာရှည်။ ။ “ လျှာမရှည်နဲ့ ..... ”

ပြောင်ရှည်။ ။ “ (ဖြောင်း ..... ) မင်းအဖေနာမည်မေးနေတာကွ ..... ”

လျှာရှည်။ ။ “ ဦးလျှာမရှည်နဲ့ ..... လို့ပြောနေတာပဲ ..... ”

ပြောင်ရှည်။ ။ “ တောက် !!!!! .... ဒီကောင် .... ဟင်း .. ဟင်း .. မင်းအမေနာမည် ..... ”

လျှာရှည်။ ။ “ တော်တော်ရှည်ပဲ .. ”

ပြောင်ရှည်။ ။ “ (ဖြောင်း ..... ) မင်းအမေနာမည်မေးနေတာ ..... ”

လျှာရှည်။ ။ “ ဟုတ်တယ်လေ ..... ဒေါ်တော်တော်ရှည်လေ ..... ”

ပြောင်ရှည်။ ။ “ နေရပ် ..... ”

လျှာရှည်။ ။ “ ရေတာရှည် ..... ”

ပြောင်ရှည်။ ။ “ သောက်မျိုးကိုက .. အရှည်မျိုးတွေ ..... ”

လျှာရှည်။ ။ “ မြည်းကြည့်ဦးမလား .. ”

ပြောင်ရှည်။ ။ “ အင်း .. ကောင်းသားပဲ ... ၊ ဟာ !! (ဖြောင်း ..) .. ငါလုပ်လိုက်ရသေတော့မယ်။ ကောင်းကောင်းဖြေနော် ..... ဟင်း .. ဟင်း (လဒညည်းသံမျိုးနဲ့) ၊ ပြောစမ်း ..... ကိုးကွယ်တဲ့ ဘာသာ ..... ”

လျှာရှည်။ ။ “ ရှားပါး ..”

ပြောင်ရှည်။ ။ “ ဟေ့ကောင် ..... ကိုးကွယ်တဲ့ ဘာသာမေးနေတာ ..”

လျှာရှည်။ ။ “ ရှားပါး .. ဘာသာ ဆိုနေမှ .. ”

ပြောင်ရှည်။ ။ “ အဲဒီဘာသာမကြားဖူးဘူး ..... မှန်မှန်ပြော .. ”

လျှာရှည်။ ။ “ မင်းတို့လုပ်လို့၊ ဗုဒ္ဓဘာသာကနောက်ဆို ရှားပါးဘာသာဖြစ်ပြီလေ၊ ငါပြောတာမဟုတ်လို့လား ..... ”

ပြောင်ရှည်။ ။ “ ဟင်း ..... ဟင်း ....၊ မင်းတော့ကွာ ...... ၊ဟေ့ကောင် ..... မင်းငါတို့ စစ်ကြောရေးအရာရှိတွေကို ဘာမှတ်လဲ၊ ဘယ်လိုမြင်လဲ .. ပြောစမ်းပါဦးကွ ..”

လျှာရှည်။ ။ “ ဟောင်ကောင်မင်းသားတွေလိုမြင်ပါတယ်ခင်ဗျာ .. ”

ပြောင်ရှည်။ ။ “ အံမယ် ...... ဒီကောင်တော်တော်လိမ္မာလာပြီ၊ တကယ်ပဲ ဟောင်ကောင်မင်းသားနဲ့တူလို့လားကွ ... ဟီး ..ဟီး ဟီး (မြောက်ကြွကြွပုံစံလေး) ”

လျှာရှည်။ ။ “ ခွေးကမဟောင်ဘူးလား .. ”

ပြောင်ရှည်။ ။ “ အင်း .. ဟောင်တယ် ”

လျှာရှည်။ ။ “ အင်း .. ဒါဆိုသဘောပေါက် ..”

ပြောင်ရှည်။ ။ “ ၀ုတ် .. ၀ုတ် .. အရိုးကိုက်ရမနဲဘူး၊ (ဖြောင်း ..) ငါလုပ်လိုက်ရ .. ”

လျှာရှည်။ ။ “ အောင်မလေးဗြွတ် ...... ၊ နင်လုပ်ပြီးပြီလေ .. ”

ပြောင်ရှည်။ ။ “ တော် .. အပေါက်ပိတ်ထားစမ်း၊ အခုငါမေးမယ်၊ ငါတို့အရမ်းလိုအပ်နေတဲ့၊ အရမ်းအရမ်းအရေးကြီးတဲ့ဆန္ဒပြခေါင်း ဆောင်ကိုရှာနေတယ်။ မေးတာပဲဖြေ၊ မှန်မှန်ပြော၊ ရုတ်ရုတ်မလုပ်နဲ့ ..... ”

လျှာရှည်။ ။ “ ကြိုက်တာမေး၊ ငါမှ မပတ်သက်တာ၊ .. ”

ပြောင်ရှည်။ ။ “ ရတယ်ကိုယ့်လူ ..၊ ကိုယ်တွေဘယ်လောက်တော်တယ်ဆိုတာ၊ မင်းသိသွားစေရမယ်၊ မင်း .. ဘဒင် သိလား ”

လျှာရှည်။ ။ “ သိတယ် ... ဒို့ကတော့ .. ဒို့ကတော့၊ ဒို့ကတော့ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန် .. မင်းကတော့ .. ဝေး .. ဝေး နေနေဆဲ ..... ”

ပြောင်ရှည်။ ။ “ (ဖြောင်း ..) ... ဒါပဲပေါ့ကွ၊ မင်းအခုပေါ်ပြီ၊ ဘုရားကျောင်းထဲသွားတယ်ဆိုကတည်းက၊ ဆန္ဒပြတဲ့အထဲမင်းပါ နေပြီ ... (ဖြောင်း ... အုန်း .. ဘုန်း ... )။ ”

လျှာရှည်။ ။ “ အောင်မလေးဗျ ... သန်တာရှည်နဲ့ငါနဲ့ရ .. ၊ အလကားရတိုင်း စွတ်ရိုက်မနေနဲ့ကွ၊ ငါဆိုတာဘုရားကျောင်းလေ၊ မင်းပဲ ဘဒင်ဆို ၊ ”

ပြောင်ရှည်။ ။ “ အေး ... ခေါင်းစဉ်ပြောင်းသွားပြီ၊ ဘုရားကျောင်းဆိုတော့ ခေါင်းစဉ်ပြောင်းလိုက်ပြီ။ ဘုန်းကြီးဦးဇဋိလ ဘယ်မှာလဲ .. ”

လျှာရှည်။ ။ “ ဘယ်က ဦးဇဋိလ လဲ၊ ကြာနီကန်ဆရာတော်လား၊ ပျံလွန်တော်မူသွားပြီလေ .. ”

ပြောင်ရှည်။ ။ “ ဟေ့ကောင် .. ငါမေးတာပဲဖြေ၊ ဦးဇဋိလ ဘာပြောသွားလဲ၊ မှန်မှန်ပြောနော် .. ” (အိုက်တင်ကပရိတ်သတ်ရိုက်ပေါက်)

လျှာရှည်။ ။“ ဦးဇဋိလ ကတော့ပြောသွားတာပဲ ...၊ မောင်ကျောက်ခဲလေး ဆုံးသွားပြီတဲ့ ..”

ပြောင်ရှည်။ ။ “ အေး .. ဟန်ကျပကွာ၊ အဲဒီနေကျောက်ခဲ .. အခုဘယ်ရောက်သွားလဲ ..”

လျှာရှည်။ ။ “ ဘယ်ကနေကျောက်ခဲလဲ ..၊ ”

ပြောင်ရှည်။ ။ “ နေကျောက်ခဲဆိုတာ၊ မောင်ကျောက်ခဲကိုပြောတာကွ ..၊ မင်း ပေါ်ပြီမဟုတ်လား၊ ညှင်း .. ညှင်း .. ညှင်း .. ညှင်း .. အခုနေကျောက်ခဲ ဘယ်မှာလဲ၊ အသားအနာမခံချင်ပါနဲ့ကွာ ..... ”

လျှာရှည်။ ။ “ သြော် .. ဒါလား ...။ တောင်တွေကာရံထားတဲ့ .. အလယ်မှာ .. အင်းလေးရေပြင်ပြာ.. လှေငယ်တစ်စင်း ..... တရွေ့ရွေ့ .... လှော်ခတ်လာ .... လာ .. လာ .. ”

ပြောင်ရှည်။ ။ “ ဟိုး ..... ရပြီ ..၊ ၀မ်းချုပ်ကြီးဆီ သတင်းပို့မယ် .. ”

(အောင်မြင်မှုပန်းတိုင် ၀မ်းချုပ်ကြီးလှမ်းကိုင်ရတော့မယ်။ မကြာခင်မှာ အရေးကြီးဆန္ဒပြခေါင်းဆောင်ကိုဖမ်းဆီးမိတော့မယ်။)

လျှာရှည်။ ။ “ဟိုက် !! .. ဘာတွေဖြစ်ကုန်ပါလိမ့်၊ မင်းတို့ ဘယ်သူ့သွားဖမ်းမှာတုန်း၊ ငါဆိုတာကသီချင်း ..”

ပြောင်ရှည်။ ။ “ မင်းတို့လိုမလောက်လေး၊ မလောက်စားလေးတွေ၊ အခုစစ်တော့ပေါ်ပြီမဟုတ်လား၊ ဟိုလိုလို၊ ဒီလိုလိုမလုပ်စမ်းပါနဲ့၊ ငါတို့ကသိပြီးသားပါကွ၊ ကဲ .... အီးဇူး ရဲဘော်တို့ .. အင်းလေးကိုသွား၊ ဖောင်တော်ဦးဘုရားကို ဖမ်းပေတော့ ....... ”

(ဂျိမ်း ..... ဒိန်း .. ဒိန်း .. ဒိန်း ..)
ရွာစားကျော် စိန်ပတ်ရှည်ဆိုင်းသံနဲ့အပြိုင် .... မိုကြိုးပစ်ချစေ .....။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်။)


Read more...

Thursday, October 11, 2007

ပြောချင်လွန်းလို့ (၅)

ဒီနေ့ဗိုလ်စီကွေးရဲ့ကျောင်းကနေအဆောင်ပြန်ခရီးဟာ၊ ခါတိုင်းနေ့တွေထက်စာရင် ပိုပြီးစိတ်ညစ်စရာတွေ ပါလာပါတယ်။ အမှန်ကဒီနေ့ တစ်နေ့တည်းတော့မဟုတ်။ တနင်္လာကစလို့သောကြာအထိဟာ၊ သူ့အတွက်စိတ်ညစ်စရာတွေချည်းပဲ။ သူတစ်ဦးတည်းဖြစ်နေတာလား ဆိုတော့လည်းမဟုတ်ပြန်။ အများစုက သူလိုကိုယ်လိုတွေချည်းသာ။ အဖွဲ့အစည်းတစ်ခုလုံးကို၊ လက်လှမ်းမှီသလောက် လေ့လာမိတော့ လည်း ဒီအတိုင်းသာ။ ပွင့်ထွက်ကျလာတတ်တဲ့ စကားလုံးတွေသာကွဲပြားမယ်။ ရင်တွင်းမှာရှိနေတာကတော့တပုံစံတည်း။ နှစ်နဲ့ချီအတူ တူ နေလာခဲ့ကြ ပညာသင်ယူခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပဲလေ ..။ အချင်းချင်း၊ ရယ်ပြပြုံးပြတာနဲ့တင်၊ ရင်ဘတ်ကြီးကို ဖေါက်ထွင်း မြင် နေရသလိုပဲ။

ဒီမလာခင်ရုရှားဘာသာစကားဆိုတာ၊ အနဲအကျဉ်းတော့သင်ခဲ့ရသေးတယ်။ ဆရာကမြန်မာတောင်မဟုတ်၊ မြန်မာပြည်ကနေမိုင်ပေါင်း (4000) ကျော်လောက်ဝေးတဲ့ ရုရှားကလာတဲ့ ရုရှားစစ်စစ်ဆရာတွေ။ ဒီဆရာတွေကိုယ်တိုင်သင်ပေးခဲ့တဲ့ ရုရှားဘာသာစကားကိုသူတတ် နိုင်သလောက်တော့ကြိုးစားသင်ယူခဲ့တာပဲ။ ရုရှားလာခွင့်၊ အရည်အချင်းစစ်စာမေးပွဲတွေမှာ၊ ကျန်တာတော့သူသိပ်နားမလည်။ ဒီရုရှား ဘာသာစကားကတော့တစ်ခုအပါအ၀င်ပဲလေ။ သူကြိုးစားလို့၊ အောင်မြင်ခဲ့လို့သာ ဒီကိုလာရောက်ပညာသင်ခွင့်ရနေတာပဲမဟုတ်လား။ သူ့အရည်အချင်းကိုသူယုံခဲ့တယ်။ အဲဒီယုံကြည်ချက်ဟာ၊ ဒီလိုနေ့မျိုးမှာရင်ဘတ်ထဲကနေပြေးထွက်သွားသလိုပဲ။ သူ့ဦးနှောက်ထဲဆက် လုပ်မှဖြစ်မယ်ဆိုတဲ့၊ အသိလေးကျန်နေသေးလို့၊ သူဆက်နေနိုင်သေးတာပါ။ အဓိကကတော့ဒီမလာခင်တုန်းကရော၊ အခုလက်ရှိအချိန် မှာရော၊သင်ယူနေရတဲ့ရုရှားဘာသာစကားသင်တန်းကြောင့်ပဲ။သူအခု စိတ်ရှုပ်ထွေးနောက်ကျိရလွန်းတဲ့အကြောင်း အရင်းခံတွေဟာဘာ တွေလဲ။ တဖြေးဖြေးသူ့ကိုပိုပြီး ယုံကြည်လာစေတဲ့အချက်တွေက၊ မြန်မာပြည်မှာတုန်းက၊ တွေခဲ့ဖူးတဲ့၊ ပြည်တော်ပြန်လာခဲ့ပြီးတဲ့၊ နောင် တော်တွေရဲ့စကားတွေ၊ သူလက်ရှိဒီမှာ၊ ကြုံနေ၊ ကြားနေရတဲ့ ညည်းချင်းတွေကြောင့်ပဲ။ အရင်တက်ခဲ့တဲ့ ကျောင်းတုန်းက လေ့ကျင့်ရေး သင်တန်းတွေ၊ သင်ခန်းစာတွေထက်၊ ဒီရုရှားဘာသာစကားက၊ သူ့စိတ်ကိုပိုပင်ပန်းစေသလိုပါပဲ။

ကိုယ့်ထက်စောရောက်နေတဲ့သူတချို့ကတော့၊ စိတ်မပျက်ဖို့ ၊ စိတ်ဓါတ်ကျမသွားဖို့၊ အားပေးကြတာအမှန်ပါ။ သူတို့ကိုလေ့လာကြည့်မိ တော့လည်း၊ ညည်းသာညည်းတယ်၊ အားလုံးလိုလိုကတော့ခပ်အေးအေးတွေချည်းပါပဲ။ ကိုယ်သန်ရာ၊သန်ရာလုပ်နေကြတဲ့သူတို့ကို တွေ့မိပြန်တော့လည်း၊ အနည်းငယ်စိတ်သက်သာရာရပြန်ရော။ တစ်ဖက်ကလည်းသူကောင်းကောင်းသိနေတယ်။ ကွာဟလွန်းတဲ့ပညာ ရေးနှစ်ခုကိုသူလွယ်လွယ်ဆက်စပ်နိုင်ပါ့မလားဆိုတာပဲ။နောက်ဆုံးဘွဲ့ယူမဲ့အချိန်ကိုတော့သူမတွေးရဲသေးတာအမှန်ပါ။

ဒီတပတ်ထဲ၊စနေနေ့မှာပဲ၊ ဗိုလ်ဂိုင်စီကွေးတို့အုပ်စု၊ ဆပ်ကပ်သွားကြည့်ကြပါတယ်။ ကျောင်းကဆရာတွေစီစဉ်ပေးတာပါ။ လက်ရှိသူတို့ အုပ်စုကိုရုရှားဘာသာစကားသင်ပေးနေတဲ့ဆရာတွေကိုယ်တိုင်လိုက်ပို့ပေးတာပါ။ မြန်မာပြည်မှာတုန်းက “ ဦးမောင်မောင် ”ဆပ်ကပ်ဆို တာတောင်၊ အဖေပြောပြလို့ကြားဖူးရတာ။ ဒီမှာဆပ်ကပ်ဆိုတာမျက်မြင်တွေ့ရတော့၊ သူမျက်တောင်ခပ်မိရဲ့လားမသိဘူး။ ဖျံတွေကစ လို့၊ ခွေးနဲ့ကြောင်၊ မြင်းနဲ့မျောက်၊ ဆိတ်နဲ့ဘဲ အလယ်၊ နောက်ဆုံး ၊ ခြင်္သေ့နဲ့ကျားအထိပဲဆိုပါတော့။ ကျန်တာတွေတော့သူ သိပ်စိတ် မ၀င်စား။ ကျားတွေ ကမ္ဘာလုံးပေါ်လမ်းလျှောက်တာကိုတော့ သူအရမ်းခိုက်မိ၊ ကြိုက်မိပါရော။ အလုံးကြီးကသာလိမ့်သွားတယ်။ ကိုရွှေကျား တို့ကတော့သူ့ကိုကြာပွတ်ရိုက်ခိုင်းနေတဲ့ ကျားထိမ်းပညာရှင်ကိုရော၊ သံဇကာတစ်ချပ်ခြားထားတဲ့ အပြင်ဘက်က ပရိတ်သတ် ကိုပါဟိန်း လိုက်ဟောက်လိုက်နဲ့။ အောက်ကျမသွားဘူး။ သူအဲဒါကိုအသည်းစွဲဖြစ်မိတယ်။ ၀န်ခံပါတယ်။ ဒါသူ့အတွက်..ပထမဆုံး မျက်မြင် ကိုယ် တွေ့ဖြစ်နေတာကိုး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဗိုလ်စီကွေး ရုရှားတွေကိုအထင်ကြီးလာမိတော့တယ်။ နောက်ဆုံးသူမနေနိုင်တော့။ သူ့နံဘေး မှာထိုင်နေတဲ့သူဆရာမ“တာချာနာ”ကိုသူတတ်သလောက်မေးကြည့်မိတယ်။“ဆရာမရေ..ဒီလို ရိုင်းစိုင်းလွန်းတဲ့တရိစ္ဆာန်တွေကို ခိုင်းချင် သလိုခိုင်းနိုင်အောင်ဘယ်လိုများသင်ပေးထားပါသလဲ” ပေါ့။

ဆရာတပည့်တွေဆိုတော့လည်း ကိစ္စမရှိ၊ “တာချာနာ” ကလည်း သူနားလည်အောင်ခုလိုအလွယ်ဆုံး အရှင်းဆုံး စကားလုံးတွေနဲ့ပြန်ရှင်း တယ်။ “ငါတို့မှာ.. သင်ကြားရေးနဲ့ပတ်သက်လို့နည်းစံနစ်တွေအများကြီးရှိတယ်။ အခုမင်းတို့အုပ်စုတွေထဲမှာ စာမလိုက်နိုင်သူတွေအများ ကြီးရှိတယ်မဟုတ်လား။....ဒါပေမယ့် မစိုးရိမ်ပါနဲ့ .....ငါတို့က ဘယ်သူ့ကိုဘယ်လို သင်ပေးရမလဲဆိုတာ သဘောပေါက်ပါတယ်။ မင်းတို့ သင်နေရတာက Intensive Course လေ။ အခုဆပ်ကပ်ထဲကအကောင်တွေကိုတောင်ငါတို့ရအောင်သင်နိုင်တယ်။ ခက်တာက ငါစာသင် နေတာကြာပြီ။ မင်းတို့လိုအခြေအနေမျိုးကို တစ်ခါမှမတွေ့ဖူးတာအမှန်ပဲ။..ကောင်းပြီလေ..ထားလိုက်ပါ။ ငါတို့ဆက်ကြည့်ကြရအောင်။ ”

ဗိုလ်စီကွေး စိတ်ဝင်တစား ဆက်ကြည့်ပါတယ်။ ဆပ်ကပ်ပွဲရဲ့ စုစုပေါင်းပြသချိန်ဟာ (၂) နာရီကျော်ကျော်ပဲရှိတယ်။ ပွဲပြီးသွားတဲ့အချိန်ထိ သူ့ခေါင်းထဲကနေ ဆရာမ “တာချာနာ” ပြောခဲ့တာတွေထွက်မသွားသေးဘူး။ ပြန်တဲ့လမ်းတလျှောက်လုံးလည်း သူတွေးလာခဲ့တာပဲ။ ထူး ဆန်းသလိုဖြစ်နေတာက .. ၊ ဆရာမ “ တာချာနာ” စကားကြားရပြီးကတည်းက၊ သူ့စိတ်ထဲမှာ မနေ့ကလိုဖြစ်မနေတော့တာပဲ။

ဘာကြောင့်ပဲဖြစ်ဖြစ်။ သူတွေးတယ်။ တွေးရင်းနဲ့ပဲအဖြေရသလိုလိုဖြစ်လာတယ်။ သူဒီနေရာရောက်နေရတယ်ဆိုကတည်းက၊ ဒီအလုပ် ကိုပြီးအောင် လုပ်ရတော့မယ်။ ဘယ်လိုအခက်အခဲပေါ်လာပါစေ၊ သူ့မှာအခြားရွေးချယ်စရာလမ်းမရှိ။ “တာချာနာ” အားပေးသလို၊ သူဒီ မှာဘာသာစကားကိုမတတ်တတ်အောင်သင်ယူရမှဖြစ်မယ်။ ဘယ်လိုပုံစံနဲ့သင်ယူရ၊သင်ယူရ၊ သူ့အတွက်တော့အရေးမကြီးတော့။ ဘာ သာစကား ကောင်းကောင်းတတ်မှ သူရှေ့ဆက်အလုပ်လုပ်လို့ရမယ်။ ဒီစနေမှာတော့ ဗိုလ်စီကွေးတစ်ယောက်၊ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့တွေတုန်းကလောက် စိတ်ပျက်ခြင်းမျိုးမဖြစ်မိတော့။ စနေနေ့ကလည်းဖြစ်၊ ပွဲကြည့်ရာကလည်းပြန်လာတာဆိုတော့၊ သူဆုံး ဖြတ်လိုက်တယ်။ မနေ့ကမလုပ်ရသေးတဲ့ အိမ်စာအကြွေးတွေ မနက်ဖြန်မှလုပ်တော့မယ် ... ဟု ။ ဘာပဲပြောပြော ၊ ဗိုလ်ဂိုင်စီကွေးတစ် ယောက် နှစ်ခြိုက်စွာ အိပ်မောကျသွားပါတော့တယ်။


Read more...

Wednesday, October 10, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၂)

ပတ်ပေဒုံ ..... ပတ်ပေ .. ဂျိ.. ဂျိ ....
ဆိုင်းမဆင့်ဗုံမဆင့် ..... စပါပြီတဲ့ .....

လျှာရှည်။ ။ “ ဟေး .. ဟေး ..၊ မိုး .. မိုး .. မိုးလားမောင်တို့ .....”

ပြောင်ရှည်။ ။ “ လေ .. လေ .. လေလားမောင်တို့ ..... ”

လျှာရှည်။ ။ “ မိုးနဲ့ ..လေနဲ့ ..နှစ်ပါးပြိုင် ... လိမ်နိုင်သူကဆရာကြီးပဲ၊ .. လိမ်နိုင်သူကဆရာကြီးပဲ။ ”

ပြောင်ရှည်။ ။ (အူကြောင်ကြောင်ဖြင့်) .. “ဘာကြီးတုန်းဟ .. ”

လျှာရှည်။ ။ “ အငြိမ့်အစ .. သံချပ်ကလေ .. ”

ပြောင်ရှည်။ ။ “ အဲဒီသံချပ်စတိုင်ကအောက်သွားပြီ ..... ဟိုသီချင်းလေးနဲ့ .. သံချပ်လုပ်ဆိုရင်ကောင်းမယ် .. ”

လျှာရှည်။ ။ “ ဘယ်သီချင်းလဲ .... ”

ပြောင်ရှည်။ ။ “ I.C ကဆိုသွားတဲ့ .. ဟို..... ကင်ဆာ သီချင်းလေ ..”

လျှာရှည်။ ။ “ ဘာလဲ ..ကင်ဆာ ..တစ်ခါမှမကြားဖူးဘူး .. ကင်ဆာဆိုရောဂါပဲသိတယ် ..”

ပြောင်ရှည်။ ။ “ အေး ... ရောဂါ၊ ရောဂါ ... ငါမေ့နေလို့ .. မင်းတော်လိုက်တာ ..”

လျှာရှည်။ ။ “ အေး .. အဲဒီရောဂါ .. ဘာဖြစ်လဲ .. သံချပ်ဘယ်လိုဆိုမှာလဲ .. ”

ပြောင်ရှည်။ ။ “ အလိုက်လေး .. ယူပြီးဆိုမယ်ကွာ၊ လူရွှင်တော်ဆိုတာ အတိုင်အဖေါက်ညီရတယ်။ ငါကရှေ့က ဆိုရင် မင်းက နောက်ကလိုက်ထောက်၊ သဲလွန်စ မကျန်စေနဲ့၊ မီးကြွင်းမီးကျန်ဆိုတာ မထားကောင်းဘူး ... ပြောရင်းနဲ့ဘယ်ရောက်ကုန်ပါလိမ့်”

လျှာရှည်။ ။ “ တင်ပါ့ဘုရား .... ဟာ !! ရှုပ်ကုန်ပြီ၊ ငါ ..နောက်က မင်းဆိုတာကြည့်ပြီးလိုက်မယ် .....”

ပြောင်ရှည်။ ။ “ အိုကေ ..ရွာစား .. မြန်မာဆိုင်း၊ ဒစ္စကိုပြောင်းပြီး .. “ရောဂါ” စတီးမယ် ..... ”

ရွာစားကျော် စိန်ပတ်ရှည် .. ၀ိုင်းတော်ပြောင်းလို့ .. ကြေးတော်နဲ့ Lead တီးကာ Intro စပါလေရော .....။

ပြောင်ရှည်။ ။ “ ဆူးလေ လမ်းမကြီးက ..... ရဟန်းပြည်သူဆန္ဒပြ ..၊ ပို့သလိုက်တဲ့ မေတ္တာစာလေးများ ..... ”

လျှာရှည်။ ။ “ သာဓုဗျာ၊ သာ ... ဓုဗျာ ”

ပြောင်ရှည်။ ။ “ ညစဉ်၊ ညဆက်တိုင်းပဲ ... ရဟန်းတွေကိုထောင်သွင်းချ ... လက်နက်အားကိုး ..မိုက်နေပုံများဟာ ..... ”

လျှာရှည်။ ။ “ မိစ္ဆာ ..... မိစ္ဆာ၊ ”

ပြောင်ရှည်။ ။ “ အင်း ..... ဘိုးတော်ပြောတဲ့ ..စကားနဲ့ . ပြည်သူကိုနှိမ်နှင်းပြ၊ တပ်ချုပ်ကြီးမှာဦးနှောက်တုံးသွားရှာ ..၊ ”

လျှာရှည်။ ။ “ရောဂါ ..... ရောဂါ .....၊ ”

ပြောင်ရှည်။ ။ “ ဒီဇမ္ဗူမြေတစ်ခွင်မှာ ... အကြင်နာမရှိသူတွေဟာ ..... လူရာမ၀င်မဲ့ ဓလေ့များ ..၊ အကြိမ်ကြိမ်ပြုလုပ်သွား ... ”
ပြောင်ရှည်+လျှာရှည်။ ။ “ ရောဂါ ..... ရောဂါ ..... ” ဆိုင်းကလည်း၊ ချစ်စမ်းမောင်နဲ့ ...... နင်လား ..... ငါလား .....

ပြောင်ရှည်၊ လျှာရှည်၊ စိန်ပတ်ရှည် ... တို့ အတွဲညီနေလိုက်ပုံများ ... I.C ထိုင်ပြီတောင်ပြောလို့ရသေး .....။

ပြောင်ရှည်။ ။ “ လောကကြီးတစ်ခုလုံးလည်း .. ဆူနေအောင်ဆန္ဒပြ၊ န.အ.ဖ ရဲ့ လုပ်ကိုင်ပုံများဟာ ..... ”

လျှာရှည်။ ။ “ နှလုံးနာ ..... အော့ .. နှလုံးနာ ..... ”

ပြောင်ရှည်။ ။ “ ပေါက်ဖေါ်ကြီးလည်း .. မတတ်သာ၊ နေပြည်တော်“ဂမ်”ရောက်လာ ၊ န.အ.ဖ ရဲ့ သူ့လူတွေများဟာ ... ”

လျှာရှည်။ ။ “ လှိမ့်မှာ ..... လှိမ့်မှာ .....။ ”

ပြောင်ရှည်။ ။ “ အင်း .. ကုလကြီးရဲ့ စကားနဲ့ ... ပြည်သူတွေမျှော်လင့်ကြ ...... ၊ စောင့်လိုက်ရမှာသုံးနှစ်၊သုံးမိုးကြာ .....။ ”

လျှာရှည်။ ။ “ တော်တော့ဗျာ ..... တော်တော့ဗျာ ..... ”

ပြောင်ရှည်။ ။ “ ဒီဇမ္ဗူမြေတခွင်မှာ .. အကြင်နာမရှိသူတွေဟာ .....၊ လူရာမ၀င်မဲ့ဓလေ့များ ... အကြိမ်ကြိမ်ပြုလုပ်သွား..”

ပြောင်ရှည်+လျှာရှည်။ ။ “ ရောဂါ ...... ရောဂါ ..... ”

လျှာရှည်။ ။ “ ကဲ ..... ဒီတစ်ခါ .. ငါ့အလှည့်၊ ရွာစားရေ ..အလိုက်ကလေး ..... ” (ရွာစားကလည်းအလိုက်သိပ)

လျှာရှည်။ ။ “ ချစ်စရာကောင်းတဲ့ ..အပြုံးနဲ့ .. ကိုပြောင်ရှည်သူ့နှမလေး .. မနေ့ကပွဲမှာ ..ဘောင်းဘီတိုဝတ်လာ ..... ”

ပြောင်ရှည်။ ။ “ ဟော့တာ ... ဟော့တာ ..... ”

လျှာရှည်။ ။ “ ခွေးလေခွေးလွင့်တောထဲ ..... မော်ဒယ်(လ်) လိုသူလျှောက်ပြ ...၊ ခွေးလိုက်ဆွဲတာပြဲသထက်ပြဲတော့တာ ...... ” (စကတ်၊ စကတ်)

ပြောင်ရှည်။ ။ “ ကောင်းတာ ..... ကောင်းတာ ...၊ (ဖိနပ်လေးပြန်ရလိုက်လို့တော်သေး) ...”
ပြောင်ရှည် လင်ဗန်းကိုင်ပြီး၊ ရွာစားဒိုးချက်အလိုက်၊ စွမ်းအားရှင်ဂိုက်နဲ့ရိုက်ချလိုက်တာလျှာရှည်ဆွေမျိုးမေ့သွားလေရဲ့ .....။

ဒီမှာတင်သံချပ်ဂျိပ်၊ ပြုတ်လေရောဗျာ .....။

လျှာရှည်။ ။“ ကိုင်း ..... ကိုယ်တွေ အလှည့်ချည်းပဲမရသေးဘူး၊ ပရိတ်သတ်ကြီးကို ..မင်းသမီးလေးရဲ့ .. ဆီသ၀ါစာ၊ ချစ်စရာနှုတ် ခမ်းအစုံက၊ ပီယ၀ါစာ၊ ချစ်စရာစကားလေးတွေဘယ်လိုပြောကြားမလဲဆိုတာ ... ကြည့်ကြရအောင်ဗျာ။ ကတော်ရုပ်လေးကိုဖေါ်ထုတ် ပေးပါအုံး ..... ”

ပြောင်ရှည်။ ။ “ အင်း ..ကောင်းပါပြီ ... ဖေါ်ထုတ်ရမှာပေါ့ ...၊ နဒီပြင်စလာရေယာဉ်တစ်ကြောမှာလ၊ ဂုဏ်အင်္ဂါတကယ်မညှိုးပါတဲ့ .. ကိုင်း ..... ရွာစားရေ ..... ဦးရှင်ကြီးဆိုတာ ...ပြ..။ ”

လျှာရှည်။ ။ “ (ဖြောင်း ... ကနဲ ရိုက်ချက်နဲ့အတူ) ....၊ မင်းသမီးခေါ်ပါဆိုမှ၊ ဦးရှင်ကြီးပင့်နေသေးတယ်၊..ဦးရှင်ကြီးမရှိတော့ဘူး၊နိုင်းမြစ်ဝှမ်း (အီဂျစ်) ဒိုးသွားပြီ ..... ”

ပြောင်ရှည်။ ။ “ ဘာဖြစ်လို့လဲ ..... ”

လျှာရှည်။ ။ “ ဘုန်းဘုန်းအလောင်း .. ရေထဲမြောလာတာမြင်ပြီး၊ သွေးလန့်သွားတာ ..... ”

ပြောင်ရှည်။ ။ “ မိကျောင်းစီးပြီး၊ အဲလောက်သတ္တိကြောင်ရလား ..... ”

လျှာရှည်။ ။ “ (ဖြောင်း .....) ၊ စကားမဆုံးသေးဘူး၊ အီဂျစ်မှာ မာမီ နဲ့သွားတွေ့ပြီး၊ တိတ်တိတ်ပုန်းအစည်းအဝေးလုပ်နေတာ....၊ ပြီးမှ မြန်မာပြည်ပြန်လာပြီး၊ တစ်ခါတည်း ..... ”

ပြောင်ရှည်။ ။ “ တိုက်မှာလား ..... ”

လျှာရှည်။ ။ “ ဆံပင်ညှပ်ဆိုင်ဖွင့်မှာပေါ့ ..” (ဖြောင်း ..... ဒါကတော့ပြောင်ရှည့်လက်စာမိသွားတဲ့အသံလေး .....)

ပြောင်ရှည်။ ။ “ အီဂျစ်မှာ .. မာမီ မရှိဘူးဟဲ့ ...၊ မံမီ ..၊ မံမီ ...”

လျှာရှည်။ ။ “ငါပြောသားပဲ မံမီနဲ့တွေ့ပါတယ်ဆိုမှ ...၊ မင်းကော မာမီနဲ့တွေ့ဦးမလား ..... ”

ပြောင်ရှည်။ ။ “ အဟုတ်မှတ်လို့ ... အခုမြန်မာပြည်၊ ပုပ္ပားဘက်က မျိုးချစ်ခေါင်းဆောင်ကြီးတစ်ဦးက ၊ လက်နက်တွေထုတ်နေတယ် တဲ့ ..... ”

လျှာရှည်။ ။ “ ဟာ ..... ဒါဆို ဂွတ်တာပေါ့၊ ဘယ်သူတဲ့လဲ ..... ”

ပြောင်ရှည်။ ။ “ အစိုးရသတင်းစာကပြောတာတော့ ..... ၊ ပန်းပဲ မောင်တင့်တယ်ဆိုပဲ ...... ” ( “ ဖြောင်း” ..မှတ်ဟ .. ပြောင်ရှည် )

လျှာရှည်။ ။ “ အဟုတ်မှတ်နေတာ ..... စကားကောင်းကောင်းပြောပါ၊ ပြောင်ရှည်ရဲ့ ..... ”

ပြောင်ရှည်။ ။ “ တကယ်ပြောတာ ..... အခု(၃၇) မင်းတိုက်စစ်ဆင်တော့မယ်တဲ့၊ လက်နက်အားမကိုးပဲတိုက်မဲ့ တပ်၊တစ်တပ်ပဲရှိတယ်။ ”

လျှာရှည်။ ။ “ ဘယ်တပ်လဲ ..... ”

ပြောင်ရှည်။ ။ “ ကိုကြီးကျော် .......၊ သူက ကြက်နဲ့ပဲတိုက်မှာ၊ တပ်မမှူးက အမေဂျမ်း၊ စစ်ဆင်ရေးအမည်က AIDS ... ၊ မင်းကောပါ ဦးမလား၊ ကြိုက်တတ်တဲ့ ဆိတ်ဗိုလ်တွေတော့ နာပြီသာမှတ် ..... ”

လျှာရှည်။ ။ “ ထွီ ..... တော်ပါတော့ကွာ ..... ”

ပြောင်ရှည်။ ။ “ အဟုတ်ပြောတာ၊ တပ်ထွက် လင်္ကာတောင်ရွတ်နေကြပြီ။ ”

လျှာရှည်။ ။ “ ဘယ်မှာလဲ ..... ”

ပြောင်ရှည်။ ။ “ တောင်ပြုံးမှာ ..... ”
(“ဖြောင်း ...” ၊ ခံလိုက်ဦး ပြောင်ရှည်ရေ ..... )

လျှာရှည်။ ။ “ မင်းပြောမှ ရှုပ်နေတော့တာပဲ ..... ”

ပြောင်ရှည်။ ။ “ တောင်ပြုံးက ဆိတ်ဗိုလ်ကတော်တွေ စုရပ် လေ။ ငါတောင်ပြုံးပွဲရောက်တုန်းကဆို ... ထိပ်ဆုံးကဆိတ်ဗိုလ်ကတော် တစ်ယောက်ကလေ၊ ကိုယ်တော်ကြီး၊ .... ပန်းပေးပါ ..... ပန်းပေးပါနဲ့ အော်နေလိုက်တာ၊ ကိုယ်တော်ကြီးလည်းမတတ်သာတဲ့အဆုံး... လူကြားထဲမှာပဲ ပန်းပေးလိုက်တာ ..... ဘီယာစော်ကိုနံသွားတာပဲ။ မင်းကော ... ကိုယ်တော်ကြီးပန်းယူဦးမလား ..... ကျောက်ပန်း ခက်ကိုပြောတာပါ ..... ”

လျှာရှည်။ ။ “ ထွီ ..... ကိုင်း ..... ကိုင်း ... ၊ မင်းသမီးခေါ်တဲ့ဆီရောက်ပါဦးမလား၊ ”

ပြောင်ရှည်။ ။ “ အင်း တပ်ထွက်လင်္ကာကဒီလိုဆိုပဲ ..... ”

လျှာရှည်။ ။ “ ဆက်ပါဦး ..... ”

ပြောင်ရှည်။ ။ “ ဗျတ္တ ပန်းဆက်၊ ကြိုင်ကြိုင်ရှည်နဲ့ ညက်၊
သန်တာရှည် ဈေးသွား၊ ကိုကြီးကျော်နဲ့ညား၊
ကိုကြီးကျော်သူမနိုင်၊ မောင်တင့်တယ်ကြီးကိုင်၊
မောင်တင့်တယ်၊ သူနှင်ထုတ်၊ ဗျတ်ဝိကြီးကကုပ်၊
ဗျတ်ဝိကြီးအားနွဲ့နွဲ့၊ မြင်းဖြူရှင်ကြီးအလှည့်၊
မြင်းဖြူရှင်သူလူဆိုး၊ ဦးရှင်ကြီးကိုကိုး၊
ဦးရှင်ကြီးစောင်းတီးရာ၊ မနှဲလေးကလာ၊
မနှဲလေးမော်ဒယ်(လ်)ဂဲ၊ ကိုတေဇကဆွဲ၊
ကိုတေဇက ငူတူတူ၊ အမေရေယာဉ်ကဆူ၊
အမေရေယာဉ်ဟန်တွေလုပ်၊ အမေဂျမ်းကလော်တုတ်၊
အမေဂျမ်းကြီးဖင်ထိုင်လဲ၊ နန်ကရိုင်းကနွှဲ၊
နံကရိုင်းဂျိုရှေရှေ၊ တအားထိတယ်လေ၊
တချက်တချက်ဂျိုနဲ့ဆောင့်၊ ငေါက်တောက်တောက်၊ ငေါက်တောက်တောက်..... ”

ပြောင်ရှည်။ ။ “ မင်းကော နံကရိုင်းကြီး ဂျိုယူမလား၊ နတ်ကတော်လုပ်ရလည်းနဲလား ..... ”

လျှာရှည်။ ။ “ တော်ပါတော့ ....၊ မင်းသမီးခေါ်ပါတော့ ..... ”

အဲဒီမှာတင်မီးပြတ်သွားလေတော့သတည်း။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်။)


Read more...