Friday, November 2, 2007

ပြောချင်လွန်းလို့ (၉)

ကဲ .. ဒီတစ်ခါ မော်စကိုဘက် ခဏ အလည်သွားရအောင်။ အလည်သွားမယ်ဆိုလို့ အထင်ကရနေရတွေခေါ်သွားမယ်မထင်ပါနဲ့..၊ ရတာ လေးက (၂၅၀) ဆိုတော့ကိုယ်တောင်လျှောက်မသွားရဲဘူး။ ပြောချင်တာလေးတွေလျှာထပ်ရှည်မလို့ပါ။ အဲဒီလျှာ..ရှည်လို့တချို့လည်း တော်တော်သောက်မြင်ကပ်နေကြပြီ။ ဟိန်းလားဟောက်လား၊ ခြိမ်းလားခြောက်လားနဲ့ပေါ့ဗျာ။ အင်း.. အဲဒါကလည်းမြန်မာပြည်မှာက တည်းကပါလာတဲ့သောက်ကျင့်တွေပဲကိုး။ အထဲမှာတုန်းကတော့ မြင်းလှည်းသမား၊ ဆိုက်ကားသမား၊ ပေါတာနဲ့၊ ဟိုဟာမတွေကို ဟောက်ခဲ့သမျှ၊ မော်စကိုရောက်တော့ အကျင့်ကဖျောက်မရ၊ တွေ့တဲ့ရုရှားတိုင်းလည်း၊ အထဲမှာတုန်းကလိုသွားလူပါး ၀ လို့မရပြန်၊အဲဒီ တော့ရတဲ့နေရကနေ စွာတော့ပြန်တာပဲ။ ရလားလို့ဆိုတော့လည်း၊တွေ့သမျှအွန်လိုင်းကပုဂ္ဂိုလ်တွေက၊ကိုယ့်ထက်စွာတဲ့သူချည်း၊ လာမိ တာမှားတယ်လို့တောင်ထင်နေကြပြီတဲ့၊ တချို့ပြောတာပါ။ အရင့်အရင်နောင်တော်ကြီးများကတော့ဆိုဆုံးမကြတာပဲ။ ဘယ်လိုနေ၊ဘယ် လိုထိုင်၊ နေရာတိုင်းသွေးမကြွနဲ့ဆိုတာလေ။

သို့သော် အရွယ်လေးကလည်းကြွလို့ကောင်း၊ အပွင့်လေးတွေကလည်းပြောင်ပြောင်နဲ့ဆိုတော့၊ ကြွမယ်ဆိုလည်းကြွချင်စရာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးအရင်တစ်နေ့ကပဲ တိုင်းပြည်အပေါ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကို ထပ်ဆင့်တင်ပြခဲ့ပြီးပြီ။ ဒေါက်တာနိုး ဆိုသူကိုတော့တော်တော်ကျေးဇူးတင်ပါဘိ။ ပြောသာပြောရတာ ဒီသမိုင်းကြောင်းနဲ့ ဒီလိုစကားမျိုးတွေကို ဆိတ်ဗိုလ်တွေမပြောနဲ့၊ သူတို့ အဘတောင် အကုန်မေ့ပစ်ထားကြတာကလား။ ခက်ပါဘိတော့။
ထားလိုက်ပါတော့..။ အခုနဲနဲပါးပါးပြောချင်တာလေးတွေက မည်သူ့ကိုမျှမရည်ရွယ်ပါ။ ယေဘုယျ၊ တော်တော်များများကြုံတွေ့နေရတာ လေးတွေဆိုပါတော့။ မဟုတ်ပါဘူးငြင်းချင်လည်း ဘလော့တစ်ခုဖွင့်ပြီးသာငြင်းပေတော့။ ဒို့မြန်မာတွေအားလုံးသိကြရတာပေါ့။ နို့မို့ဆို တစ်ယောက်တည်းလျှောက်ပြောနေသလိုဖြစ်နေဦးမယ်။ မော်စကိုမှာစာသင်ရတဲ့အခါ ဘယ်သို့ဘယ်ပုံလေးတွေရှိတတ်ကြတယ်ဆိုတာ လေးတွေပါ။ ထောင်ဂဏန်းကျော်တဲ့ မြန်မာကျောင်းသားတွေအားလုံးအတွက်၊ မတူညီကွဲပြားကြတဲ့ သူတို့တွေရဲ့ ပညာသင်ကြားကြရ တဲ့ပုံစံလေးတွေဆိုပါတော့။ ထိုင်းလို၊ စင်္ကာပူလို၊ ပြီးတော့အရှေ့အနောက်နိုင်ငံကြီးတွေက တက္ကသိုလ်ကြီးတွေမှာ ပညာသင်နေတာမ ဟုတ်တော့ အဲဒါတွေနဲ့မနှိုင်းတတ်ပေဘူးပေါ့။ အဲဒါကြောင့် ဒီမှာတွေ့ရ၊ကြုံရသိရတဲ့ Only Moscow သက်သက်ပဲ။ တော်ကြာနေစိန့်ပီ တာစဘတ်ကဒီလိုဆိုပြီး ကန်ငြင်းနေမှာစိုးလို့။ တကယ်လို့များ၊ အရှေ့အနောက် တက္ကသိုလ်အသီးသီးမှာပညာသင်နေကြတဲ့ မြန်မာလူ ငယ်များဖတ်မိရင် ကိုယ့်ဘာသာကိုယ် နှိုင်းယှဉ်စဉ်းစားကြည့်ကြပေါ့ဗျာ။ ဘယ်သူသာစေ၊ နာစေလို့မရှိတဲ့အကြောင်းကြိုပြောထားလိုပါ တယ်။
ပထမဆုံးပညာတော်သင်လာခဲ့ကြတဲ့ နောက်ခံအခြေအနေကို ကြည့်ကြရအောင်ပါ။ စစ်အစိုးရကတော့ နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆိုပြီးနာမည်လှလှလေးပေးလို့ လွှတ်ထည့်လိုက်တာပဲ။ နဲနဲနောနောမဟုတ်၊ တစ်ခါသွားလူ(၃၀၀)။ တရုတ်တို့၊ အိန္ဒိယတို့ကို မဆိုလိုဘူး နော်။ ရုရှားတစ်ခုတည်းပြောတာ။ အဲဒီလိုမသွားခင်မှာ ကျောင်းသားတစ်ဦးချင်းစီဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ပညာရပ်ခေါင်းစဉ်ကို ကိုယ် တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ တလွဲကိစ္စကြီးကနေစရမှာပဲ။ ဘာလို့အဲလိုပြောရသလဲဆိုတော့..၊ ကျောင်သားတစ်ဦးဟာ Chemistry အထူးပြုနဲ့အောင်မြင်ပြီးဆုံးခဲ့တယ်ဆိုပါတော့။ ဖြစ်သင့်တာက သူဟာ နောက်ဆက်လာမဲ့သူ့ပညာရေးအတွက် Chemistry နယ်ပယ်မှာပဲဖြစ်သင့်တယ်မဟုတ်လား။ ခြွင်းချက်တွေတော့ ရှိကြမှာပေါ့လေ။ ဒီခေတ်ကြီးကလည်း၊ Pure Chemistry, Pure Physics ဆိုတာပြောရခက်တာကိုး။ (၁၀) တန်းအဆင့်ပြောတာမဟုတ်ဘူး။ မဟာဘွဲ့ကိုပြောတာ။ နားလည်သလောက်ပါ။ နားမလည်နိုင်လွန်းဖြစ် ရတာက Chemistry နဲ့ဘွဲ့ရတဲ့ကျောင်းသားက Rocket Design အထူးပြုနဲ့သင်တန်းတက်ရမယ်ဆိုလို့ပြောတာ။ အဲဒီခေါင်းစဉ်မှာ Chemistry နဲ့ပတ်သက်တာမရှိဘူးမဟုတ်ဘူးလေ။ Fuel အပိုင်းဆိုဟုတ်တုတ်တုတ်။ အခုဟာက Mechnical နဲ့ဆိုင်တာ၊ Physics နဲ့ ဆိုင်တာ။ ဘယ်လိုလုပ်ကြမတုန်း။ ကြားရတာနဲ့ဖျားတယ်။ ညံ့တယ်ပဲပြောပြော သံချောင်းနဲ့ အုတ်နံရံကို ဂဟေဆက်ဖို့တော့အချိန်ကုန်ခံ ကြိုးစားမနေချင်တော့တာကိုပြောတာပါ။ အချိန်ကအရေးကြီးတယ်လေဗျာ။ တချို့နေရာတွေမှာတော့ ရှိချင်ရှိမှာပေါ့။ အထူးလိုအပ်ချက် တို့၊ အထူးခြွင်းချက်တို့။ ရှိသေးတယ်၊ Chemistry နဲ့ပြီးတယ်။ ဆက်ယူရမှာက Nuclear Physics တဲ့။ Physics နဲ့ BS.C ရခဲ့လို့ Computer Science တို့ Computer Technology ဆက်လုပ်ရမယ်ဆိုရင်တော့ တမျိုးလေ။ မှန်တာပြောရရင် ခေါင်းစဉ်တောင်တော် တော်များများနားမလည်ကြဘူး။ ဒါပေမယ့် အေးဆေပဲ။ ရသလိုကြိတ်နေရတာပဲ။ တော်သေးတယ် Chemistry နဲ့ပြီးပြီး Law ဆက်မ တက်ခိုင်းလို့။ ဖြစ်နေတာပြောတာပါ။ ဘာပဲပြောပြောချီးကျူးဖို့တော့ ကောင်းပါ့ပေ့။ ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်ကို လုပ်နေကြတာ။ ဖြစ်သွားမှာပါလေ၊ နောက် အနှစ် (၁၀၀)။ မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိ ဆိုသလိုပေါ့။
ဟုတ်ပြီ။ ငြင်းလို့မှ မရတာ။ အထက်ကပေးတဲ့ အမိန့်လေ။ ကျေပြွန်စွာ ထမ်းဆောင်ရမှာပေါ့။ အရင်က B.Sc တောင်ကျမ်းကြေအောင် သင်ခဲ့ဖူးတာပဲ။ ဗမာပြည်မှာပြောတာ။ အဲဒီတော့ဘာဖြစ်လဲ။ ဘာမှဖြစ်ဘူးး...။ စာမေးပွဲဖြေစမ်း။ အောင်တာပဲ။ အောင်မှာပေါ့။ ရုရှား တက္ကသိုလ်တော်တော်များများက မြန်မာကျောင်းသားတွေအတွက် အထူးစပယ်ရှယ် သင်ရိုးညွှန်းတမ်းအသစ်တွေ ပြန်ဆွဲထားတာကိုး။ ရုရှားကျောင်းသားတစ်ယောက်ကပြောဖူးတယ်။ မင်းတို့မကျနိုင်ဘူးတဲ့။ ဟုတ်ပ၊ ကျဘူး..။ သင်ရိုးညွှန်းတမ်းတင်မဟုတ်၊ သင်နည်းစံနစ် နဲ့၊ အမှတ်ပေးစည်းမျဉ်းတောင် အထူးပြန်လုပ်ထားတာ။
နောက်တမျိုးရှိသေးတယ်။ မြန်မာ့နည်း မြန်မာ့ဟန်။ မကြာခင်နှစ်သစ်ကူးတော့မယ်လေ။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတွေအကြီးအကျယ် လုပ်၊ ကျောင်းတွေ တပါတ်ဆယ်ရက်ပိတ်မယ်။ အဲဒါပြီးရင်စာမေးပွဲတွေလာမယ်။ နှစ်လယ်စာမေးပွဲခေါ်ရမှာပေါ့။ ဆိုတော့၊ အဲဒီနှစ်သစ် ကူးပွဲတွေမှာ ၀ိုင်ပုလင်း၊အရက်ပုလင်း၊ ဆရာမဆိုရင်လည်း၊ ချော့ကလက်တို့၊ ပန်းတို့လက်ဆောင်ပေးကြတာပေါ့ဗျာ။ ဒါဟာကောင်း တယ်ဗျ။ ဆရာကိုဆရာမှန်းသိတာပဲမဟုတ်လား။ ခက်တာက ရုရှားတွေက အဲဒီယဉ်ကျေးမှုကို တော်တော်စိမ်းတယ်။ ဟိုးအရင်ကဆို ရုရှားဆရာတွေ ဒီလိုအပေးခံရရင် မျက်လုံးပြူးတယ်တဲ့။ အားလုံးတော့မဆိုလိုဘူးနော်။ မြန်မာတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ ကိုပြောတာပါ။ သူတို့ မှာလည်းရှိပါတယ်။ ဒီလိုမျိုးတော့မဟုတ်ဘူးပေါ့။ သာမန်မွေးနေ့လို၊ အမျိုးသမီးနေ့လို၊ ပျော်ရွှင်ကြည် နူးဖို့ကောင်း တဲ့ အထိမ်းအမှတ်။ နောက်ကွယ်လွန်သူကို ရည်စူးတဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ်လိုပေါ့။ ပန်းအရေအတွက် မဂဏန်းနဲ့၊ စုံဂဏန်းကို၊ ၀မ်းနည်း၊ ၀မ်းသာ ခွဲခြားသတ်မှတ်ပေးကြရတာ။ “စုံ” ကဘယ်ဟာ၊ “မ” ကဘယ်ဟာတော့ခွဲခြားမှတ်မထားမိဘူး။ အခုအရေးမကြီးလို့ နောက်မှပြန်မေးလိုက်ဦးမယ်။ ဘာပဲဖြစ်ဖြစ် မြန်မာကျောင်းသားတွေ ဒီလိုပေးလေ့ရှိတော့၊ တဦးမေတ္တာ တစ်ဦးမှာလေ။ ဆရာတော် တော်များများကတော့ မေတ္တာကို မေတ္တာနဲ့တုံ့ပြန်ကြတာပါပဲ။ ဒါကောင်းတဲ့ အပြုအမူပဲလေ။ အဖွဲ့လိုက်၊ ကျောင်းအလိုက်ပေးကြတဲ့ အပြင်၊ တစ်ဦးတစ်ယောက်ချင်းလည်း ကိုယ့်ဆိုင်ရာ Professor , Dean စသဖြင့်ပေးလို့ရသေးတယ်။ ရုရှားတွေမရိုင်းကြပါဘူး။ လက်ခံ ကြတာများပါတယ်။
အင်း.. စာမေးပွဲမဖြေခင် ကြိုးစားကြတဲ့အချိန်ကာလကို ကြိုပြောမိသလိုဖြစ်နေပြီ။ စာကြိုးစားတာပြောတာပါ။ သင်တန်းတွေတက်ရတာ မပြောရသေးဘူး။ ဒါကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း၊ တစ်ဦးနဲ့ တစ်ဦး ကွဲပြားသဗျ။ တက္ကသိုလ်မှာ မဟာဌာနတွေရှိပြီးတော့၊ အဲဒီ မဟာဌာနတွေကို ဌာနလေးတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။ အဲလိုမျိုးဖွဲ့စည်းတာ တစ်ကမ္ဘာလုံးအတူတူဖြစ်ကြမှာပါ။ မြန်မာပြည် မှာတော့ ပိုကောင်းတယ်။ ဌာနတင်မဟုတ်၊ တက္ကသိုလ်တွေတောင် မြို့တိုင်းမှာဖွင့်ထားနိုင်တာ။ အဲ..ပြန်ပြောရဦးမယ်။ ကျောင်းသားတစ် ဦး၊ ဒါမှမဟုတ်တစ်ဖွဲ့ဟာ သူတို့သင်ယူရမဲ့ဌာနတစ်ခုခုကိုရောက်သွားတယ်ဆိုပါတော့။ တကယ်လို့ အဲဒီဌာနမှာ ကျောင်းသားတစ်ဦး တည်းဆိုရင် များသောအားဖြင့် Professor ကသူတစ်ယောက်တည်းအတွက်အချိန်မပေးတော့ဘူး။ ဒါကတော့ပုံမှန်အခြေအနေပဲဆိုပါ တော့။ ထုံးစံအတိုင်း၊ နိုင်ငံခြားသားရော ရုရှားရော ရောသင်တာပဲ။ အစောပိုင်းကာလတွေမှာပြောတာပါ။ သူသင်ရမဲ့ ဘာသာရပ်အား လုံးကို လိုအပ်ရင်မြန်မာအုပ်စုနဲ့ဖြစ်စေ၊ ရုရှားအတန်းတွေမှာဖြစ်စေ၊ သင်ယူရတာကိုပြောတာ။ အတန်းမြင့်လာတဲ့အချိန်မှာတော့မှသာ Professor ကတာဝန်ယူသင်ပေးတာပေါ့။ အုပ်စုလိုက်သင်ရတဲ့အကြောင်းကိုတော့ နောက်ပြောပြပါ့မယ်။
အဲဒီအချိန်မှာ ကြုံတွေ့ရတဲ့ အကြီးမားဆုံးအခက်ခဲက ဘာသာစကားပဲ။ အရင်ကအေးဆေးဆိုပြီး ဖရီးရိုက်လာတဲ့လူတောင်နောင်တရ ကြတာပေါ့။ သေချာလုပ်ခဲ့တဲ့လူလည်း ညည်းရတာပဲ။ ဘယ်ဆရာကမှ မြန်မာကျောင်းသားတွေကို အင်္ဂလိပ်လို သင်မပေးဘူး။ ပြီးခဲ့တဲ့ နှစ်ကတော့ PhD အတွက်လာ ပြင်သစ်ကနေ ခဏလာတဲ့ကျောင်းသားတစ်ယောက်ကို အင်္ဂလိပ်လို သင်နေ ပြောနေတာကိုတွေ့ဖူးပါ ရောလား။ ဘာကြောင့်လဲတော့ မသိဘူး။ များသောအားဖြင့် ရုရှားဆရာတွေ၊ ရုရှားပညာရှင်တွေဟာ ကိုယ့်အမျိုးသားစကားပဲပြောကြ တာများတယ်။ ရုရှားဘာသာစကားကိုအချိန်မလုံလောက်ပဲ သင်ယူခဲ့ရတဲ့ မြန်မာကျောင်းသားတွေဟာ အချိန်တန်ဘယ်လိုပဲ အောင်ခဲ့ အောင်ခဲ့၊ အတန်းကြီးလာလို့ Professor ကြီးတွေရှေ့ရောက်ရင် ကွဲကြတာပဲ။ ထားပါ။ ကိုယ့်ဘာသာစကားမဟုတ်လို့ ရာနှုန်းပြည့်နား မလည်တော့ ဆရာလုပ်တဲ့သူက ဘယ်လောက်ပဲသင်ပေးချင်ဦး၊ သူပေးတိုင်းကိုယ်မရတဲ့ ပြဿနာဟာ မြန်မာတွေကြုံကြရတာပဲ။ အဲဒါ အတွက် ဆိတ်ဗိုလ်များကမဟုတ်ပါဘူး၊ မမှန်ပါဘူးငြင်းချင်ရင်လည်း ပြောပြီးပြီ။ ဘလော့ဖွင့်ပြီးသာငြင်းပေတော့။
အတန်းကြီးလာတဲ့အခါ ဆရာအနေနဲ့က သူ့တပည့်ဟာ ရုရှားဘာသာစကားကို သေချာတတ်မြောက်ခဲ့ပြီးပြီလို့ ယူဆထားတယ်။ နား လည်မပေးတဲ့ဆရာ ဆိုရင် သူ့အလုပ်သူလုပ်သွားတာပဲ။ ရတာမရတာ ကိုယ့်တာဝန်၊ ကျွန်တော်ဘာဖြစ်လို့၊ ညာဖြစ်လို့သွားမပြောလေ နဲ့။ ရုရှားဘာသာစကားသင်တဲ့အခါမှာ နောက်ဆက်တွဲ မိမိသင်ယူမဲ့ဘာသာရပ်နဲ့ ဆိုင်တဲ့ Technical Term တွေကိုတတ်နိုင်သလောက် ကြိုသင်ပေးလိုက်ပြီးသား။ အဲဒါကြောင့် လည်တာ မလည်တာ Professor အလုပ်မဟုတ်။ ရအောင်သာလိုက်ပေတော့။ ဟိုးအရင်အစော ပိုင်းကာလတွေက ဒီပြဿနာတွေကိုကြုံရလွန်းတော့ ဘယ်လိုညှိလိုက်ကြတယ်မသိပါဘူး။ အများစုကတော့ နောက်ပိုင်းမှာ နားလည်ပေး ကြတယ်။ ရုရှားတွေက အာကာသကိုသာတက်တတ်ကြတာ၊ နားလည်မှုဆိုတာတော့ မြန်မာတွေသင်ပေးလို့ တတ်ကြရတာကလား။
အမှန်တကယ် တိတိကျကျ တတ်ဖို့အတွက် နောက်တစ်ခုလိုအပ်တာက အချိန်။ ရုရှားဆရာတွေကပြောဖူးတယ်။ မြန်မာတွေကိုစာသင် ရတဲ့ Plan ဟာသီးသန့်ဖြစ်တာကို ဆိုလိုတာ။ နည်းပညာကိုသင်ယူဖို့ရာ၊ ဘာသာစကားကိုကောင်းကောင်း တတ်ဖို့လိုတယ်။ တော်ရုံမရ ဘူး။ ရုရှားလောက်နီးနီးရဖို့ဆိုတာ ကလည်း (၅) နှစ်လောက်အချိန်ပေးရမယ်။ တစ်ပတ်မှာ ဘယ်နှစ်နာရီ သင်လို့၊ ဘယ်အချိန်မှာ ဘယ် လိုစာမေးပွဲစစ်ကာ၊ ဘယ်လိုတတ်ဖို့ အတွက် အချိန်ဘယ်လောက်ရှိရမယ်ဆိုတာ၊ သူတို့မှာ Schedule ရှိပြီးသား။ မြန်မာကျောင်းသား တွေနဲ့ တွေ့တော့မှ ရုရှားဆရာတွေလည်းပွဲပျက်ကုန်တာ။ မတတ်နိုင်ဘူးလေ။ မစ္စတာပူတင်ကြီးက မြန်မာတွေအတွက် ဘယ်လိုမူဝါဒ တွေချမှတ်ကျင့်သုံးနေလဲမှမသိတာကိုး။ အဲဒီတော့ ဘယ်လိုလုပ်ရလဲ။ နဂိုကမှ ကိုယ့်တိုင်းပြည်မှ အာရှအဆင့်တောင်မမှီတဲ့ ပညာရေး နဲ့၊ တစ်ခါ ကျွန်တော်တို့ဟာ အင်ဂျင်နီယာဘွဲ့ရတွေပါလို့ သူများဆီမှာ လိမ်ညာပညာသင်နေရတဲ့ ဘ၀ဆိုတော့၊ ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲပေါ့။ ထပ်ပြောမယ်။ အားလုံးမဟုတ်ဘူးဆိုတာ။ အများစုဖြစ်နေတာပြောပြတာ။
တကယ်လို့ ဌာနတစ်ခုတည်းမှာ မြန်မာကျောင်းသားတွေ အစုလိုက် အဖွဲ့လိုက်သင်ရတဲ့ အနေထားဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမျိုး ကျတော့ အနောက်နိုင်ငံတွေမှာ တက်နေတဲ့ မြန်မာတွေသိပ်ကြုံရမယ်မထင်ဘူးဗျ။ (၃)ယောက်လောက်ပဲဆိုပါတော့။ အဲလိုမျိုးဆိုရင် စောကတည်းက ဌာနကနေပြီးတော့ Group လေးတစ်ခုဖွဲ့၊ Class တစ်ခုအနေနဲ့ သီးသီးသန့်သန့် သင်ပေးနိုင်တာပေါ့လေ။ သူတို့သတ် မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအပြင် လိုအပ်မယ်ထင်တဲ့ ဘာသာရပ်တွေ၊ ကျောင်းသားတွေ အောက်သက်မကြေခဲ့တဲ့ ဘာသာရပ်လေး တွေကို စီစဉ်ပြီးသင်ပေးတယ်ခင်ဗျ။ အဲလိုမျိုးကျတော့ နဲနဲ တည်ငြိမ်တယ်ပြောရမယ်။ တခြားနိုင်ငံခြားသားမပါတော့ဘူး။ ကိုယ်တွေအ ချင်းချင်း တစ်ဦးနဲ့ တစ်ဦး ဖေးဖေးမမပေါ့လေ၊ မေးမြန်းဆွေးနွေးနိုင်တာပေါ့။ စုစုစည်းစည်းနဲ့ ကိုယ်မသိတာလေးတွေကို Professor ကို ချဉ်းကပ်မေးမြန်းနိုင်တာပေါ့။ အဲလိုမျိုးကတော့ ဘယ်ဆရာမဆိုမေးလို့ရပါတယ်။ ခက်တာက ကိုယ်ကဘာမေးရမှန်းသာမသိတာ။ သင် ခန်းစာတစ်ခုခုပြီးရင် ပြန်မေးခွင့်ဆွေးနွေးခွင့် ပေးတာပဲ။ ငယ်ငယ်လေးထဲက ရင်းနှီးလာတာက သူကသင်သွား၊ ကိုယ်ကလိုက်ရေးမှတ်၊ အိမ်ရောက်ရင် အဲဒါရအောင်၊ မှန်အောင်တွက်ချက်၊ အချိန်တန် ပေးထားတဲ့ စာမေးပွဲမေးခွန်းမှန်အောင်ဖြေ။ ဒီလိုပဲပြီးခဲ့တော့။ လွဲပြီပေါ့ မော်စကို.....။
(ဒီမှာပဲ တ၀က်တပျက်ရပ်ထားပါရစေ။ နောက်တပါတ်မှာ ဆက်ရေးဖြစ်ပါလိမ့်မယ်ခင်ဗျာ)

No comments: