Saturday, October 13, 2007

ယမမင်းနှင့်ရူးကြောင်မူးကြောင်

အရှင်ဘုရား .....
လူတွေသေတဲ့အခါ၊ ကုသိုလ်နဲ့သေရင်ဒုဂ္ဂတိဘုံကို စက္ကန့်မခြားချက်ချင်းကူးပြောင်းသွားတယ်ဆိုတဲ့၊ အယူအဆနဲ့လူတွေသေရင်ယမမင်း ကြီးဆီ အရင်ဆုံးသွားပြီး အစစ်ဆေးခံရတယ်၊ သူကပို့ပေးမှ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံကိုရောက်ရတယ်ဆိုတဲ့အယူအဆ၊ အယူအဆနှစ်ခုကို အကြောင်းပြုပြီး၊ တပည့်တော်တို့သူငယ်ချင်းတွေ သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ခဏခဏငြင်းခုန်ကြရပါတယ်ဘုရား၊ အမှန်ကိုဖြေရှင်း ပေးတော်မူပါဘုရား။ (အမေး-မောင်တင်ဝင်းလှိုင် ၊ အမေရိကန်နိုင်ငံ)။

ဒကာတင်ဝင်းလှိုင်ရေ .........
လူသတ္တ၀ါဖြစ်ဖြစ်၊ တခြားသတ္တ၀ါဖြစ်ဖြစ်၊ သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးတော့မယ်ဆိုရင် သေခါနီးမှာ ကံအာရုံ၊ ကမ္မနိမိတ်အာရုံ၊ ဂတိနိမိတ်အာရုံဆိုတဲ့အာရုံသုံးမျိုးထဲက အာရုံတစ်မျိုးမျိုးထင်လာတတ်ပါတယ်။
“ကံအာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ ဒီဘ၀မှာမိမိပြုခဲ့တဲ့ ကုသိုလ်စေတနာတစ်ခုခု စိတ်ထဲမှာပေါ်လာတတ်သလို အရင့်အရင် အတိတ်ဘ၀တွေတုန်းက မိမိပြုခဲ့ဖူးတဲ့ ကုသိုလ်စေတနာတစ်ခုခု၊ ဒါမှ မဟုတ် အကုသိုလ်စေတနာတစ်ခုခုလည်း အာရုံမှာထင်ရှားလာတတ်ပါတယ်။ ဒီဘ၀မှာပြုခဲ့တဲ့ကံတွေ၊ စေတနာတွေသာ သေခါနီးမှာကံအာရုံအဖြစ် ထင်လာမှမဟုတ်ပါဘူး။ ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ဘ၀တစ်ရာ၊ ဘ၀ တစ်သိန်းတုန်းက ကံတွေ၊ စေတနာတွေလည်း ဒီဘ၀သေကာနီးမှာ ကံအာရုံလာထင်နိုင်ပါတယ်။ ကံအစုံ၊ စေတနာအစုံ စုပြုံထင်တာ တော့မဟုတ်ပါဘူး။ ကံတစ်ခု၊ စေတနာတစ်ခုပဲထင်လာတာပါ။
“ကမ္မနိမိတ်အာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ ကုသိုလ်ကံပြုစဉ်က ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေ၊ ဒါမှမဟုတ် အကုသိုလ်ကံပြုစဉ်က ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေ စိတ်ထဲမှာထင်ရှားပေါ်လာတတ်ပါတယ်။ ကုသိုလ်ကမ္မထင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ကျောင်းကန်ဘုရားတွေ၊ စေတီပုထိုးတွေ၊ ရဟန်းသံဃာတွေ၊ ဆွမ်းခဲဖွယ်တွေ စတဲ့ ကိုယ်ပြုခဲ့တဲ့ ဒါနကံရဲ့ အခြံအရံ၊ အဆောက်အအုံတွေ၊ ဥပုသ်ဇရပ်တွေ၊ သီလပေးတဲ့ဘုန်း ကြီး၊ သီလခံယူနေပုံ စတဲ့သက်ဆိုင်ရာသီလကံရဲ့ အသိုင်းအ၀ိုင်း၊ အဆင်တန်ဆာတွေ၊ ကမ္မဌာန်းအာရုံ၊ ကမ္မဌာန်းရိပ်သာ၊ ကမ္မဌာန်းဆရာစတဲ့မိမိကျက်စားရာဘာဝနာကံရဲ့အရိပ်အငွေ့၊အ၀န်းအခြုံတွေအာရုံထင်လာတတ်ပါတယ်။ အကုသိုလ်ကမ္မနိမိတ်ထင်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ကိုယ်သတ်ဖြတ်ခဲ့တဲ့ သားကောင်တွေ၊ ကိုယ်အသုံးပြုခဲ့တဲ့ တုတ်၊ ဓား၊ လေး၊ မြား လက်နက်တွေ၊ ကိုယ်ခိုးခဲ့ ၀ှက်ခဲ့ ဖြောင်ထားခဲ့တဲ့ ပစ္စည်းပစ္စယတွေ၊ ပိုက်ဆံငွေကြေးတွေ၊ ကိုယ်ပြစ်မှားကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ စတဲ့ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့ အခြံအရံ အဆောက်အအုံတွေ အာရုံထင်လာတတ်ပါတယ်။
“ဂတိနိမိတ်အာရုံ” ထင်တဲ့ပုဂ္ဂိုလ်အနေနဲ့ကိုယ်လားရောက်ရမဲ့ဘ၀ရဲ့ သွင်ပြင်လက္ခဏာတွေ၊ အခြံအရံအဆောက်အအုံတွေအာရုံထင် လာတတ်ပါတယ်။ လူ့ဘုံ၊ လူ့ဂတိ ရောက်ရမယ့်သူဆိုရင် မိခင်ဝမ်းရေအာရုံ၊ နတ်ဘုံ၊ နတ်ဂတိ ရောက်ရမယ့်သူဆိုရင် နတ်ဗိမာန်၊ နတ်ရထား၊ နတ်သမီးအာရုံ၊ ငရဲကျမယ့်သူဆိုရင် ငရဲမီး၊ ငရဲထိန်း၊ ငရဲခွေးအာရုံ၊ ပြိတ္တာဖြစ်မယ့်သူဆိုရင် တော၊ တောင်၊ မြစ် ကမ်းအာရုံ စတဲ့ကိုယ်ရောက်ရမယ့် လားရာဂတိရဲ့ ဘ၀ပုံရိပ်တွေထင်လာတာကို “ဂတိနိမိတ်” အာရုံထင်လာတယ်လို့ခေါ်ပါတယ်။ အဲဒီ “ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်” ဆိုတဲ့အာရုံသုံးမျိုးတစ်မျိုးမျိုးထင်ပြီးလို့ စုတိစိတ်ကျပြီးတာနဲ့တစ်ပြိုင်နက်ထင်လာတဲ့နိမိတ်အာရုံနဲ့ လိုက်လျော ညီထွေတဲ့ ဘ၀သစ်တစ်ခုမှာ ပဋိသန္ဓေစိတ် ချက်ချင်းဖြစ်ပြီး သတ္တ၀ါအသစ်တစ်ဦးရဲ့ ခန္ဓာ တန်းစပါတော့တယ်။
“ကံ၊ ကမ္မ နိမိတ်၊ ဂတိနိမိတ်” လို့ သုံးမျိုးကွဲနေပေမယ့် လိုရင်းကတော့ ကံပါပဲ။ ကုသိုလ်ကံ၊ ကောင်းကံနဲ့သေရင် သုဂတိဘ၀၊ ကောင်းတဲ့ဘ၀ ကို ချက်ချင်းရောက်ပြီး၊ အကုသိုလ်ကံ၊ ဆိုးတဲ့ကံနဲ့သေရင် ဒုဂ္ဂတိဘ၀၊ ဆိုးတဲ့ ဘ၀ ချက်ချင်းရောက်ပါတယ်။ သေခါနီးထင်လာတဲ့ကံနဲ့ သက်ဆိုင်တဲ့ ဘ၀ကို ချက်ချင်းရောက်ပါတယ်။ သေခါနီးထင်လာတဲ့ ကံနဲ့ သက်ဆိုင်တဲ့ဘ၀ကို စက္ကန့် မခြားတန်းရောက်တာမို့ ဘယ်တန်ခိုးရှင်၊ ဘယ်ယမမင်းထံမှ အစီရင်ခံစာသွားတင်ပြီး အင်တာဗျူးလုပ်နေစရာမလိုပါဘူး။ တန်ခိုးရှင် တစ်ဦးဦး၊ ယမမင်းတစ်ဦးဦးရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ ပါမစ်ရမှ သုဂတိဘုံ၊ ဒါမှမဟုတ် ဒုဂ္ဂတိဘုံ ကိုသွားရောက်ရတာမဟုတ် ပါဘူး။ သေခါနီးအာရုံထင်လာတဲ့ ကိုယ့်ရဲ့ကံတရားကပဲ ကိုယ့်ကိုသုဂတိဘုံရောက်အောင်၊ ဒါမှမဟုတ် ဒုဂ္ဂတိဘုံရောက်အောင် ပို့ဆောင် ပေးလိုက်တာပါ။ အချိန်ဆွဲပြီးပို့ဆောင်နေတာလည်း မဟုတ်ပါဘူး။ ဒီဘ၀ ဒီခန္ဓာ ချုပ်ချုပ်ချင်း စက္ကန့်မဆိုင်း ပို့ဆောင်ပေးလိုက်တာပါ။ အိပ်ပျော်နေရာက နိုးလာတဲ့လူတစ်ယောက်ရဲ့ အိပ်ပျော်နေချိန်နဲ့ နိုးလာချိန်ကြားမှာ ဘာအချိန်မှ ခြားကွယ်နေခြင်းမရှိသလိုပါပဲ။ “ အိပ် သောယောင်္ကျား၊ နိုးသောလားသို့ ” ပေါ့။
သေလွန်ပြီးရင် ဘ၀ အသစ် တန်းဖြစ်တယ်ဆိုပေမယ့် တချို့သေလွန်သူတွေ ယမမင်းကြီးဆီမှာ အစစ်ဆေးခံကြရတဲ့အကြောင်း၊ ဘု ရားဟော ပိဋကတ်တော်ထဲမှာလည်းရှိ၊ သေငယ်ဇောနဲ့ မေ့မြောသွားရာက အသက်ပြန်ရှင်လာတဲ့ သေရွာပြန်တွေရဲ့ အတွေ့ အကြုံတွေ ကလည်းရှိနေတာမို့ ဒီအချက်ကို ခြွင်းချက်တစ်ခုအနေနဲ့ မှတ်သားထားကြရပါမယ်။
“ယမမင်း” ဆိုတာ ငရဲပြည်မှာရုံးထိုင်ရပေမယ့် ငရဲသားတော့မဟုတ်ပါဘူး။ စာတုမဟာရာဇ် နတ်ထဲမှာ ပါဝင်တဲ့ ဝေမာနိကပြိတ္တာမျိုးပါ။ “နေ့စံညခံ” ၊ “နေ့ခံညစံ” ဆိုတာလို အချိန်တစ်ခုမှာနတ်စည်းစိမ်ခံစားပြီး၊ အချိန်တစ်ခုမှာ ငရဲဆင်းရဲ ခံစားရတဲ့ ပြိတ္တာမင်းပါပဲ။ ငရဲပြည်ရဲက တံခါးလေးဖက်မှာ ရုံးလေးရုံးစိုက်ပြီး တစ်ရုံးကိုတစ်ယောက်စီရုံးထိုင်ရတဲ့အတွက် ငရဲပြည်မှာ ငရဲမင်းကြီး လေးယောက် ရှိပါတယ်။ စာတုမဟာရာဇ် နတ်မင်းကြီး လေးယောက်ရှိသလိုပါပဲ။
ငရဲပြည်ရောက်လာတဲ့ ငရဲသားတိုင်း ယမမင်းကြီးဆီမှာ အစစ်ဆေးမခံကြရပါဘူး။ အကုသိုလ်ကံများတဲ့သူ၊ မကောင်းမှုဒုစရိုက် အား ကြီးတဲ့သူတွေကတော့ ယမမင်းကြီးနဲ့ ၀င်တွေ့စရာမလိုဘဲ ငရဲဆင်းရဲကိုချက်ချင်းခံစားကြရပါတယ်။ အကုသိုလ်ကံနည်းတဲ့သူ၊ မ ကောင်းမှုဒုစရိုက်ကံ အားပျော့တဲ့သူတွေသာ ယမမင်းကြီးနဲ့ အင်တာဗျူးလုပ်ကြရပါတယ်။
ယမမင်းကြီး အင်တာဗျူးလုပ်စစ်ဆေးတယ်ဆိုတာကလည်း အပြစ်မရှိအပြစ်ရှာပြီး ဒုက္ခပေးချင်လို့မဟုတ်ပါဘူး။ ငရဲဆင်းရဲကလွတ် သင့်ရင် လွတ်ခွင့်ရစေချင်လို့ပါ။ စစ်ဆေးပုံ စစ် ဆေးနည်းအသေးစိတ်ကိုတော့ နောင်အလျဉ်းသင့်တော့မှပဲ ပြောပြပါတော့မယ်။
လိုရင်းကတော့ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုပြုခဲ့သလား၊ မပြုခဲ့ဘူးလားဆိုတာ စစ်ဆေးမေးမြန်းတာပါပဲ။ ကုသိုလ်ကောင်းမှုတစ် ခုခုကိုသတိရသွားလို့ ပြန်ပြောပြနိုင်ရင်တော့ “ငရဲပြည်ကလွတ်စေ” လို့အမိန့်ချမှတ်ပြီး၊ကာယကံရှင်ပြုခဲ့ဖူးတဲ့ကောင်းမှုကံနဲ့ထိုက်တန်တဲ့ သုဂတိဘုံကို ပို့ပေးလိုက်ပါတယ်။
ကုသိုလ်ကံနဲ့သေရင်ကောင်းရာသုဂတိရောက်ရ၊ အကုသိုလ်ကံနဲ့သေရင်မကောင်းရာဒုဂ္ဂတိရောက်ရတဲ့ရိုးရိုးရှင်းရှင်း သဘာဝနိယာမကြီး ကိုချိုးဖေါက်ပြီး ယမမင်းကြီးဆီမှာအယူခံဝင်ရတဲ့ငရဲသားတွေဟာလူ့ဘ၀တုန်းကဘယ်လိုလူစားမျိုးတွေလဲဆိုရင် “ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါ။
“စိတ်ကောင်းထားရင်ပြီးတာပဲ၊ ဘာကုသိုလ်မှထွေထွေထူးထူးလုပ်နေစရာမလိုပါဘူး” ဆိုတဲ့လူစားမျိုးတွေ၊ “တို့ကတရားအားမထုတ်ပေ မယ့် ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး၊ ကိုယ့်ဘာသာကိုယ်အေးဆေးပဲ ” ဆိုတဲ့ လူစားမျိုးတွေ၊ “ တို့က ဘာကုသိုလ်မှ မလုပ် ပေမယ့် ၊ ဘာအကုသိုလ်မှ မလုပ်တဲ့အတွက် သေရင်ကောင်းရာရောက်မှာပဲ”ဆိုတဲ့လူစားမျိုးတွေ၊ “ ဒီဘ၀ ဘာလုပ်လုပ်၊ သေရင်ပြီးတာပဲ ” ဆိုတဲ့ လူစားမျိုးတွေဟာ ရူးကြောင်မူးကြောင်လူစားမျိုး” တွေပါပဲ။
“စိတ်ကောင်းထား ပြီးတာပဲ” ဆိုတဲ့ အယူအဆ၊ “ သေရင်ပြီးပြီ ” ဆိုတဲ့အယူအဆ လက်ကိုင်ထားတဲ့သူတွေဟာ ကုသိုလ်လည်းမယ်မယ် ရရ မလုပ်ဖြစ်၊ အကုသိုလ်လည်း ဟုတ်တိပတ်တိ မလုပ်ဖြစ်နဲ့ ဟိုလိုလို ဒီလိုလို အရည်မရ၊ အဖတ်မရ ဖြစ်နေပါတယ်။ (တချို့လည်း အကုသိုလ် အကြီးအကျယ်လုပ်ကြပါတယ်။ သူတို့ကတော့ ယမမင်းနဲ့ မသက်ဆိုင်တော့ပါဘူး။)
ကုသိုလ်ကံကလည်း ဝေေ၀၀ါးဝါး၊ အကုသိုလ်ကံကလည်း မှုန်မှုန်မွှားမွှား ဆိုတော့ သေခါနီးမှာ ဘယ်ကံက ဘယ်လိုအာရုံထင်ရမှန်း မသိတော့ဘဲ ကံတရားမျက်စိလည်သွားပါတယ်။ သုဂတိလည်းဖြောင့်ဖြောင့် မတက်နိုင်၊ ဒုဂ္ဂတိလည်း ဖြောင့်ဖြောင့် မဆင်းနိုင်ဘဲ နောက်ဆုံးတော့ သမာသမတ် ကျပြီး မျှတတဲ့ “ ယမမင်းကြီး” ဆီကိုပဲ ငရဲသားအဖြစ်နဲ့ အယူခံဝင်ဖို့ ရောက်သွားရပါတော့တယ်။ ယမ မင်းကြီးက “ ဓမ္မိကရာဇာ-တရားစောင့်တဲ့မင်း ” ဆိုကိုး။
ယမမင်းကြီး၊ ဘယ်လောက်ပဲတရားစောင့်စောင့်၊ ကိုယ့်ဘက်က လက်ဆုပ်လက်ကိုင်ပြစရာ ကုသိုလ်ကောင်းမှုတစ်ခုမှ မရှိဘူးဆိုရင် တော့ ဘယ်လိုနည်းနဲ့မှ လွတ်ငြိမ်းချမ်းသာခွင့်မရနိုင်ပါဘူး။ ကုသိုလ် လက်ကိုင်မရှိသူရဲ့ သွားရလမ်းကတော့ ငရဲဘုံပါပဲ။ ယမမင်းကြီး ရုံးထိုင်စစ်ဆေးနေတာကိုက ငရဲဘုံဆိုတာ မမေ့လိုက်ပါနဲ့။
စိတ်ထားကောင်းပေမယ့်ဘာကုသိုလ်မှ ထမြောက်အောင်မြင်အောင်မလုပ်ရင်၊ သေရင်ပြီးပြီလို့ယူဆပေမယ့်ဘာအကုသိုလ်မှထမြောက် အောင်မြင်အောင်မလုပ်ရင်၊ အဲဒီလိုဘာမှမထမြောက်မအောင်မြင်သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ကတော့ကျေးဇူးရှင် “ယမမင်းကြီး” တစ်ဦးပဲရှိပါတယ်။ ဒကာတင်ဝင်းလှိုင်တို့သူငယ်ချင်းတစ်သိုက် “စိတ်ထားကောင်းရင် ပြီးတာပဲ” ဆိုတဲ့ အယူအဆ၊ “သေရင်ပြီးပြီ” ဆိုတဲ့ အတွေးအခေါ်တွေနဲ့၊“ရူးကြောင်မူးကြောင်”မဖြစ်ကြပါစေနဲ့လို့ဝေးတစ်မြေမှ၊ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ (ကံတရားပီပြင်ကြပါစေ။)
အရှင်ဆန္ဒာဓိက (အင်တာဗျူးဂျာနယ်၊ သြဂုတ်-၁၄၊ ၂၀၀၂) မှတိုက်ရိုက်ကူးယူဖေါ်ပြပါသည်။
တွေးစရာမလိုတော့တဲ့ အမှန်တရားတွေပါ။ အားလုံးဟာသေနေ့ကိုစောင့်နေကြပါတယ်။

3 comments:

Anonymous said...

Dhamma is very precious.
I am very much respect to that Sayardaw.
But I wonder that all the monks who were killed and arrested during the protest are brothers to u sayardaw. I know u will feel sad for it too. Shouldn't u show the visible activity or words to all the people as u are the one of the most famous Sayardaw. In this time, peace and justice is more important Nateban,end of sansarya.

I feel very sorry for it. I don't want to say anything about "Sangha Naryaka" because all the SayardayGyi are in old age. But for young,famouse,popular and educated monk like u are strength of Sarsana.

Please for give me for some strong words.

Anonymous said...

ကျွန်ုပ်လည်း ကျပ်ပြေးမျှစ်ချဉ် ကို မြည်းရင်း... မင်းဒမြတောင် စီးကရက်ကို တစ်ချက်မျှ ဖွာရှိုက်လိုက်လေသည်။ ဟိုးတရက်က
ကင်ဂျုံအီး လက်ဆောင်ပေးထားသော မှို တစ်ဖတ်နှိုက်လိုက်... အီရန်မှ သံပုရာနှင့်နှပ်ထားသော ဆိတ်သားကင်ကို ကိုက်လိုက်... ၀မ်ကျားပေါင် လက်ဆောင်ပေးထားသော ကြွေခရားထဲတွင်... ရုရှမှ ဗော်ဒကာ အရက်ကိုထည့်ကာ တမျှဉ်းမျှဉ်းသောက်ရမည့်အစား... မော့နေကျ အာမီရမ်မော့သလိုအငမ်းမရ မော့လိုက်လေ သည်။
အမှောင်ကြီးထဲရောက်သွားသလို... မိုက်ကနဲဖြစ်သွားရင်း... အို..ဘုန်းကြီးတွေ...ဘုန်းကြီးတွေ... သွေးတွေနဲ့..ကျုပ်သတ်တာမဟုတ်ဘူး... ကျုပ်မသတ်ဘူး... ကျုပ်မသတ်ဘူး........ ကျုပ်ကိုလာခေါ်နေကြပြီ... မလာကြပါနဲ့.. မလာကြပါနဲ့... စိုးဝင်း စိုးဝင်း.. ကျုပ်ကို လာခေါ်နေပြီ... ဗလုံးဗထွေးရေရွတ်လိုက် လေသည်။ ရင်တခုလုံး ဖားဖိုထိုးသကဲသို့ မောဟိုက်လှ၏။ ရေကဆာလှသည်။ ဇီးကင်းခန့် ချွေးစေးများလည်း ပြန်နေသည်။ (တပ်ချုပ်ကြီး..တပ်ချုပ်ကြီး.. ကိုယ်ရံတော်လေး သန့်ရှင်း) အော်.. ကျုပ် သေခါနီးလို့ ငရဲ နိမိတ်တွေထင်နေတာပါလား။ (သန်းရွှေ ဘက်မှ ခံစားတင်ပြသည်။)
ငှဲလျောင်း ငှဲလျောင်း (ဝေသာလီ ပုံနား)

Anonymous said...

Anoymous(Wai Ther Li Ponenar)!
Congratulation ur comment.
KHIT KAUNG LAR YIN THAYAWSAR MAGGAZINE ATOTO HTOKE YA AUNG--At that time no more Literature Kimpeitai-OK? Comrade!!