Thursday, November 15, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၀)

ဟဲလို..တက်စတင် .. ၀မ်း..တူး..သရီး..ဖိုး... ဟဲလို .. ဟယ်လို .. တက်စတင်း .. ၀မ်းတူးသရီးဖိုး .... ပါတဲ့ခင်ဗျ ...။ ဟဲ..လို၊ ဟဲ ..လို.. ။

ရွာစားစိန်ပတ်ရှည် ။ ။ “ ရိုသေလေးစားအပ်ပါသော ဂုဏ်သရေရှိ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီးဒေါ်ကြိုင်ကြိုင် ... ကြိုင် ….ကြိုင်….. ” (ဆက်ကြေညာလို့မရတော့ ..)

လျှာရှည် ။ ။ “ (ပြေးလာပြီးပြော) ဟိုး .. ဟိုး.... ရပ် ..ရပ် ဗိုလ်ချုပ်မှူးကြီးက မင်းကြော်ညာတာကိုစိတ်ဆိုးလို့ ပြန်ကြော်ညာပေးပါတဲ့..ဂုဏ်သရေရှိဆိုတာအရမ်းနုံ့လွန်းတယ်တဲ့..၊ ဒီထက်ကြီးကျယ်တာလေးလုပ်စမ်းပါတဲ့.. မင်းနှယ့်ကွာ ... အခုလူကြီးတွေက ပြောင်လျှာရှည်ဇာတ်ကို တကူးတကကြည့်ချင်လို့နေပြည်တော်ထိ ခေါ်ကခိုင်းတာ နည်းတဲ့အခွင့်အရေးလား ..၊ ကောင်းကောင်း ပြန်ကြော်ညာ ... ”

စိန်ပတ်ရှည် ။ ။ “ အေးအေး .. သိပြီ ..။ ”

စိန်ပတ်ရှည် ဟန်အပြည့်ဖြင့်

“ အင်မတိအင်မတန် ကြီးကျယ်ခမ်းနားပြီးသကာလ .. နှိုင်းစက်စရာမရှိအောင်ရိုသေလေးစားအပ်ပါသော .. ဂုဏ်သရေ ..ဆိတ်သရေ နွားသရေ ခွေးသရေ ဖွတ်သရေ ကြံ့သရေတို့ထက် အဆမတန်ကြီးကျယ်သော ဆင်သရေရှိ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် …….. ”

“ ..ဟိုး .. ဟိုး .. ” (လျှာရှည်ပြေးလာပြန်ရော) ..

လျှာရှည် ။ ။ “ အင်း .. ဆင်သရေကဂုဏ်သရေထက်ကြီးတယ်ဆိုတော့ကြိုက်တယ်တဲ့ ..၊ ဒါပေမယ့် ဇနီးဒေါ်ကြိုင်ကြိုင်ဆိုတာက နုံ့လွန်းတယ်တဲ့ .. ဥပမာ အမရာ.. ကိန္နရီ မဒ္ဒီ သမ္ဗူလ .. အဲ .. အဲဒါတွေထက်သာချင်တယ်တဲ့ .. လုပ်စမ်းပါဦးရွာစားရေ .. ”

စိန်ပတ်ရှည် ။ ။ “ အေး .. အေး .. သိပြီ ” ( ဘာတွေသိသလဲတော့မသိ၊ တစ်ကြော့ပြန်ကြော်ညာ)

စိန်ပတ်ရှည် ။ ။ “ အင်မတိအင်မတန် ကြီးကျယ်ခမ်းနားပြီးသကာလ နှိုင်းစက်စရာမရှိအောင်ရိုသေလေးစားအပ်ပါသော.. ဂုဏ်သရေ ဆိတ်သရေ၊ နွားသရေ၊ ခွေးသရေ ဖွတ်သားရေ ကြံ့သရေ တို့ထက်အဆမတန်ကြီးကျယ်သော ဆင်သရေရှိ.. နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် အမရာကိုသနား ..၊ ကိန္နရီကိုကျော် ..မဒ္ဒီလောက်တော့ပျင်း သမ္ဗူလထက်သာသော ညူကလီးယားပူ ဇနီးဖြူ ဒေါ်ကြိုင်ကြိုင် တို့နှင့်တကွ နိုင်ငံတော်အကြီးအကဲများ ချစ်စွာသောရွှေပွဲလာ ပရိသတ်ကြီးအား ကျွန်တော်များ ပြောင်လျှာရှည် ဇာတ်ရဲ့ အများရွှင်မဲ့နှစ်ပါးခွင်..၊ ကမ္ဘာကျော်ခေါင်းဆောင်မင်းသားချောလေးရဲ့အက..၊ အလှတွေနဲ့ ဟောဒီလိုတင်ဆက်လိုက်ပါရစေ ခင်ဗျား .... ”

(ဟိုးဟိုး) လျှာရှည်ဇာတ်စင်ဒေါင့်ကနေပြေးလာ ...

လျှာရှည် ။ ။ “ ဂွတ်ဗျာ ဗိုလ်ချုပ်မှူးကြီးသဘောကျနေတယ် ..၊ ညူကလီးယားပူဆိုတော့ သမ္ဗူလထက်ပိုပြင်းတယ်၊ ပို.. ထိတယ်တဲ့ ဆုငွေတောင်ချလိုက်သေးတယ် .. ချတော့ကိုယ့်ဆရာ ..။ ”

ရွာစားနေ့တွက်ကိုက်ပြီဆိုတာနဲ့ အင်ထရိုလေပြည်စပြီလေ..။ မင်းသားကိုသိန်းဇော်ရဲ့အလိုက်ကလေးပေါ့ဗျာ...
မင်းသားချောလေးကထွက်မလာသေးဘူး မီးဆလိုက်တွေကတီးလုံးအသံနဲ့အတူ တဖြန်းဖြန်းနဲ့ ကစားနေတာ လွတ်လပ်ရေးနေ့ အောက်မေ့ရတယ် (ကြပ်ပြေးပွဲဆိုတော့ရှယ်ပေါ့ဗျာ..) ပရိသတ်ကြီးကလဲ မင်းသားအထွက်ကိုမျှော်နေတယ်။

ဟော ...၊ ထွက်လာပါပြီဗျာ မင်းသားလား တရုတ်ကားထဲက မေရှောက်ဖုန်လား..၊ မှားလောက်တယ်..၊ မင်းသားတစ်ယောက်ပေါင်ဒါတွေ မျက်နှာတပြင်လုံးဖို့ထားလိုက်တာ..၊ လက်ထဲမှာကလည်း ဒေါ်လာအရွက်တွေကို ပန်းစည်းကိုင်သလိုကိုင်လာလိုက်သေး ..အတုလား၊ အစစ်လား ဘယ်ကရလာလဲတော့မသိ။ ကိုသိန်းဇော်သာ သူ့ကိုမြင်ရင် ဒီတစ်သက် ဇာတ်ကတော့မှာမဟုတ်တော့ဘူး ပရိသတ်ကြီးရေ ..။ ဟော .. ရွာစားတီးလုံး အချိုးလည်းကြရော မင်းသားချော ဆိုကြဲ ကြဲတော့တာပဲဗျာ.. ဒေါ်လာတွေကို..။


မင်းသား ။ ။ “ ကြပ်ပြေးမင်းသားလေး တေ..တေဇနော် တိုင်းပြည်ကအော်..
ကြပ်ပြေးမင်းသားလေး တေ .. တေဇနော် တိုင်းပြည်ကအော် ..
မြန်မာသဘင်စင်မြင့်ပေါ် မိန်းမတွေနဲ့ ပွေလီရှုပ်သနော် ..
မြန်မာ့သဘင်စင်မြင့်ပေါ် အရှုပ်အထုတ်တွေအကုန်လုပ်သနော် ..
အော်ဂလီဆန်ခြိမ့်ခြိမ့်သဲ .. တိုင်းလုံးကျွတ်အော် ...၊ တိုင်းလုံးကျွတ်အော် ... ”

ဂျီးဂျီး .. ဂျီးပေဂျီး ဆိုင်းသံနဲ့အတူ နောက်ကဘယ်ကနေပါလာမှန်းမသိတဲ့ မင်းသမီးတွေ.. (မယုံမရှိနဲ့ ..) များလွန်းလို့ စင်ပြိုကျမှာတောင် ကြောက်ရသဗျာ ...။

မင်းသမီးတွေကလည်းဒီလိုလိုက်အော်သေး ..
မင်းသမီးများ ။ ။ “ ကိုကိုတေရေ .. လုပ်ထား .. ကိုကိုတေရေကြိုးစားထား ... ၀ါး လားလား လားလား ... ။ ”

လျှာရှည် ။ ။ “သြော် .. မောင်ရင်ငတေမိုက်ကမ်းသည် ဆိုတဲ့ဇာတ်ကားကသူအတွက်များရိုက်ထားလားမသိ ..၊ မင်းသားကလည်း နောက်က “မ” သံကြားတော့ ကွေးနေအောင်ကို ကလိုက်တာ..၊ ကဗျာလွတ်မှာ မရှိတဲ့ အကွက်တွေလဲပါသေးတယ်ဗျာ ..။ မင်းသမီးတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက်ဆွဲခေါ်ထုတ်ပြီးတွဲက..။ ဒါကတော့ထုံးစံအတိုင်းနှစ်ပါးခွင်ကိုး ...။ ”

မင်းသားပါးစပ်ကနေပြီးတော့လည်းသူ့ကကွက်တွေကို ဟောသလိုချီးမွမ်းခံထုတ်လိုက်သေးတယ်ဗျာ ...

မင်းသား ။ ။ “ ဟောဒီအကလေးက ရုရှားက သင်လာတာ..၊ ဘဲလေးအကွက်ဗျာ (ပေါင်ဖြဲ ပြီး ခြေထောက်ကို ကွေးချည်နှပ်ချည်လုပ်ပြ) ”

ပြောင်ရှည် ။ ။ “ ပေါင်ဖြဲပြီး ကွေးချည်နှပ်ချည်လုပ်တာ ဘဲလေးတဲ့ဗျာ ..”

လျှာရှည် ။ ။ “ မင်းသားရေ ... ဘဲက လေးလား မလေးလားမသိဘူး ..။ တွဲကနေတဲ့ မင်းသမီးတော့ အတော်လေးနေပြီ ..။ မင်းသားလုပ်သလိုလိုက်မလုပ်နိုင်တော့ မျက်ဖြူဆိုက်နေပြီကြည့်လုပ်ဦး .. ”

မင်းသား ။ ။ “ အို .. ဒါကတော့ နှစ်ပါးခွင် ကိုယ့်ဂွင်ပဲ ကိုယ်လုပ်သလိုလိုက်လုပ်..ဒါပဲ။ ဒါရုရှားဘဲလေးခြေရှုပ်အကခေါ်တယ်..၊ ”

လျှာရှည် ။ ။ “ သြော် .. ရုရှားဘဲလေးကလည်း ဗူးလေးရာ ဖရုံဆင့် အကမျိုးပါလားဗျာ .. ကောင်းပ .. ”

မင်းသား ။ ။ “ ကိုင်း .. လာနောက်တစ်ယောက် ..၊ ဟောဒါလေးကစင်ကာပူအကွက် ” (ထန်းရေ၀ိုင်းမှာ ပဲကြီးလှော် လိုက်ကောက်စားတဲ့ ပုံစံမျိုးနဲ့ မျက်စိစုံမှိတ်ပြီး ကောက်က ကနေ အင်း .. စင်ကာပူကိုး ... )

ပြောင်ရှည် ။ ။ “ မင်းသား .. ကြည့်လဲ ကောက်အုံး..၊ မင်းသမီးထမိန်နားတက်နင်းနေပြီ ..။ မတော်တာတွေပြုတ်ကျမှဖြင့် black list ဖြစ်နေအုံးမယ် .. ”

မင်းသား ။ ။ “ အို .. ပြုတ်ကျရင်ကောက်ပြီးသားပဲ..၊ ဒါစင်ကာပူကကွက် ဒီလိုပဲလာတာ .. ”

ပြောင်ရှည် ။ ။ “ ပြောမရဆက်ကဗျာ ..၊ သြော် .. စင်ကာပူအကွက်ကဒီလိုကိုး .. မှတ်သားလောက်ပါတယ် .. ”

မင်းသား ။ ။ “ ဟောဒါလေးကတရုတ်အကွက်ဗျာ ..၊ လာထား ..၊ နောက်မင်းသမီးတစ်လက်” (ကကွက်ကလည်းဆန်းပ၊ မသာ အိမ်ဖဲဝိုင်းမှာ ကုလားဖန်ထိုးသလိုမျိုး ရပ်ပြီးထိုးလိုက် .. ထိုင်ပြီးထိုးလိုက်)

လျှာရှည် ။ ။ “ မင်းသား .. ကြည့်လည်းထိုးအုံး ..၊ မင်းသမီးမျက်လုံးထိုးမိမှဖြင့် ကန်းနေပါဦးမယ် .. ”

မင်းသား ။ ။ “ အို .. ကန်းကန်း.. စွေစွေစောင်းစောင်း ..၊ အဓိကက အဓိကပဲ ဒီမင်းသမီးကရေခံမြေခံကောင်းတယ်” (၀က်အုံးသီး ကို ချစ်သူဖြစ်ရတဲ့ပုံစံမျိုး)

လျှာရှည် ။ ။ “ အော်တရုတ်အကွက်ကတော့ ရတာယူမဲ့သဘော..၊ တော်တော်ကောင်းပဲ ပရိသတ်ကြီးရေ .. ” (ပရိသတ်ကိုအော် ပြောလိုက်သေး)

မင်းသား ။ ။ “ ဟောဒါလေးက အိန္ဒိယအကွက်ဗျား ..၊ လာထား .. နောက်တစ်လက် .. ” (ခေါင်းတဆတ်ဆတ် ခြေထောက်ကလည်း အငြိမ်ကိုမနေဘူး ..၊ နင်းတာဘယ်ပြောင်းညာပြောင်း ..၊ ပုသိမ်ကကျွဲလယ်ထွန်တဲ့အတိုင်းပါပဲ..၊ ဒေ၀ဒတ်မြေမြိုခါနီး မီးနင်းသလိုပေါ့ ပရိသတ်ကြီးရေ)

ပြောင်ရှည် ။ ။ “ မင်းသားကြည့်လုပ်ပါဦး..၊ မင်းသမီးလည်မျိုတက်နင်းမိပြီး အတောင့်လိုက်ထွက်ကျလာပါဦးမယ် .. ”

မင်းသား ။ ။ “ အို .. သေသွားလည်းအေးတာပဲ ..၊ မထွက် ထွက်အောင်နင်းပြီးကရတယ် ..။ အဲဒါအိန္ဒိယရိုးရာအကွက်ပဲ .. ”

ပြောင်ရှည် ။ ။ “ ကောင်းလိုက်ပါပေ့မင်းသားရယ် ..၊ ဒါကြောင့်လည်း အိန္ဒိယအက ကမ္ဘာကျော်နေတာကိုး .. ”

မင်းသား ။ ။ “ ဟော ..၊ ဒါလေးကယိုးဒယားအကွက်ဗျ..၊ ကိုင်း .. အသဲလေးလာထား ” (ဆိုင်းကလည်းယိုးဒယားတီးလုံးလေးနဲ့ ချွတ်တီးလုံးလေးပေါ့၊ ခြေထောက်ကလေးကိုအငြိမ်ကလေးရွှေ့တာ တချက်တချက်ဟိုကြည့်ဒီကြည့်ပေါ့)

လျှာရှည် ။ ။ “ ဒီတခါငြိမ်လှချည်လား .. မင်းသမီးအိပ်ပျော်သွားဦးမယ် .. ”

မင်းသား ။ ။ “ အင်း .. ဘယ်ချိန်လစ်မလဲချောင်းနေတာ ..၊ လစ်ရင်တွယ်ပြီးသားပဲ .. ”

လျှာရှည် ။ ။ “ နှံ့စပ်ပါပေ့ .. မင်းသားရယ် ..၊ ယိုးဒယားအလစ်ကလေး ကတာ ကြည့်ကောင်းသားဗျာ .. ”

မင်းသား ။ ။ “ ဒီတစ်ခါကတော့.. အာစီယံအကဗျာ ..၊ ကိုင်း .. ရှိသမျှမင်းသမီးအသဲလေးတွေ အတူတူကမယ်ဟေ့ ” (ပြောင်ရှည် သီချင်းဆို .. ဇာတ်မင်းသားမိုးဝင်းအလိုက်လေးပေါ့ဗျာ)

မင်းသား ။ ။ “ တေဇကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

မင်းသား ။ ။ “ ကိုကိုတေဇကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

မင်းသား ။ ။ “ အားနဲ့မာန်နဲ့ ကြိုးစားဝါးလို့လား (အဲလေ ..) ကြိုးစားကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

(မင်းသမီးများကလည်းတေဇဆိုတာ ကြားတာနဲ့ “၀ါး”လို့အော်ပြီးသား ..၊ စည်းချက်ညီပါ့ဗျာ ..။ အကတွေကလည်းစုံပါ့။ (၁၀) နိုင်ငံ အကတွေ ဆိုတော့ ဘာမှန်းတောင်မသိတော့ဘူး..။ သူ့ထက်ငါအပြိုင်ကနေကြတယ် ..။ ဘယ်ကကွက်ကသာမလဲ အကဲခတ်လို့မရ တော့ဘူး။ မင်းသမီးတွေကလည်း တချို့က အင်ဒိုဂျာဘားကျွန်းသူအကတွေ..။ တင်ကိုအသားပေးအကပေါ့ဗျာ..။ တချက်တချက် ရမ်းလိုက်တာများ ..၊ အဲယားပုဂံလေယာဉ်ထက်မြန်တယ်ဗျာ ..။ ဟော .. တချို့ ကလည်း ဖိလစ်ပိုင်လိုခပ်မြူးမြူးအက ..။ ဘယ်လောက်မြူးလဲဆို စင်အောက်တောင်ပြုတ်ကျတော့မယ်ဗျာ ..။ တချို့ကလည်း စင်ကာပူလို ကောက်သိမ်းရိတ်အက..။ အဲဒီအကကတခုတည်းသောရိုးရာကိုးဗျ။ ဗီယက်နမ်ကလည်း အခုထိစစ်ဖြစ်တုန်း..၊ ပြေးလိုက်လွှားလိုက်.. အော်လိုက်ဟစ်လိုက်..။ ခမောက်နဲ့ ကာလိုက် အက ။ ဟော .. မလေးရှားကလည်း သိုင်းပဲချနေတယ် “ စိလတ်အက” တဲ့ဗျာ ..။ အချင်းချင်းမနဲရှောင်နေရတယ်။ ဘရူနိုင်းကတော့ လှုပ်ကိုမလှုပ်တော့ဘူး .. ဘုရားထိုင်ရှိခိုးအကပေါ့ဗျာ ..။ အားပါးပါး..၊ လာအိုနဲ့ ကမ္ဘောဒီယား.. ရာမ သမင်လိုက်တမ်း ကစားနေတာ မြန်မာပြည်က Road Map အတိုင်းပဲ မပြီးတော့ဘူး။
သမင်ကလည်းမသေနိုင်..။ ရာမကလည်း သိုင်းကွက်နင်းပြီး လေးခင်းတုန်း ဘယ်ကိုပစ်ရမှန်းမသိ..။ ဟော ...ကိုရွှေမင်းသားချော ကတော့ ယိုးဒယားအကကိုပဲမောင့်မူပိုင်ရှင်လုပ်ထားလိုက်တာဗျာ..။ အလစ်ကိုချောင်းနေလိုက်တာများ ..
မျက်လုံးနဲ့ နှာခေါင်းပေါ် ရေနွေးအိုးကျိုလို့ရတယ် ..။ သြော်ကြည့်စမ်း ..။ ကျန်တဲ့ (၃) ယောက်သောမင်းသမီးကတော့ မြန်မာပီပီ ဇာတိသွေးဇာတိမာန်အပြည့်နဲ့ (၃) ပွင့်ဆိုင်ပြီး ကြက်ဖခွပ်တမ်းအကနဲ့ ကနေလိုက်တာ မိုးသောက်အာရုံဦး နေထွက်တာတောင်ပြီးမှာ မဟုတ်တော့ပါဘူးဗျာ)

အောက်ကနိုင်ငံတော်အကြီးအကဲဆင်သရေရှိလူကြီးများကလည်း တ၀ါးဝါး တဟားဟားနဲ့ သဘောတွေ့မနောခွေ့ပေါ့ဗျာ ..။ ဒါပေမယ့် သူများကိုသာလုပ်ရဲတာ..။ ကိုယ်တွေကျတော့ ခြင်တောင်အကိုက်မခံနိုင်တဲ့ လူကြီးတွေဆိုတော့ လုံခြုံရေးစိုးရိမ်ပြီး ထပြန်ဖို့လုပ်တော့ မင်းသားလည်း နောက်နေ့မှပဲ မေတ္တာပို့တော့မယ်ဆိုပြီး ဟောဒီသီချင်းလေးနဲ့ မင်းသားငတေဇ ရအောင်ဖားလိုက်သေးတယ်ဗျာ .. ။

(ကိုသိန်းဇော် ရဲ့မေတ္တာပို့အလိုက်လေးပေါ့)

ရွာစားကလည်းအလိုက်သိပ။ (တယ့်နယ်တူနယ်တယ် တယ့်နယ်တူနယ်တယ် ) တူနယ်တယ်နယ်တူနယ်တယ့်နယ်ဗျောင် ..

“ ဗုဒ္ဓဘုရားဟောကြားသော ဗျာဒိတ်တရား ဘယ်မှာရှာမနော် ..
သာသနာပျက် ဘာသာပျက်
နအဖ ကြီးရွာလည်စေနော်
ဘုရားမြတ်ရှင် သားတော်တွေများ
အကုန်လုံးပြောင်လို့ ပြောင်ပါစေနော်
ကျွန်တော်တစ်ဝက် ဗိုလ်ချုပ်တစ်ဝက်
ဝေစားမျှစားနိုင်ပါစေသော်..
ဘာသာမသိ မင်းနှစ်ဖြာ
စိန်တွေကားတွေရစေသော် ... ”

(တယ့်နယ်တူနယ်တယ် တယ့်နယ်တူနယ်တယ် ) တူနယ်တယ့်နယ်တူနယ်တယ့်နယ်ဗျောင်

အဲဒီမှာ လာသမျှပရိသတ်ကြီးက ခွေးသူခိုး ခွေးသူခိုး ခွေးသူခိုး ဆိုပြီး အော်ကြလေတော့သတည်း။ (အဲဒီအချိန်မှာ ဆင်သရေကြီးက အိမ်ရောက်နေလောက်ပြီ)

နောက်အပါတ်တပ်ချုပ်ကြီးအားတဲ့ရက်ကိုရွေးပြီး ကျွန်တော် မင်းသားတေဇက သားများနှင့်အတူ အများချဉ်မယ့်နှစ်ပါးခွင်ကို တွဲကမည် ဖြစ်ကြောင်းပရိသတ်ကြီးကို ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျား .. ။

(ကိုပြောင်ရှည် ရေးသားတင်ဆက်သည်)

6 comments:

Anonymous said...

Koshershay! As usual , WELL DONE again! How come U are so genious! Born or Cultivated? May be both!I do miss MGHtinn> HtinnLinn> Tahwdaswe but more to BoThakhinSaya!

Anonymous said...

အများချဉ်မဲ့နှစ်ပါးခွင်ကိုအရမ်းကြီးကိုရှူမြင်ချင်လှပါပြီ။

Unknown said...

u r so genius

Unknown said...

lolzzz... ko shershay... u r the bestest!!!

Anonymous said...

Very Good , Keep it up , you are genius!!!

TharKiNwe said...

ကိုလျှာရှည်
ခင်ဗျား ဇာတ် အလွန်ကောင်းပါသည်။
စိတ်လက်ပေါ့ပါးပြီး ရီရသည့် အတွက် ခင်ဗျားရဲ့ အနုပညာ အရည်အချင်းအား အလွန်လေးစားပါသည်။

သင့်